သတင်း

“ ၁၀၂၇ ဒုတိယလှိုင်းဟာ မန္တလေးမှာ အရှိန်အဟုန်နဲ့  ဆက်ဖြစ်လိမ့်မယ်” — ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို 

ဇွန် ၂၅ က စတင်ခဲ့သည့် “၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေး” ၏ နောက်ဆက်တွဲ တိုက်ပွဲများ ရှမ်းမြောက်နှင့် မန္တလေးတိုင်းတို့တွင် နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အရေးပါသည့် စစ်စခန်းများ နေ့စဉ် သိမ်းပိုက်ခံနေရသည်။

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင်နေပြီး စခန်းမကျဆုံးအတွက် စစ်ကောင်စီ အစွမ်းကုန် ခုခံနေရသည်။

၂၀၂၃ အောက်တိုဘာ ၁၀ တွင် စတင်ခဲ့သည့် “၁၀၂၇ ပထမလှိုင်း စစ်ဆင်ရေး” ကာလက ရှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိရာ တရုတ်နယ်စပ်မြို့များကို မဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ယခုတစ်ကြိမ် “၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေး” တွင်  တရုတ်-မြန်မာ အဓိကကုန်သွယ်လမ်းမကြီး တည်ရှိရာ လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မြို့ကြီးများကို ဦးတည် တိုက်ခိုက်နေသည်။

မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်မြို့တို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ဇူလိုင် ၁၀ က နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ရေးပစ်မှတ်သည် မန္တလေးမြို့သို့ ဦးတည်နေသည်။ 

ထို့ပြင် မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်းမပေါ်ရှိ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာမြို့တို့တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ရေးပစ်မှတ်များသည် မန္တလေးမြို့သို့ ဦးတည်နေသည်ဟု ယူဆရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA), ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မဟာမိတ်တပ်များက လားရှိုးမြို့ကို သိမ်းယူနိုင်ရေး ကြိုးပမ်းနေကြပြီး မန္တလေးနှင့် ရှမ်းပြည်နယ်အစပ်ရှိ မြို့များကိုလည်း TNLA (တအာင်းတိုင်းရင်းသားတပ်) နှင့် မန္တလေး၊ ရွှေဘို၊ ညောင်ဦးရှိ ပြည်သူ့ကွယ်ရေးတပ် (PDF) များက ထိုးစစ်ဆင်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ရှမ်းမြောက်တွင် ဖြစ်ပွားနေသည့် “၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေး” အခြေအနေများနှင့်ပတ်သက်ပြီး ထိုဒေသတွင် အခြေစိုက်ပြီး လူထုစည်းရုံးရေးနှင့် ဒုက္ခသည်ကူညီရေးများ ဆောင်ရွက်နေသည့် ဗကသ ဥက္ကဋ္ဌဟောင်း၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုကို Myanmar Now သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။ 

မေး ။      ။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရောက်ရှိနေတယ်လို့ သိရတယ်။ ကိုကျော်ကိုကိုတို့ ပါတီက အဲဒီဒေသမှာ ဘာတွေ ဆောင်ရွက်နေပါသလဲ။

ဖြေ ။      ။ ကျွန်တော်တို့က နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်တာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတစ်ခုရဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ စည်းရုံးရေး၊ ဝါဒဖြန့်ချိရေး ဒါတွေကို ကျွန်တော်တို့ ဦးစားပေးပြီးလုပ်တယ်။ သဘောတရားရေးသင်တန်းတွေ ဖွင့်နေတာမျိုးတွေရှိတယ်။ ဒီမှာရှိတဲ့ တပ်တွေထဲမှာ တပ်ရင်းတွေရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပ.က.ဖ တွေရော၊ ကျွန်တော်တို့ မဟာမိတ်တွေထဲမှာ အနီးစပ်ဆုံးဖြစ်တဲ့ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) တို့လို လက်ဝဲအင်အားစုတွေလည်း ရှိတယ်။ ပြီးတော့ နွေဦးတော်လှန်ရေးအင်အားစုတွေလည်း ရှိတယ်။ ကျွန်တော်တို့ကတော့ မူဝါဒက ရှင်းတယ်။ ရန်သူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲဖို့ စဉ်းစားထားတယ်။ ဆုံးဖြတ်ထားတယ်။ ဒါကြောင့်မို့လို့ အဲဒီအဖွဲ့အစည်းပေါင်းစုံက ရဲဘော်တွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေ၊ သင်တန်းတွေ လုပ်တဲ့အပိုင်းမှာ ကျွန်တော်တို့ ကူညီတယ်။ ကျွန်တော်တို့ ဦးဆောင်ပြီးလုပ်တယ်။

