သတင်း

ပုသိမ်ထောင်တွင်း သေဆုံးသူ ရုပ်အလောင်းပြန်မရသေး၊တစ်ဦး ပျောက်ဆုံးနေ

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများ ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား၏ ရုပ်အလောင်း ပြန်မရဘဲဖြစ်နေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ချောင်းသာဒေသခံတစ်ဦးဖြစ်သည့် အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး သေဆုံးခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းရရှိရန် ထောင်ရှေ့နှင့် ပုသိမ်ဆေးရုံကြီးရင်ခွဲရုံရှေ့တွင် စောင့်ဆိုင်းတောင်းဆိုသော်လည်း မရဘဲဖြစ်နေသည်ဟု သူက ဆိုသည်။

“ညနေကို ၁၂ နာရီကနေ ၃ နာရီအတွင်းမှာ သရောင်းချောင်း (သုဿန်)မှာ သင်္ဂြိုဟ်မယ်လို့တော့ ကြားသိရပြီး တွေ့ခွင့်ပေး မပေး အတည်ပြုလို့မရသေးပါဘူး။ အခုချိန်အထိကတော့ ပြန်ပေးခြင်းမရှိသလို တွေ့ဆုံခြင်းလည်း မရှိပါဘူး” ဟု ၎င်းကပြောသည်။ 

နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ဒဏ်ရာရပြီး ထိုအထဲမှ ၁၀ ဦးခန့်မှာ ပုသိမ်ဆေးရုံကြီး၌ တက်ရောက်ကုသနေရကြောင်း အသက်အန္တရာယ်စိုးရိမ်ရသူ ၅ ဦး၊ ဒဏ်ရာပြင်းထန် အခြေအနေရှိသူ ၃ ဦး ရှိသည်ဟုလည်း သူကဆိုသည်။ဇန်နဝါရီလ ၅ ရက်နေ့က ခေါ်ယူရိုက်နှက်ခံရပြီး ပျောက်ဆုံးနေသည့် ကိုမဲကြီး(ခ)ဝင်းမင်းထက်နှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းအစအန မရတော့ဟုလည်း ပြောသည်။ 

ထောင်တွင်း ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ် 

ဒီဇင်ဘာ ၃၀ ရက်တွင်း သေဒဏ်ချမှတ်ခံထားရသည့် မြန်အောင်မြို့မှ CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်အတွက် ကြိုးစင်ဆောက်နေသည်ဟု ထောင်ဝန်ထမ်းများပြောဆိုနေသည်ကို ကြားရပြီးနောက် ကိုမဲကြီး(ခ)ဝင်းမင်းထက် ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးမှာ  ဇန်နဝါရီ ၅ ရက်နေ့၌ ကန့်ကွက်ခဲ့သည်ဟု အထက်ပါ အကျဉ်းထောင်နှင့် နီးစပ်သူကဆိုသည်။ 

ထိုသို့ ကန့်ကွက်သဖြင့် ထို ၈ ဦး ကို ထောင်အာဏာပိုင်များက ညဘက်တွင် အခန်းထဲမှ ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ကီးပက်ဖုန်းတစ်လုံး ဖမ်းမိသည်ဟု ထောင်တွင်းသတင်းဖြန့် ထားခဲ့ကြောင်း ၎င်းကပြောသည်။ 

“နောက်နေ့ မနက်ကျတော့ ၇ ဦးက သတ်မှတ်နေရာကိုပြန်လာတယ်။ ကိုမဲကြီးက ပါမလာတော့ဘူး။ အဲ့အချိန်မှာ ကိုမဲကြီးကို ပြန်ထုတ်ပေးဖို့ နှစ်ဖက်က မနက်ပိုင်းကတည်းက တင်းမာနေတယ်” ဟု ဆိုသည်။ 

နှစ်ဘက်တင်းမာနေချိန်တွင် အမှိုက်သွားပစ်သည့် နိုင်ကျဉ်းတစ်ဦးကို ထောင်ဝန်ထမ်းတစ်ဦးက ကျောကုန်းကို တုတ်ဖြင့်လှမ်းရိုက်ကြောင်း၊ ဖြစ်စဉ်ကိုတွေ့သည့် နိုင်ကျဉ်းသားများက အော်ဟစ် ကန့်ကွက်ကြကြောင်း သိရသည်။ 

“နိုင်ငံရေးအကျဉ်းသားတွေကလည်း နည်းနည်းလှုပ်လှုပ်ရွရွတွေ ဖြစ်လာတယ်။ ဟိုဘက်ကလည်း ထိန်းသိမ်းဖို့အတွက် တုတ်တွေ စတင် ကိုင်ဆောင်ပြီးတော့ နှစ်ဖက်ရုန်းရင်းဆန်ခတ် စဖြစ်တယ်ဆိုပါစို့” ဟု အထက်ပါ ထောင်နှင့်နီးစပ်သူကပြောသည်။ 

