
ငွေကြေးခဝါချမှုကိုကာကွယ်ရန် မြန်မာ့ရွှေ ပြည်ပတင်ပို့ရာတွင် ငွေလွှဲငွေပေးချေမှုအတွက် ဘဏ်အချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် ဘဏ်ငွေလွှဲစာတမ်းစနစ် (Letter of Credit- LC) ကိုသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၃ တွင် သတင်းထုတ်ပြန်သည်။
၂၀၁၈ ဇန်နဝါရီ ၂၂ မှစ၍ ရွှေနှင့် လက်ဝတ်ရတနာများကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုခဲ့ပြီး ဘဏ်ငွေလွှဲစာတမ်းစနစ် (LC) နှင့် ကြေးနန်းငွေလွှဲပို့စနစ် (Telegraphic Transfer-TT) နှစ်မျိုးစလုံးဖြင့် ငွေပေးချေခွင့်ပြုခဲ့သည်။
ကြေးနန်းငွေလွှဲပို့စနစ် (TT) သည် ကုန်ပစ္စည်းရောက်ရှိပြီးမှ ငွေချေရခြင်းဖြစ်ပြီး ဘဏ်ငွေလွှဲစာတမ်းစနစ် (LC) သည် ရောင်းသူနှင့် ဝယ်သူကြားတွင် ဘဏ်နှစ်ခုကိုကြားထားကာ ကုန်ပစ္စည်းအရောင်းအဝယ်စာရွက်စာတမ်း၊ သင်္ဘောတင်အထောက်အထားတို့ စစ်ဆေး၍ ငွေပေးချေသည့်စနစ်ဖြစ်သည်။
ပြည်ပသို့ ရွှေတင်ပို့မှုမှ တရားမဝင်ငွေကြေးဝင်ရောက်မှုကို စိစစ်ရန်လိုအပ်သဖြင့် ဘဏ်ငွေလွှဲစာတမ်းစနစ်ကိုသာ ခွင့်ပြုခြင်းဖြစ်သည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ဝင်ဖြစ်ပြီး ယင်းအဖွဲ့အစည်း၏ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial action Task Force- FATA) ၏ စံနှုန်းများအရ မြန်မာသည် ငွေကြေးခဝါချမှုမီးခိုးရောင်စာရင်းတွင်ပါဝင်နေသည်။
ငွေကြေးခဝါချမှုမီးခိုးရောင်အဆင့်ဆိုသည်မှာ ငွေကြေးခဝါချမှုတိုက်ဖျက်ခြင်းနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုလုပ်ငန်းစဉ်များတွင် အမည်ပျက်စာရင်းသွင်းရန် စောင့်ကြည့်ခံရသည့်အခြေအနေဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် FATA ၏ ငွေကြေးခဝါချမှုစောင့်ကြည့်စာရင်းမှ လွတ်မြောက်ခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းတွင် စောင့်ကြည့်စာရင်းတွင် ပြန်လည်ထည့်သွင်းခံခဲ့ရသည်။
ဘဏ်ငွေလွှဲစာတမ်းစနစ် (LC) ဖြင့် ရွှေပြည်ပတင်ပို့ရာတွင် ရောင်းသူဝယ်သူသည် သတ်မှတ်ထားသည့်ဘဏ်တွင် စာရင်းဖွင့်လှစ်ရပြီး ကုန်ပစ္စည်းပို့ဆောင်ရာတွင်လည်း ပို့ဆောင်ထောက်ပံ့ရေးကုမ္ပဏီများ၊ အာမခံကုမ္ပဏီများဖြင့် ချိတ်ဆက်တင်ပို့ရသဖြင့် ကုန်ကျစရိတ်များပြီး ငွေလက်ခံရရှိရန် တစ်လခန့်ကြာမြင့်သဖြင့် အဆင်မပြေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ရွှေစျေးသည် နေ့စဉ်အတက်အကျမြန်ဆန်သဖြင့် ငွေပေးချေမှုမြန်ဆန်သည့် ကြေးနန်းငွေလွှဲပို့စနစ်သာ ပိုအဆင်ပြေကြောင်း၊ TT စနစ်ဖြင့် တင်ပို့ခွင့်မပြုတော့ကြောင်းကို ယခုမှ တရားဝင်ထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းကတည်းက ပိတ်ပင်ထားခဲ့သဖြင့် ရွှေပြည်ပတင်ပို့မှုရပ်တန့်နေကြောင်း ၎င်းက ဆိုသည်။