ဘာကြောင့်လဲဆိုရင် လက်နက်ကိုင်တိုက်ပွဲတစ်ခုတည်းနဲ့ မပြီးပြတ်သွားဘူး။ တချို့ကိစ္စတွေမှာ ပြည်သူနဲ့ ဆက်ဆံရတဲ့ကိစ္စမျိုးတွေရှိတယ်။ ကိုယ့်ဘက်ကို လူထုပါလာအောင် စည်းရုံးရတဲ့ အပိုင်းတွေရှိတယ်။ အဲဒီအပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ လူထုက သဘောထားရေးတွေ သိဖို့လိုတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေခံတွေ နားလည်ဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆအပေါ်ကနေ လုပ်ပေးနေတာတွေရှိပါတယ်။ ကျန်တာကတော့ ပြည်သူတွေကို ကူညီတာပေါ့။

ဥပမာဆိုရင် မိုးမိတ်တိုက်ပွဲတုန်းက ပြည်သူတွေက အရမ်းကြေမွသွားတယ်။ အရမ်းကို ဒုက္ခရောက်ကြတယ်။ တောထဲတောင်ထဲမှာ စစ်ရှောင်ပြီး နေကြရတယ်ဆိုရင် ကျွန်တော်တို့ ရဲဘော်တွေက သွားပြီး နိုင်သလောက် ကူညီပေးကြတာရှိတယ်။ နောက်ပြီးရင် ကလေးတွေရဲ့ ပညာရေးအတွက် ကိုဗစ်ကြောင့် ကျောင်းပိတ်တာ၊ အာဏာသိမ်းလို့ ကျောင်းပိတ်တာနဲ့ စ.က.စ ကျောင်းတွေမှာ မသင်ကြားချင်ဘူး။ CDM လုပ်ကြတာဆိုတော့။ အဲဒီတော့ အခုမှ ပြန်ပြီး TLEC (တအာင်းပြည်ပညာရေးကောင်စီ) က ပညာရေးကို ပြန်စနေပြီ။ ပြန်စနေပြီးမှ ဒီခွင်ထဲမှာရှိတဲ့ ကလေးတွေကို သင်ကြားပေးနေတဲ့ အပိုင်းမှာ ကျွန်တော်တို့ ရဲဘော်တွေက ကူညီပြီးတော့ သင်ကြားပေးတယ်။ တခြားအထောက်အကူပြုနိုင်တဲ့သူကလည်း ဒီပညာရေးနဲ့ ပတ်သက်ပြီး ကလေးတွေကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေကို လုပ်ပါတယ်။

မေး ။     ။ ၁၀၂၇ ဒုတိယလှိုင်း ဖြစ်တော့ ရှမ်းမြောက်က ဒေသခံ စစ်ရှောင်တွေရဲ့ အခြေအနေ ပြောပြပါဦး။

