သတင်း

ဗကသ ဥက္ကဋ္ဌဟောင်း၏ ဖခင်ကို ပထမဆုံးရုံးချိန်းတွင်ပင် အင်းစိန်ထောင်ပို့

ယနေ့ (စက်တင်ဘာ ၂၂) တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ဖခင်ဖြစ်သူကို တာမွေမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီက ဦးကျော်အေးကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုကာ တာမွေမြို့နယ်ရဲစခန်းတွင် ၁၂ ရက်ကြာ ချုပ်နှောင်ထားပြီး ဖြစ်သည်။

“နောက်ရုံးချိန်းက ၂၆ ရက်နေ့ ပြန်ချိန်းတယ်။ အဲ့ကျရင်တော့ အင်းစိန်ထောင်တွင်း တရားရုံးမှာပဲ စစ်မှာလို့ ပြောတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်တွင် နေထိုင်သော အသက် ၆၈ နှစ်အရွယ် ဦးကျော်အေးကို စက်တင်ဘာ ၁၀၊ နံနက် ၁၀ နာရီခန့်တွင် ရဲ ၃ ဦးက ဖမ်းဆီးခဲ့ပြီး ဒုရဲမှူး စန်းဝင်းအောင်က တရားလိုအဖြစ် တရားစွဲထားသည်ဟု သိရသည်။

အကြမ်းဖက်မှုလုပ်ငန်းများ ကိုကျော်ကိုကို လုပ်ဆောင်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် စွပ်စွဲရေးသားကာ နေရပ်လိပ်စာအတိအကျကိုပါ ဖော်ပြပြီးနောက် ရက်ပိုင်းအတွင်း ဦးကျော်အေး အဖမ်းခံရခြင်း ဖြစ်သည်။

မကြာသေးခင်က မျက်စိခွဲစိတ်ကုသထားရသူ ဦးကျော်အေးသည် သွေးတိုးရောဂါရှိသည့်အတွက် ဆေးပုံမှန်သောက်နေရသူ ဖြစ်သည်။ မိတ်ဆွေတချို့က တိမ်းရှောင်ရန် သတိပေးခဲ့သော်လည်း ဦးကျော်အေးက အိမ်တွင်သာ ဆက်လက် နေထိုင်ခဲ့သည်ဟုလည်း သိရသည်။

ဦးကျော်အေး၏ လက်ကိုင်ဖုန်းအတွင်း စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ကြိုးပေးခံရသည့် ကျောင်းသားခေါင်းဆောင်၊ ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦး၏ ဓာတ်ပုံ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန့်ဖြင့် ကြိုးပေးသတ်ဖြတ်ခံရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ဓာတ်ပုံ၊ သားဖြစ်သူ ကိုကျော်ကိုကို၏ ဓာတ်ပုံတို့ တွေ့ရှိသည်ဆိုကာ လက်မှတ်ထိုးခိုင်းခဲ့သည်ဟုလည်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။

သားဖြစ်သူ ကိုကျော်ကိုကိုသည်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် ၂၀၂၁၊ မတ်လဆန်းပိုင်းကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အဖွဲ့ဝင်ဖြစ်သူ ကိုကျော်ကိုကိုသည် ၂၀၂၁၊ မတ်လ ၃ ရက်နေ့က တာမွေမြို့နယ် GSC သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြိုခွင်းစဉ် ရိုက်နှက်ဖမ်းဆီးခံရပြီးမှ ပြန်လည်လွတ်မြောက်ခဲ့သည်။

အသက် ၄၂ နှစ် ရှိပြီဖြစ်သည့် ကိုကျော်ကိုကိုသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုမှစ၍ နိုင်ငံရေးပုဒ်မများဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသည်။ သူသည် ၁၉၈၈ နိုင်ငံရေးမျိုးဆက်နောက်ပိုင်း နိုင်ငံရေးတက်ကြွသူ လူငယ်ထုအကြား ဩဇာရှိသည့် ထင်ရှားသူတစ်ဦးလည်းဖြစ်သည်။

၂၀၂၁ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်လည်း ပါဝင်လှုပ်ရှားခဲ့သည့် သူ့ကို ရန်ကုန်တွင် စစ်တပ်က ဖမ်းဆီးမိခဲ့သည်။ သို့သော် အချုပ်ကားပေါ်တွင် ပရိယာယ်ဆင်၍ ထွက်ပြး လွတ်မြောက်သွားကာ ယခုအခါတွင် တောတွင်းတစ်နေရာမှနေ၍ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရာတွင် ပါဝင်နေသူဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button