
စက်တင်ဘာ ၂၄ ရက်နေ့က တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ရာမညတပ်ဖွဲ့ (Ramanya Army) ခေါင်းဆောင်၏ ရုပ်အလောင်း ပြန်မရခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ နံနက် ၈ နာရီခွဲခန့်က အသက် ၅၃ နှစ်အရွယ် နိုင်ချမ်းနှင့် ၎င်း၏ တပ်ဖွဲ့ဝင်များကို ရေဖြူမြို့နယ် သဲချောင်းကျေးရွာတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ထိုနေ့က နိုင်ချမ်းနှင့်အတူ ပါလာသည့် တပ်ဖွဲ့ဝင် နိုင်ဗညားက ပြောသည်။
ထိုလုပ်ကြံသတ်ဖြတ်မှုအတွက် မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေဖြူမြို့နယ် သဲချောင်းကျေးရွာတွင် တပ်သားတစ်ဦးကို သွားရောက်ခေါ်ဆောင်ပြီး အလယ်စခန်းကျေးရွာသို့ ပြန်လာစဉ် ပစ်ခတ်ခံရကြောင်း ၎င်းက ပြောသည်။
နိုင်ချမ်း မောင်းသည့် ဆိုင်ကယ်တွင် တပ်သားမွန်စော လိုက်ပါစီးနင်းပြီး ရှေ့မှ သွားကြောင်း၊ နောက်ဆိုင်ကယ်တွင် နိုင်ဗညားနှင့် စက်ရုပ်ဆိုသူတို့ စီးနင်းလာကြောင်း ပြောသည်။
“ရွာက ထွက်လာပြီး သုံးမိနစ်လောက်မှာ သူတို့ပစ်တာပဲ။ ဆိုင်ကယ်နှစ်စီးစလုံးကို ပစ်တာ။ နိုင်ချမ်းဆိုင်ကယ်က မလဲကျသေးဘူး။ ချက်ချင်း သေနတ်မထိသေးဘူး။ နည်းနည်းကျော်လာတော့မှ သေနတ်ထိပြီဆိုပြီး ဆိုင်ကယ်လဲကျသွားတယ်” ဟု နိုင်ဗညားက ပြောသည်။
သေနတ်သံ ၇ ချက်ခန့် ကြားလိုက်ရပြီး နိုင်ချမ်းဆိုင်ကယ် လဲကျသွားချိန်တွင် ကျန်သုံးဦးမှာလည်း ဆိုင်ကယ်များ ချန်ထားကာ ထွက်ပြေးခဲ့သည်ဟု ၎င်းက ပြောသည်။
လေးဦးစလုံးမှာ အရပ်ဝတ်များ ဝတ်ဆင်ထားပြီး နိုင်ချမ်းတွင် အိတ်ထဲ ဖွက်ယူလာသည့် ပစ္စတိုနှစ်လက်နှင့် AK မောင်းပြန်သေနတ် ပါလာကြောင်း နိုင်ဗညားက ဆိုသည်။
“ကျွန်တော်တို့ အဲဒီက လွတ်လာပြီး အလယ်စခန်းရွာရောက်တော့ အလောင်းပြန်လိုချင်တယ်လို့ သူတို့ (နယ်မြေခံ မွန်ပြည်သစ်တပ်) ဆီ ဖုန်းဆက်တယ်။ သူတို့ထိန်းနယ်မြေဖြစ်လို့ ဝင်ခွင့်မပြုဘူးလို့ ပြောတယ်။ ဒါဆို ရုပ်အလောင်း လာပို့ပေးနိုင်မလား ပြောတော့ ရတယ်တဲ့” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ရုပ်အလောင်းကို စောင့်ဆိုင်းနေသော်လည်း မွန်ပြည်သစ်ဘက်က လာမပို့ဘဲ ထိုနေ့တွင်ပင် သဲချောင်းကျေးရွာသုသာန်တွင် သင်္ဂြိုဟ်လိုက်သည်ဟု ဆိုသည်။
ရုပ်အလောင်းကိုသာမက နိုင်ချမ်းနှင့်အတူ ပါလာသည့် သေနတ်သုံးလက် အပါအဝင် မည်သည့် ပစ္စည်းအသုံးအဆောင်ကိုမျှ ပြန်မပေးကြောင်း၊ ဆိုင်ကယ်နှစ်စီးလည်း ပြန်မရသေးကြောင်း နိုင်ဗညားက ပြောသည်။
နိုင်ချမ်း၏ ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ မတွေ့ရဘဲ ညာဘက်နံစောင်းတွင် ဝါးချွန်ဖြင့် ထိုးသွင်းထားသည့်ဒဏ်ရာရှိသည်၊ လည်တိုင်မှာ ရိုက်နှက်ခံထားရပြီး ကြေမွနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ နိုင်ဗညားက ဆိုသည်။
“ဖြစ်တာတော့ ဖြစ်ပြီးသွားပြီ။ အရေးယူဖို့ကလည်း မရှိတော့ပါဘူး။ ရှေ့ဆက်ပြီး ဒီလိုကိစ္စတွေ ဆက်မဖြစ်ဖို့ ကျွန်တော်တို့က တောင်းဆိုချင်တယ်” ဟု ၎င်းက ပြောသည်။
မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် သတ်ဖြတ်ခံရပြီး ရုပ်အလောင်းလည်း ပြန်မပေးသည့်အတွက် မွန်ပြည်သစ်ထံတွင် တာဝန်အပြည့်အဝရှိကြောင်း နိုင်ဗညားက ဆိုသည်။
နိုင်ချမ်းသတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တချို့နှင့် ရေဖြူမြို့နယ် ဆက်ဆံရေးရုံး တာဝန်ရှိသူတို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပေ။
ယခုနှစ် မေလကုန်ကလည်း ရေးမြို့နယ် မာန်အောင်ကျေးရွာတွင် နိုင်ချမ်းနှင့် ၎င်း၏ တပ်ဖွဲ့ဝင်တစ်ဦး ဆိုင်ကယ် စီးနင်းလာစဉ် ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင် သေဆုံးခဲ့သည်။
၂၀၂၂ ခုနှစ် ဧပြီလကလည်း ရာမညတပ်ဖွဲ့မှ နိုင်ဗညား၊ နိုင်အတစ်တို့ ဆိုင်ကယ်စီးနင်းလာစဉ် ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် ပစ်ခတ်ခံရသေးသည်၊ ထိုစဉ်က ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် အလယ်စခန်းရွာသားတစ်ဦးကလည်း ထိုနေ့ နံနက်က သေနတ်သံ ၁၀ ချက်ခန့် ကြားလိုက်ရကြောင်း၊ သို့သော် သတ်ဖြတ်ခံရသူ နိုင်ချမ်း၏ ရုပ်အလောင်းတွင် ဦးခေါင်းပိုင်း ရိုက်နှက်ခံရသည့်ဒဏ်ရာနှင့် ဗိုက်အနီးတွင် ထိုးသွင်းဒဏ်ရာတို့ တွေ့ရကြောင်း မျက်မြင်တွေ့သူကို ကိုးကား၍ ပြောသည်။
နိုင်ချမ်းသည် ရပ်ရွာကို အကျိုးပြုသူဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ရပ်ရွာအရေးလည်း ရွာမှာ လမ်းတွေဖောက်တာ၊ သူ့မှာ ရှိသလောက် ငွေကြေးထောက်ပံ့တာ လုပ်ပေးတယ်။ သူရောက်ပြီးကတည်းက ရွာမှာ အများကြီး တိုးတက်လာတယ်။ သူခိုးဓားပြလည်း မရှိတော့ဘူး” ဟု အထက်ပါ ရွာခံက ဆိုသည်။
နိုင်ချမ်းသည် အလယ်စခန်းကျေးရွာတွင် အခြေစိုက်နေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးလည်း လုပ်ခဲ့ကြောင်း၊ ရွာသားများက စေတနာရှိသလောက် လှူဒါန်းသည့် ငွေကြေးကိုသာ လက်ခံခဲ့ကြောင်း ပြောသည်။
မွန်သတင်းများ ဖော်ပြနေသည့် Rehmonnya FM ၏ ၂၀၂၂ ခုနှစ် ဧပြီလ သတင်းဖော်ပြချက်တွင် နိုင်ချမ်းခေါင်းဆောင်သည့် ရာမညတပ်ဖွဲ့သည် ရေးမြို့နယ်နှင့် ရေဖြူမြို့နယ် ကျေးရွာတချို့တွင် ငွေကြေး သိန်း ရာနှင့်ချီ ကောက်ခံသည်ဟု သတင်းထွက်ပေါ်နေကြောင်း ရေးသားထားသည်။
နိုင်ချမ်းသည် ယခင်က မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၎င်း၏ ဖခင်သည်လည်း မွန်ပြည်သစ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။
တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ၏ အကွဲအပြဲပြဿနာတချို့ကြောင့် ထိုင်းဘက်သို့ တိမ်းရှောင်နေခဲ့ရာမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် ရာမညတပ်ဖွဲ့ကို တည်ထောင်ခဲ့သည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။
နိုင်ချမ်းခေါင်းဆောင်သည့် ရာမညတပ်ဖွဲ့သည် ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားပြီး နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် မွန်တော်လှန်ရေးတပ်များ၊ PDF နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။