ဖြေ။      ။  ရှမ်းမြောက်တစ်ခွင်လုံးမှာရှိတဲ့ ဒေသခံတွေက အကုန်လုံးက စစ်ဖြစ်ပြီဆိုတာနဲ့ အပြင်ကို ထွက်ဖို့ ကြိုးစားနေကြတယ်။ ဒီနေရာမှာ မနေရဲကြတော့ဘူးပေါ့။ လက်နက်ကြီးကျတယ်။ လေယာဉ်ပျံနဲ့ လာကြဲတယ်။ ဒရုန်းနဲ့ လာကြဲတယ်ဆိုတဲ့ အနေအထားတစ်ခုမှာ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရတဲ့အတွက် ထွက်ပြေးဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့အခါမှာ လမ်းတွေကို ပိတ်ဆို့ထားတာကို တွေ့ရတယ်။ လားရှိုးဆိုရင် ပိတ်လိုက် ဖွင့်လိုက်နဲ့ အခြေအနေတွေက အမြဲတမ်း ပြောင်းလဲနေတယ်။ အမြဲတမ်းပြောင်းလဲနေတော့ လမ်းမှာ ပိုက်ဆံတွေကလည်း သောက်သောက်လဲ ကုန်တာပေါ့။ လမ်းမှာ လူတွေက သွားတဲ့အခါမှာ အဖွဲ့အစည်းတွေက တားဆီးပြီးတော့ ပိုက်ဆံတောင်းတဲ့ အနေအထားမျိုးတွေလည်း ရှိတာကို တွေ့ရတယ်။ အဲဒီတော့ ဘယ်လိုမှ ပြည်သူတွေက အဆင်မပြေဘူး။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပါဝင်တိုက်ခိုက်နေသည့် PLA ရဲဘော်တချို့။ (ဓာတ်ပုံ- PLA)

တချို့ပြည်သူတွေက ပြေးမယ်ဆိုရင်တောင်မှ ပြေးခွင့်မရှိဘူး။ ပိတ်ဆို့ခံထားရတဲ့ ပြည်သူတွေ အများကြီးပဲ။ ဥပမာဆို သီပေါပေါ့။ သီပေါဆိုရင် ထွက်ဖို့လမ်းက အရမ်းရှားတယ်။ ဘယ်ဘက်ကို ထွက်ရမယ်ဆိုတာ သူတို့မှာ စဉ်းစားရကျပ်တယ်။ ဒါကြောင့်မို့ ပြည်သူတွေ တော်တော် ဒုက္ခရောက်ကြတယ်။ မြို့ပေါ်မှာ ဆက်နေရင်လည်း ကိုယ့်ခေါင်းပေါ်တည့်တည့်ကို လက်နက်ကြီး ကျလို့ သေသွားတာမျိုး။ လေယာဉ်ပျံနဲ့ လာချလို့ သေသွားတာမျိုးတွေ ရှိနိုင်တယ်။ အသေမခံချင်လို့ ထွက်ပြေးပြန်ရင်လဲ ပြေးစရာမြေမရှိဘူးဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး ငွေကုန်ကြေးကျခံပြီး ပြေးသွားရင်လည်း ဒီကနေပြီးတော့ မြေပြန့်ကို ရောက်ဖို့အတွက်ဆိုရင် သိန်းဆယ်နဲ့ချီပြီး ကုန်ပြီးတော့မှ ရောက်တဲ့အခြေအနေမျိုးဖြစ်နေတယ်။ ပြည်သူတွေက ဘေးကျပ်နံကျပ်ဆိုတဲ့ အခြေအနေမျိုးတွေဖြစ်နေတယ်။

စစ်တပ်က ပြည်သူနဲ့ အကာအကွယ်ယူထားတာ။ ပြည်သူပိုင်တဲ့ အဆောက်အအုံတွေမှာလည်း စစ်တပ်က ဝင်နေတာမျိုးတွေရှိတယ်။ စစ်တပ်ကို ပစ်ဖို့ခတ်ဖို့ဆိုရင် ပြည်သူတွေ အထိနာမှာစိုးလို့ ရှောင်လိုက်ရတာမျိုး၊ နောက်ပြန်ဆုတ်လိုက်ရတာမျိုးလည်း အကြိမ်ကြိမ်အခါအခါ ကြုံရတယ်လို့ ပြောပါတယ်။

မေး ။      ။ မနှစ်က အောက်တိုဘာမှာ ဖြစ်တဲ့ ၁၀၂၇ ပထမလှိုင်းနဲ့ အခုလက်ရှိ ဆင်နွှဲနေတဲ့ ၁၀၂၇ ဒုတိယလှိုင်းနဲ့က ဘယ်လိုကွာခြားချက်မျိုး ရှိပါသလဲ။

