သတင်း

ဖြိုခွင်းမှုဖြစ်ထားသော ပုသိမ်ထောင်တွင် နိုင်ကျဉ်းများကို ဆက်လက်ဖိနှိပ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ လူနေရပ်ကွက်များအနီးရှိ အကျဉ်းထောင်အတွင်း အကြမ်းဖက်ဖြိုခွင်းမှုအပြီး ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်နေကြောင်း သိရသည်။

နိုင်ကျဉ်း ၄၅၀ ခန့်ရှိသည့် ပုသိမ်ထောင်တွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ကစ၍ အကျဉ်းသားများကို နေရာ အပြောင်းအရွှေ့လုပ်လိုက်သည်ဟု ထိုထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း အမျိုးသားနိုင်ကျဉ်းအားလုံးကို ခေါင်းတုံး တုံးလိုက်ပြီး သက်ဆိုင်ရာမိသားစုဝင်များက ပေးပို့ထားသည့် အဝတ်အစားနှင့် စားစရာများကို သိမ်းယူသွားကြောင်း၊ ထောင်က ပေးထားသည့် ဝတ်စုံသာ အသုံးပြုခွင့်ရတော့ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၅ တွင် ပုသိမ်ထောင်အတွင်း သေဒဏ်ချခံရသော CDM  ကျောင်းဆရာ၏ အခြေအနေနှင့် ပတ်သက်ပြီး နိုင်ကျဉ်း ၈ ဦးက ကန့်ကွက်ရာမှ အစပြုကာ နောက်တစ်နေ့တွင် ထောင်ဝန်ထမ်းများနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ထိုဖြိုခွင်းမှုတွင် အကျဉ်းသား အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ဒဏ်ရာရသည်။ ကိုမဲကြီး ခေါ် ကိုဝင်းမင်းထက် မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသည်ကိုလည်း မသိရတော့ပေ။

ထိုဖြစ်ရပ် ပေါ်ပေါက်ပြီး ယနေ့အထိ နိုင်ကျဉ်းများ ညနေစာ ထမင်းတစ်နပ်သာ စားရကြောင်း၊ ပြင်ပမှ ပစ္စည်းသွင်းခွင့်လည်း ပိတ်ခံလိုက်ရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

“ဒီဆူပူမှုကို ဖန်တီးပြီးတော့မှ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့် ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ မြင်တယ်။ အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံးက စောင့်ကြည့်နေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ပညာရှိနည်းနဲ့ နှိပ်စက်တဲ့အနေအထားလို့ ကျွန်တော်က ထင်တယ်” ဟု ၎င်းက ပြောသည်။

အထက်ပါ ဖိနှိပ်ခံရမှုများသည် အမျိုးသားနိုင်ကျဉ်းများ၏ အခြေအနေဖြစ်ပြီး အမျိုးသမီးအချုပ်ဆောင်နှင့် အကျဉ်းကျဆောင်များ၏ အနေအထားကိုမူ မသိရကြောင်း ၎င်းက ဆက်ပြောသည်။

ဇန်နဝါရီ ၅ ရက်က ထောင်တွင်း ရိုက်နှက်ခံရပြီး သတင်းအစအနပျောက်နေသည့် ကိုမဲကြီး (ခ) ဝင်းမင်းထက်၏ နောက်ဆက်တွဲအခြေအနေကို မသိရသဖြင့် မိသားစုဝင်များ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“မိသားစုက စိတ်ပူတာပေါ့။ သေရင်လည်း သေတယ်ပေါ့ မသေရင်လည်း မသေဘူးပေါ့။ တာဝန်ရှိတဲ့သူဘက်ကနေ အတည်ပြုပေးလိုက်ရင် မိသားစုဝင်ဘက်ကနေ စိတ်ဖြေရာရောက်တာပေါ့” ဟု ဆိုသည်။

ဇန်နဝါရီ ၅ တွင် နိုင်ကျဉ်း ၈ ဦးကို ရိုက်နှက်နှိပ်စက်ခြင်း၊ နောက်တစ်နေ့တွင် ထောင်ဝန်ထမ်းများနှင့် ရဲများ ရိုက်နှက် ပစ်ခတ်မှုကြောင့် နိုင်ကျဉ်း ကိုဝေယံဖြိုး သေဆုံးပြီး နိုင်ကျဉ်းအချို့ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်များတွင် UN Convention Against Torture (UNCAT) ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၈ တွင် ထုတ်ပြန်သည်။

“အင်မတန်ဆိုးရွားတဲ့ အခြေအနေပေါ့ဗျာ။ ဒါကတော့ ဘယ်တုန်းကမှ ကြားဖူးတဲ့ အနေအထားမဟုတ်ဘူး။ အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဖြစ်တယ်။ တခြားထောင်တွေမှာလည်း ဒါမျိုး သိပ်မကြားမိဘူး” ဟု AAPP တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထောင်တွင်း ညှင်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုကို ကျူးလွန်လိုက်တာဖြစ်တယ်။ တကယ်ကို ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်လိုက်တာဖြစ်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေအားလုံး အပြစ်ပေး အရေးယူမှု ခံကိုခံရမှာဖြစ်တယ်”

ထိုဖြစ်စဉ်အတွက် ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်းမှူး မြင့်အောင်၊ နယ်မြေစခန်းမှူး ကျော်ဦးအပါအဝင် အမိန့်ပေးစေခိုင်းသူများ၊ ထောင်အာဏာပိုင်များတွင် တာဝန်ရှိကြောင်း AAPP ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့်လည်း စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်များအား ဝင်ရောက်စစ်ဆေးသည်ကို မတွေ့ရပေ။

“ပြည်တွင်းက ICRC ရဲ့ အနေအထားက စစ်အုပ်စုလက်အောက်မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ အရင်လို ဘာမှ Authority မရှိဘူး” ဟု AAPP တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီဘက်ကမူ ပုသိမ်ထောင်တွင်း အကျဉ်းသားများ ဆူပူကာ ရဲနှင့် ထောင်အာဏာပိုင်များကို ရန်ပြုရိုက်နှက်ကြောင်း၊ အကျဉ်းသားအချင်းချင်း ရိုက်နှက်ခြင်းကြောင့် ကိုဝေယံဖြိုး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၆ က သတင်းထုတ်ပြန်ထားသည်။

ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၄၅၀ ခန့်အနက် ၃၈၀ ခန့်မှာ အမျိုးသားများဖြစ်ပြီး ၇၀ ခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ဆိုသည်။

စစ်ကောင်စီကို ဆန့်ကျင်မှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် ပြည်သူ ၁၃၃၂၁ ဦးထက်မနည်း ဆက်လက် ဖမ်းဆီးခံထားရကြောင်း AAPP ၏ ဇန်နဝါရီ ၉ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် မတ်လကလည်း စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် အကျဉ်းသား ၇ ဦး ပစ်ခတ် သတ်ဖြတ်ခံရသည်၊ ထွက်ပြေးရန် ကြံစည်သဖြင့် ပစ်ခတ်ကြောင်း စစ်ကောင်စီဘက်က အကြောင်းပြခဲ့သည်။

စစ်အာဏာမသိမ်းခင် ၂၀၁၉ မေလ ၈ ရက်က ဖိနှိပ်မှုများရှိသည်ဟု အမည်ထွက်သည့် စစ်ကိုင်းတိုင်း ရွှေဘိုထောင်တွင် လွတ်ငြိမ်းချမ်းသာခွင့် မပါသည့် အကျဉ်းသားများ ဆန္ဒပြရာမှ ပစ်ခတ်ဖြိုခွင်းမှုဖြစ်ကာ အကျဉ်းသား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button