
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုမြစ်ဘေး ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ နယ်မြေစိုးမိုးနိုင်ရေးအတွက် အပြိုင်ကြိုးစားနေကြပြီး စက်တင်ဘာလ တတိယပတ်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေသည်။
ဟုမ္မလင်းမြို့တောင်ဘက်၊ ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသော၊ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသော နောင်ပိုအောင်ရွာနှင့် လွှစင်ကုန်းရွာတို့တွင် စက်တင်ဘာ ၂၂ နံနက်ပိုင်းမှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
SNA ဘက်တွင် စစ်ကောင်စီတပ်က ဝင်တိုက်ပေးနေသည်ဟု PDF က စွပ်စွဲထားသည်။
SNA ကမူ စစ်ကောင်စီနှင့် ၎င်းတို့ ပူးပေါင်းခြင်းမရှိကြောင်း၊ PDF များ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရနေကြောင်း တန်ပြန်စွပ်စွဲထားသည်။

ဒေသခံတော်လှန်ရေးတပ် HPDF 124 ၏ အဆိုအရ PDF တို့သည် စက်တင်ဘာ ၂၂ နံနက် ၁၀ နာရီဝန်းကျင်က ဟုမ္မလင်းတောင်ဘက်၊ ၁၇ မိုင်ခန့်အကွာမှ နောင်ပိုအောင်ရွာ၊ လွှစင်ကုန်းရွာများရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ပူးပေါင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် SNA တို့ကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ငါးနာရီနီးပါးကြာသည့် ထိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်များဘက်က ၁ ဦး၊ SNA ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း HPDF 124 ၏ တာဝန်ခံက ပြောသည်။
SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆေကမူ တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သော်လည်း ၎င်းတို့ဘက်မှ သေဆုံးသူမရှိဟု တုံ့ပြန်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နောင်ပိုင်အောင်ရွာသို့ စစ်ကူအင်အား ရာဂဏန်း ရောက်လာသည်၊ ထိုသူတို့မှာ တမူးမြို့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဟုမ္မလင်းအခြေစိုက် SNA တပ်ရင်း ၃ ခုတို့မှ ဖြစ်သည်ဟု HPDF 124 တာဝန်ခံက ဆိုသည်။
စက်တင်ဘာ ၂၃ ရက်နေ့တွင် ယာယီငြိမ်သက်နေသော်လည်း စက်တင်ဘာ ၂၄ မှ စတင်ပြီး လွှစင်ကုန်းရွာအနီးတစ်ဝိုက် ပြန်လည်ပစ်ခတ်နေကြသည်၊ စက်တင်ဘာ ၂၅ နံနက်ပိုင်းအထိ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် SNA နှင့် ပေါင်းတိုက်နေသည့် စစ်ကောင်စီတပ်က PDF များကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း HPDF 124 တာဝန်ခံက ပြောသည်။
“လက်နက်ကြီးက တဒိုင်းဒိုင်း ထိုင်ထုနေတာ။ အထိအခိုက်လေးတွေရှိတယ်။ အကျအဆုံးမရှိဘူး။ တကယ်ကြီး မိုးရွာသလို ရွာနေတာ။ မနားတမ်းကို ထုနေတာ” ဟု ၎င်းက ပြောသည်။
SNA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဆေကမူ ကာကွယ်ရေးတပ် လာတိုက်ကြသည့် စခန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိကြောင်း၊ နောင်ပိုအောင်တစ်ဝိုက် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း PDF များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ ထိုဒေသကိုလည်း ၎င်းတို့တပ်များက ဆက်လက်ထိန်းချုပ်ထားနိုင်ကြောင်း SNA အရာရှိက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တောင်ပိုင်းတို့တွင် စစ်ရေးလှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းနီအမျိုးသားတပ်မတော်ကို ၁၉၈၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အစောပိုင်းကာလများတွင် လက်နက်ကိုင်ခုခံလိုသူ လူငယ်များကို စစ်သင်တန်းများ ပို့ချပေးခဲ့သော်လည်း လအတန်ကြာသည့်နောက် စစ်ကောင်စီနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိလာသည်ဟု ဒေသတွင်း လှုပ်ရှားသည့် ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ကချင်ပြည်နယ်၊ အိန္ဒိယတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဟုမ္မလင်းမြို့သည် တောတောင် ထူထပ်ပြီး မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ဥရုမြစ်တွင် ရွှေတူးဖော်သူအများအပြား လုပ်ကိုင်လျက်ရှိသည်။
အာဏာသိမ်းပြီးနောက် ဟုမ္မလင်းမြို့နယ်ထဲတွင် SNA နှင့် စစ်ကောင်စီတပ်များသည် PDF, ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် စီးနင်းတိုက်ခိုက်ပြီး သုံးရက်ကြာ သိမ်းပိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။