ဖြေ ။     ။ ၁၀၂၇ ပထမလှိုင်းအခြေအနေက ရှမ်းမြောက်မှာ ကိုးကန့်ဒေသကို အဓိကဖိအားပေးပြီး ထိုးစစ်လုပ်တယ်။ တအာင်းဒေသမှာဆိုရင် အရေးကြီးတဲ့ အချက်အချာမြို့တွေဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ အဲဒီမြို့တွေကို အဓိက ရလိုက်တယ်။ ပြီးတော့ မြို့သေးသေးလေးတွေဖြစ်တဲ့ မိုင်းလုံ၊ မိုင်းငေါ့တို့လို ကျယ်ပြန်တဲ့ ဧရိယာတစ်ခုကို ထိန်းချုပ်နိုင်ပြီး​တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ တရားစီရင်ရေးတွေ ဒါတွေကို ယန္တရားတွေကို တည်ထောင်တယ်။ စစ်ကောင်စီရဲ့ ယန္တရားတွေကို ဖြိုချပြီးတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ယန္တရားကို ထူထောင်တယ်ဆိုတဲ့ အခြေအနေတစ်ခုပေါ့။

အဲဒီရည်ရွယ်ချက်ကလည်း တစ်ခုအပါအဝင်ဖြစ်သလို စစ်အာဏာရှင်စနစ် ချည့်နဲ့သွားဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့အတွက်ကို ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းဖို့ ရည်ရွယ်ချက်နဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမဲ့ “ဟိုင်ဂင်သဘောတူညီချက်” ကြောင့် ယာယီရပ်တန့်လိုက်ရတဲ့ အချိန်မှာတော့ အရှိန်အဟုန်နဲ့ ရှေ့ကို တိုးနေတဲ့ ခေတ္တခဏတော့ တန့်သွားတယ်။ ရပ်ဆိုင်းသွားတယ်။ အဲဒီအခြေအနေတစ်ခုမှာ ပြန်လည်ပြင်ဆင်ပြီးတော့မှ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို ဆက်ပြီး ဆင်နွှဲတယ်။

ဒုတိယလှိုင်းစစ်ဆင်ရေးမှာကျတော့ ပထမလှိုင်းမှာတုန်းက ကျန်ရှိနေတဲ့ ဆက်ပြီးတိုက်ရမယ့်မြို့တွေ၊ ရှမ်းမြောက်တစ်ခွင်လုံးမှာ စစ်ကောင်စီ လုံးဝ ခြေကုပ်စခန်းတွေ အကုန်စွန့်ခွာပြီးတော့ စစ်ကောင်စီကင်းစင်ဒေသတစ်ခုဖြစ်သွားတဲ့ အနေအထားအထိ အဒီအဆင့်ထိကို သွားဖို့ ရည်မှန်းထားတယ်။

