သတင်း

မြန်အောင်မြို့နယ်တွင် CDM ကျောင်းဆရာကို ပုဒ်မနှစ်ခုဖြင့် သေဒဏ်ချ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်သည့် အသက် ၂၅ နှစ် အရွယ် မူလတန်းပြကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီက လူသတ်မှု၊ အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မနှစ်ခုဖြင့် ၂၀၂၂ ဒီဇင်ဘာ ၃၀ တွင် သေဒဏ်ချလိုက်သည်။

ထိပ်ပုတ်ကုန်းအထက်တန်းကျောင်းခွဲမှ ကျောင်းဆရာ၏ အမှုကို ထိုသို့ စီရင်ချက်ချသူမှာ ဟင်္သာတခရိုင်တရားရုံး၌ ရုံးထိုင်သည့် မြန်အောင်ခရိုင် တရားသူကြီး ဦးဝင်းထွဋ်အောင် ဖြစ်သည်။

ထိုစီရင်ချက်မှာ လူမဆန်သည့် လုပ်ရပ်ဖြစ်သည်ဟု ဒေသတွင်း လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သည်။

“CDM ကျောင်းဆရာ၊ ကျောင်းသားလူငယ်တွေကို သေဒဏ်ပေးနေတာဟာ နိုင်ငံအနာဂတ်ကို ဖျက်ဆီးရာရောက်သလို အပြစ်မရှိတဲ့ ပညာတတ်လူငယ်တွေအပေါ် အာဏာရူးပြီး သွေးရူးသွေးတန်း လူမဆန်တဲ့ လုပ်ရပ်တွေလုပ်နေတယ်လို့ မြင်ပါတယ်” ဟု ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Myanmar Now ကို ပြောသည်။  

ကျောင်းဆရာသည် ၂၀၂၁ အောက်တိုဘာ ၂၀ တွင် ဖမ်းဆီးခံရသည်၊ ထို့နောက် မြန်အောင်မြို့နယ် သပြေကုန်းရွာမှ စစ်ကောင်စီသတင်းပေးဆိုသူ ဦးဝင်းညွန့်အောင်(ခ) ဂျပ်ကြီး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) ခ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀ (စ) တို့ဖြင့် စွဲချက်တင်ခံရသည်။

တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် စီရင်ချက်ချသည့်နေ့တွင် ဟင်္သာတထောင်မှ ပုသိမ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ 

စီရင်ချက် ချမှတ်ချိန်တွင် ရှေ့နေတစ်ဦးသာ တရားခွင်သို့ ဝင်ခွင့်ရပြီး မိသားစုနှင့်လည်း တွေ့ခွင့်မပေးကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) အတွင်းရေးမှူးအဖွဲ့ဝင် ကိုကျော်ရဲလွင်က ပြောသည်။ 

“လုံးဝတွေ့ခွင့်မရတော့ဘူး ဆိုတဲ့အတွက်ကြောင့် တော်တော်စိုးရိမ်နေကြတယ်။ မိသားစုဘက်ကတော့ တွေ့ခွင့်ရဖို့အတွက် ကြိုးစားနေကြတယ်။ တွေ့ခွင့်လည်း ရချင်တယ်” ဟု ၎င်းက မိသားစုနှင့် နီးစပ်သူများကို ကိုးကား၍ ပြောသည်။

စီရင်ချက်နှင့် ပတ်သက်၍ အယူခံဆက်ဝင်သွားရန် မိသားစုက စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အခြေခံပညာရေးဝန်ထမ်း ၂၀၀ နီးပါးရှိပြီး ထိုအထဲတွင် ဦးကောင်းခန့်ကျော်မှာ ပထမဆုံးသေဒဏ်စီရင်ချက် ချမှတ်ခံရသူဖြစ်ကြောင်း BEGSC အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ရဲလွင်က ဆိုသည်။ 

“(သေဒဏ်ချမှုက) တခြား CDM ဝန်ထမ်းတွေကိုပါ ခြိမ်းခြောက်လာတဲ့ကိစ္စဖြစ်တယ်။ နောက်တစ်ခုက CDM လှုပ်ရှားမှုကိုလည်း ခြိမ်းခြောက်လာတယ်။ CDM လှုပ်ရှားမှုကို ပြိုကွဲအောင် ဖိအားပေးတယ်လို့ မြင်တယ်” ဟု ၎င်းက ဆက် ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက CDM ဝန်ထမ်းများအပါဝင် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုကို မတရား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဥပဒေမဲ့တရားစီရင်ကာ သေဒဏ်ချမှတ်ခြင်းတို့ကို ကန့်ကွက်ကြောင်း ပညာရေးအဖွဲ့အစည်း ၇ ခုက ဇန်နဝါရီ ၁ တွင် ထုတ်ပြန်ကြေညာထားသည်။ 

စစ်ကောင်စီကို အရေးယူပေးရန် နိုင်ငံတကာကို တောင်းဆိုသလို နွေဦးတော်လှန်ရေးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသူများအတွက် တော်လှန်ရေးကို အရှိန်မြင့်သွားရန် တိုက်တွန်းကြောင်း ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်အောင်မြို့နယ်တွင် ထောင် ၁၀ နှစ်ချခံထားရသော CDM ကျောင်းဆရာ ဦးစွမ်းရည်ထက် အပါအဝင် ထောင်ဒဏ် ချမှတ်ခံရသည့် CDM ပညာရေးဝန်ထမ်း ၅ ဦးရှိကြောင်း သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က လက်လှမ်းမီသမျှကောက်ယူသည့် အချက်အလက်များအရ အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ဒီဇင်ဘာ ၃၀ အထိ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂၆၈၈ ဦး၊ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၃,၂၁၇ ဦး၊ သေဒဏ်ချမှတ်ခံရသူ ၉၇ ဦး ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button