ဧရာဝတီတိုင်း ပုသိမ်ထောင်တွင်းသပိတ်တွင် ပါဝင်မှု စွပ်စွဲချက်ဖြင့် အကျဉ်းသား ၆၃ ဦးကို ထောင်တွင်းတရားရုံးက နောက်တိုးထောင်ဒဏ် ၃ နှစ်မှ ၆ နှစ်အထိ ချမှတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောသည်။
၎င်းတို့ကို ပြည်သူ့ဝန်ထမ်းများကို နာကျင်စေမှု၊ အပြင်းအထန်ဒဏ်ရာရအောင်ပြုလုပ်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု စသည့်စွဲချက်များဖြင့် အမှုဆင်ခဲ့ပြီး သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ထောင်ဒဏ်များချခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောသည်။
နိုင်ကျဉ်း ၄၇ ဦးကို ထောင်ဒဏ် ၃ နှစ်စီ တိုးခဲ့သည်၊ ၆ နှစ်စီ အမိန့်ချခံခဲ့ရသူ ၁၆ ဦးကို သီးသန့်တိုက်ဝင်းထဲတွင် ခွဲထားသည်ဟုလည်း ကိုသိုက်ထွန်းဦးက ဆိုသည်။
ထောင်တွင်း ရိုက်နှက်ညှဉ်းပန်းခံနေရသည့် နိုင်ကျဉ်းတို့၏ တောင်းဆိုမှုများကို ထောင်ဆူသည်ဟုဆိုကာ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းပြီးနောက် အမှုဆင်ခြင်းသည် ဖိနှိပ်လိုသည့်ထောင်အာဏာပိုင်တို့၏ အကြောင်းပြချက်သာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဧရာဝတီတိုင်းမှ ပုသိမ်ထောင်တွင်းသပိတ်သည် ၂၀၂၃ ဇန်နဝါရီ ၅ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောင်ထဲတွင် သေဒဏ်ပေးခံထားရသည့် မြန်အောင်မြို့မှ CDM မူလတန်းပြ ကျောင်းဆရာတစ်ဦးကို ကွပ်မျက်ရန် ကြိုးစင်ဆောက်နေကြောင်း ထောင်ဝန်ထမ်းများ ပြောဆိုနေသည်ကို ကြားရသဖြင့် နိုင်ကျဉ်း ၈ ဦးက ကန့်ကွက်ခဲ့ကြသည်။
၎င်းတို့ကို ဇန်နဝါရီ ၅ ညပိုင်းတွင် အာဏာပိုင်တို့က ခေါ်ထုတ်ရိုက်နှက်ခဲ့ပြီး မူလအချုပ်ဆောင်သို့ ပြန်ပို့ရာတွင် ၈ ဦးထဲမှ ကိုမဲကြီး (ခ) ဝင်းမင်းထက် ပါမလာဘဲ ပျောက်ဆုံးသွားခဲ့သည်။
ပျောက်ဆုံးနိုင်ကျဉ်းကို ပြန်လည်ရှာဖွေပေးရန် အခြားနိုင်ကျဉ်းများက တောင်းဆိုနေစဉ် နိုင်ကျဉ်းတစ်ဦးကို ထောင်ဝန်ထမ်းက စည်းကမ်းမဲ့အမှိုက်ပစ်သည်ဟု စွပ်စွဲချက်ဖြင့် ထပ်မံရိုက်နှက်ရာမှ ထောင်တွင်းအဓိကရုဏ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သပိတ်မှောက်နိုင်ကျဉ်းများကို ပစ်ခတ်ဖြိုခွဲရာ အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး သေဆုံးခဲ့ပြီး နိုင်ကျဉ်း ၆၀ ကျော် ဒဏ်ရာရသည်။
ထို့ပြင် ကနဦးသပိတ်တွင် ပါဝင်ခဲ့သည့် ကိုမဲကြီး (ခ) ဝင်းမင်းထက်သည်လည်း ထောင်အာဏာပိုင်များ ခေါ်ထုတ်သွားကတည်းက မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရပါ။
စစ်တပ်က အာဏာသိမ်းချိန်မှ ၂၀၂၃ စက်တင်ဘာ ၂၅ အထိ နိုင်ကျဉ်း ၂၅၀၀၀ ခန့် ရှိခဲ့သည်၊ ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ ၁၉၀၀၀ ကျော်သည် ထိန်းသိမ်းခံနေရဆဲဖြစ်သည်၊ အရေအတွက်အမှန်မှာ ထို့ထက် များပြားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အကျဉ်းဦးစီးဌာနညွှန်ချုပ်နေရာကို စစ်တပ်အရာရှိတစ်ဦးနှင့် အစားထိုးလိုက်ပြီး အကျဉ်းထောင်ထဲရောက် နိုင်ကျဉ်းများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ဆက်လက်ပြုလုပ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။