ဇူလိုင် ၁၂ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ။

ဒုတိယလှိုင်းမှာ မဟာမိတ်အင်အားတွေ အများကြီးတိုးလာတယ်။ ပထမလှိုင်းမှာပါတဲ့ မဟာမိတ်တွေထက် ဒုတိယလှိုင်းမှာပါတဲ့ မဟာမိတ်တွေက အများကြီးပေါ့။ နွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မန္တလေးတိုင်းနဲ့ မိုးကုတ်တစ်ကြောမှာရှိတဲ့ PDF တွေ ပြီးသွားရင် ရပ်ရွာအခြေပြုထားတဲ့ Local PDF တွေ ပ.က.ဖ တွေ အကုန်ပါလာတယ်။ အဲဒီအပြင်ကို PLA တို့လို အတွေးအခေါ်ကို အခြေခံတဲ့ လက်နက်ကိုင်တပ်တွေနဲ့ ရှမ်းမြောက်မဟာမိတ်အင်အားစုတွေကို ကျောင်းသားကို အခြေပြုထားတဲ့ တပ်တွေလည်း ထပ်ပြီးတိုးပြီးတော့ ဝင်ရောက်လာတာကို တွေ့ရတယ်။ ဧရိယာစစ်ကို ဖြန့်လိုက်တာ တွေ့ရတယ်။  စစ်ကို ဖြန့်လိုက်တဲ့အခါမှာ မန္တလေးတိုင်းထဲအထိကို တိုက်ပွဲတွေက ဆက်ပြီးတော့ ပြန့်ကားလာတယ်။ ဆိုလိုတာက စစ်က ရှမ်းမြောက်တစ်ခုတည်းမဟုတ်ဘဲနဲ့ ရှမ်းမြောက်ရဲ့ အစပ်ကို ကျော်ပြီးတော့မှ မန္တလေးတိုင်းထဲအထိကိုပါ တိုက်ပွဲတွေက ရွှေ့လာတာကို တွေ့ရတဲ့အတွက်ကြောင့် စစ်အာဏာရှင်ကို ဖိအားပေးတဲ့နေရာမှာ ပိုပြီးတော့ အရှိန်အဟုန်မြင့်လာတယ်။ ပိုပြီး​တော့ အင်အားများလာတယ်။ ပိုပြီးတော့ စုစည်းမှု၊ ညီညွတ်မှုတွေ တိုးပွားလာတယ်။ အဲဒီနှစ်ခုကတော့ ကွာဟချက်တွေဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး ။       ။ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ တွေ့ရတယ်။ အဲဒီမြို့သိမ်းတိုက်ပွဲမှာ ဘယ်တပ်တွေ ပါဝင်သလဲ။

ဖြေ ။     ။ လားရှိုးစစ်ဒေသမှာ ကိုးကန့်တပ် (MNDAA) တစ်ခုတည်း တိုက်နေတာမဟုတ်ပါဘူး။ TNLA ရဲ့ တပ်မဟာ (၆) ဒေသလည်းဖြစ်တော့ တပ်မဟာ (၆) ရဲ့ အဖွဲ့အစည်းတွေလည်း ပူးတွဲစစ်ဆင်ရေးလုပ်နေတာပေါ့။ အခြားသော ကိုးကန့်နဲ့ မဟာမိတ်ဖြစ်နေတဲ့ PLA နဲ့ တခြား PDF တွေလည်း ပါဝင်နေကြတာ တွေ့ရတယ်။ လူမျိုးပေါင်းစုံတပ်မဟာတစ်ခုတည်ထောင်ထားတဲ့ (၆၁၁) တပ်မဟာ အဲဒီအဖွဲ့တွေက သိန္နီကို သိမ်းတဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။ ခုလည်းပဲ ဒီတိုက်ပွဲတွေမှာ သူတို့ပါဝင်နေတယ်လို့ ယူဆရတယ်။

လားရှိုးမှာကတော့ တပ်စခန်းတွေ အများကြီးကျန်နေသေးတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဌာနချုပ်တစ်ခုဖြစ်နေတော့ အဲဒီမှာ တပ်အထိုင်ချထားတာတွေ အရမ်းများတယ်။ စစ်အင်အားလည်း အများကြီး ဖြည့်တင်းထားတယ်။ အဲဒါကို ကျအောင်တိုက်ရမဲ့အနေအထားဖြစ်တယ်။ အခုတော့ ကိုးကန့်ကနေပြီးတော့ ဦးဆောင်ပြီးတိုက်တယ်။ ဒရုန်းတွေသုံးတဲ့အခါမှာ တော်တော်လေးကို ထိထိရောက်ရောက် လုပ်နိုင်တာကို တွေ့ရတယ်။ နမ့်ပေါင်ဘက်မှာ စစ်စခန်းတွေကျတာတွေ ရှိတယ်။ တိုက်ခိုက်နိုင်တာတွေ ရှိတယ်။ ကျောက်မဲမှာ ကျတော့ စ.က.ခ ၁ ရှိမယ်။ ၅၀၁၊ ၅၀၂ နဲ့ တပ်ရင်း ၂ ရင်းရှိတယ်။ အဲဒီ တပ်ရင်း ၂ ရင်းနဲ့ စကခတစ်ခု အဲ့ဒီဟာကို ဆက်တိုက်နေတယ်။ အဲဒါကျသွားရင်တော့ ကျောက်မဲတစ်မြို့နယ်လုံးကို အပြည့်အဝထိန်းချုပ်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်လိမ့်မယ်လို့ ပြောလို့ရပါတယ်။