ကီးပက်ဖုန်းဖမ်းမိသဖြင့် နိုင်ကျဉ်း ၈ ဦးရိုက်နှက်ခံရသည်ဟုသာ ကနဦး သိခဲ့ရပြီး နောက်ပိုင်းမှ ဖြစ်စဉ်အသေးစိတ်ကို သိရခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးကလည်းပြောသည်။ 

“ထောင်ထဲမှာရှိတဲ့ စစ်ပြေးရဲပြေးတွေကို မျက်နှာဖုံးတွေ စွပ်ခိုင်းပြီးတော့ တုတ်တွေကိုင်ခိုင်းပြီးတော့ အယောက် ၂၀ လောက် နိုင်ကျဉ်းအခန်းတွေရှေ့မှာ ပတ်နေတာပေါ့။ ၁၀ မိနစ် ၁၅ မိနစ်လောက်ကြာမှ ရဲဝင်လာပြီးတော့ ရာဘာကျည်နဲ့ ၄ ချက် စပစ်တယ်” ဟု ၎င်းကပြောသည်။

ထို့နောက် ရဲများက နိုင်ကျဉ်း အယောက် ၆၀ ခန့်ကို တစ်ယောက်ပြီးတစ်ယောက်ဆွဲထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် သေနတ်ပစ်ဖောက်သံ ၆ ချက်လည်း ထပ်ကြားရကြောင်း ပြောသည်။ 

“လူကိုပစ်တာလား ဘယ်ကိုပစ်တာလည်းတော့ ဘယ်သူမှ မသိရဘူး။ ညနေပိုင်းမှ ဝေယံဖြိုးသေတယ်ဆိုတာ သိရတယ်။ မဲကြီးကတော့ အခုထိ ပျောက်နေတုန်းပေါ့” ဟု ၎င်းကပြောသည်။ 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဝေယံဖြိုးသည် ၂၀၂၂ ခုနှစ် ဇွန်လ က အဖမ်းခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မသုံးခုဖြင့် တရားစွဲခံထားရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လက အဖမ်းခံရသည့် ကိုမဲကြီး(ခ)ဝင်းမင်းထက်သည်လည်း အကြမ်းဖက်ပုဒ်မ ၅၂ (က) ဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

စစ်ကောင်စီကမူ ဇန်နဝါရီ ၆ နံနက်ပိုင်းတွင် ပုသိမ်မြို့ အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်နှစ်ခုမှ အကျဉ်းသားများသည် တံခါးနှင့် CCTV များ ဖျက်ဆီးခြင်း၊ ထောင်ဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်းနှင့် ထောင်စည်းကမ်းထိန်းရုံးသို့ သွားရောက်ရန်မူရန် ကြိုးစားကြကြောင်း ထုတ်ပြန်ထားသည်။ 

ထိုသို့ဆူပူသည်ကို လူစုခွဲရန် ထောင်အာဏာပိုင်နှင့် ရဲများက ဖြောင်းဖြသော်လည်း မလိုက်နာဘဲ သစ်သားချောင်းများ၊ အုတ်ခဲများဖြင့် ရန်မူတိုက်ခိုက်လာကြောင်း၊ ဖြစ်စဉ်အတွင်း အကျဉ်းသားအချင်းချင်း ရိုက်နှက်သဖြင့် အကျဉ်းသားတစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ထို့အပြင် အကျဉ်းသားများ၏ တိုက်ခိုက်မှုကြောင့် ရဲ ၂ ဦး၊ ထောင်ဝန်ထမ်း ၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် အကျဉ်းသားတစ်ဦးထံမှ ကီးပတ်ဖုန်းတစ်လုံး သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက ဆိုသည်။ 

“မမှန်မကန်တွေ ထုတ်ပြန်ထားတာ တွေ့ရှိရတယ်။ ဆူပူမှုမှာ အကြမ်းဖက် ဖြိုခွင်းတဲ့အတွက် နှစ်ဖက်လူဦးရေကများတယ် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အခါကျတော့ အဆောက်အဦအခန်းလေးတွေ ပျက်ဆီးတယ်။ ဒါဟာ သူတို့ အကြမ်းဖက်နှိမ်နင်းလို့ ဒီအခန်းတွေ ပျက်စီးရတာဖြစ်တယ် နိုင်ငံရေးအကျဉ်းသားတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးတာ လုံးဝမဟုတ်ဘူး” ဟု အကျဉ်းထောင်နှင့်နီးစပ်သူက ဆိုသည်။ 

အကယ်၍ ကီးပတ်ဖုန်း ဖမ်းမိသည် ဆိုပါကလည်း အကျဉ်းထောင်ဥပဒေအရ ထောင်ဒဏ်ထပ်တိုးချမှတ်ကာ အရေးယူရမည်ဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက် ရိုက်နှက်ပစ်ခတ်မှုမျိုး မလုပ်သင့်ကြောင်း ၎င်းကပြောသည်။  ဖြစ်စဉ်များနှင့် ပတ်သက်၍ ပုသိမ်အကျဉ်းထောင် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button