“တစ်လလောက်ကြာသွားရင် ရောင်းထားတဲ့ရွှေက စျေးကျနေရင်တော့ ပြဿနာမရှိဘူးပေါ့။ စျေးတက်နေလို့ရှိရင် ဒီဘက်မှာရောင်းတဲ့ကုမ္ပဏီက ရှုံးသွားတယ်ပေါ့။ ဝယ်တဲ့လူကလည်း သူတို့ဆီမှာ ရွှေစျေးက ဆက်တက်နေရင် မြတ်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ တစ်လလောက်ကြာမှ ပစ္စည်းကရောက်သွားရင် စျေးကျပြီး အရှုံးဘက်ကို ရောက်သွားပါတယ်။ ဒါကြောင့်မို့ LC စနစ်က အဆင်မပြေပါဘူး” ဟု ဦးမျိုးမြင့်က ပြောသည်။
မြန်မာ့ရွှေကို ဂျပန်နှင့် ကိုရီးယားသို့ စတင်တင်ပို့နေပြီး ငွေပေးချေမှုစနစ်အဆင်ပြေပါက ရွှေအရောင်းဆိုင်များ၊ ရွှေတူးဖော်သည့်ကုမ္ပဏီများနှင့် ကုမ္ပဏီများက နိုင်ငံခြားဝယ်လက်များနှင့်ချိတ်ဆက်ကာ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချလိုကြောင်း ၎င်းကဆိုသည်။
“ရွှေတင်ပို့မယ့်လူတွေက အားလုံးတင်ပို့ချင်တာပဲ။ ဒါပေမယ့် သူတို့ (အစိုးရ) က ခွင့်မပြုတော့လည်း ဘယ်သူမှ အုတ်နံရံ ခေါင်းနဲ့ မတိုက်တော့ဘူးပေါ့” ဟု ဦးမျိုးမြင့်က ပြောသည်။
ရွှေပြည်ပတင်ပို့ခွင့်ပြုသည့်အချိန်မှစ၍ ရွှေလက်ဝတ်ရတနာတင်ပို့မှု လေးကြိမ်သာရှိသေးပြီး တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၄၀,၀၀၀ တန်ဖိုးရှိကြောင်း၊ ရွှေတုံးရွှေခဲအဖြစ် အကယ်ဒမီသန့်စင်ရွှေ ၁၀ ပိဿာခန့်တင်ပို့ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က Myanmar Now ကို ပြောသည်။
“ရွှေတုံးရွှေခဲနဲ့ပတ်သက်ပြီး (တင်ပို့မှု) မရှိဘူး။ Souvenir (လက်ဆောင်ပစ္စည်း) နဲ့ သွားတာတော့ ရှိပါတယ်။ ဒါလေးတွေကလည်း သိပ်ဖြစ်ဖြစ်မြောက်မြောက်တော့ မဟုတ်သေးပါဘူး။ အခုမှ စျေးကွက်ကို ချဲ့နေတုန်းပဲ ရှိပါသေးတယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာ့ရွှေကို ပြည်ပသို့မတင်ပို့နိုင်သဖြင့် နိုင်ငံတကာရွှေစျေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်းရွှေသည် စျေးအနှိမ်ခံရကြောင်း၊ ကြေးနန်းငွေလွှဲပို့စနစ် (TT) ခွင့်မပြုပါက ရွှေတင်ပို့ရာတွင် အခက်ကြုံလာမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။