မေး ။      ။  ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးရဲ့ အဓိကစစ်ရေး ရည်မှန်းချက်က ဘယ်ဒေသအထိ ဖြစ်မယ် ထင်ပါသလဲ။

ဖြေ ။      ။  ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကတော့ ၂ ခုပေါ့။ တစ်ခုက ရှမ်းမြောက်ဒေသတစ်ခုလုံး လွတ်မြောက်သွားဖို့အတွက် ရည်ရွယ်တယ်လို့ ကျွန်တော်တော့ မြင်တယ်။ နောက်တစ်ခုက စစ်မဖြစ်တာဆိုလို့ မူဆယ်တစ်ခုပဲ ရှိတော့တယ်။ မူဆယ်ကလည်း စစ်သာမဖြစ်တာ မြို့လယ်ကောင်တစ်ခုပဲ စ.က.စ နဲ့ ပြည်သူ့စစ်တွေက ထိန်းချုပ်ထားနိုင်တယ်။ ကျန်တဲ့ ပတ်ချာလည်တွေ မူဆယ်မြို့နယ်ထဲမှာရှိတဲ့ ရွာတွေ ကျေးလက်ဒေသတွေအားလုံးကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီးသား အခြေအနေဖြစ်တယ်။ 

နယ်စပ်တွေရော ဂိတ်တွေရော အကုန်လုံးက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် စ.က.စ အတွက် နယ်စပ်ကုန်သွယ်ရေးတစ်ပေါက်ပဲ ဖွင့်ထားတာ။ ကျန်တာအားလုံးက တိုင်းရင်သားလက်နက်ကိုင်တွေ ထိန်းချုပ်ထားပြီးသား။ အဲဒီအနေအထားတစ်ခုလည်း အချိန်မရွေး Game က Change သွားနိုင်တယ်။ အင်အားချိန်ခွင်လျှာ အပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကျန်တဲ့နေရာတွေအကုန်လုံး ဝိုင်းပတ်ပိတ်ဆို့ပြီး ရသွားပြီဆိုတာနဲ့ Automatic (အလိုအလျောက်) မူဆယ်က ကျမှာပဲ။ အဲဒီလိုမြင်တယ်။

ဒုတိယရည်ရွယ်ချက်ကတော့ မန္တလေးတိုင်းပေါ့။ မန္တလေးတိုင်းထဲကို စစ်က အရှိန်အဟုန်နဲ့ ဝင်သွားပြီ မတ္တရာအထိ ရောက်သွားပြီ။ မန္တလေးမြို့နဲ့ အရမ်းကိုကပ်နေတဲ့ အခြေအနေတစ်ခုပေါ့။ အဲ့ဒီနားတစ်ဝိုက်မှာရှိတဲ့ စခန်းတွေကို Alpha ဘိလပ်မြေစက်ရုံနားမှာရှိတဲ့ စခန်းတွေကအစ ထိန်းချုပ်ထားနိုင်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဒုတိယလှိုင်းက မန္တလေးမှာ ဆက်ဖြစ်လိမ့်မယ်။ ရှမ်းမြောက်မှာ ငြိမ်သွားပြီဆိုရင်တောင်မှ မန္တလေးမှာ ငြိမ်မှာ မဟုတ်ဘူး။ မန္တလေးဒေသတွင်းမှာ ဆက်ပြီး ဖြစ်ပွားလိမ့်မယ်။ အင်နဲ့အားနဲ့ မန္တလေးတိုင်းမှာရှိနေတဲ့ PDF တွေရော Local တွေရော မဟာမိတ်အင်အားစုတွေရော အကုန်နီးပါးဟာ တော်လှန်ရေးကို ဆက်ပြီး အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ကူညီပံ့ပိုးလိမ့်မယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ ကူညီမလဲဆိုတာကိုတော့ ကျွန်တော်မပြောနိုင်ဘူး။

Show More

Related Articles

Back to top button