
ဒုတိယအကြိမ် ကိုဗစ်ချေးငွေလျှောက်ထားသည့် စီးပွားရေးလုပ်ငန်း ၁၀,၀၀၀ ကျော်အနက် နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းပေါင်း ၇,၆၀၀ ကျော် ရှိကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစိုးရ၏ ကိုဗစ်နိုင်တင်းစီးပွားရေးကုစားရေးအစီအစဉ်အရ ဒုတိယအကြိမ်ထုတ်ချေးရန် ဇူလိုင် ၂၉ မှ ဩဂုတ် ၁၀ အထိ ချေးငွေလျှောက်လွှာများလက်ခံခဲ့ရာ ရန်ကုန်ရှိ UMFCCI ရုံးချုပ်မှတစ်ဆင့် လုပ်ငန်း ၁,၅၀၀ ကျော်၊ တိုင်းနှင့် ပြည်နယ် ကုန်သည်စက်မှုအသင်းများမှတစ်ဆင့် လုပ်ငန်း ၇,၆၀၀ ကျော်နှင့် အင်တာနက်မှတစ်ဆင့် လုပ်ငန်း ၈၀၀ ကျော်လျှောက်ထားကြောင်း UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက Myanmar Now ကိုပြောသည်။
ကုန်သည်စက်မှုအသင်းချုပ်တွင်လျှောက်ထားသည့် လုပ်ငန်းများတွင် စားသောက်ကုန်လုပ်ငန်း၊ သွင်းကုန်အ စားထိုးလုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သိုလှောင်တင်ပို့မှု (Supply Chain) လုပ်ငန်းများမှာ အများဆုံးဖြစ်ပြီး တိုင်းနှင့် ပြည်နယ်မှလျှောက်ထားသည့် လုပ်ငန်းများကို အမျိုးအစားမခွဲရသေးသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အများဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။
“လုပ်ငန်းရှင်တွေ တော်တော်များများကလည်း အစိုးရအနေနဲ့ ချေးငွေတွေကို တကယ်ထုတ်ပေးနေဆိုတာကို သိလာတယ်။ အဲ့ဒီအပေါ်မှာ စိတ်ဝင်စားမှု များလာတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့အခေါက်ထက် လျှောက်လွှာအားဖြင့် နှစ်ဆခွဲနီးပါးလောက် ပိုပြီးရလာတဲ့သဘော ဖြစ်သွားတယ်” ဟု ဦးအေးဝင်းက ပြောသည်။
ပထမအကြိမ်ကိုဗစ်ချေးငွေအစီအစဉ်တွင် ချေးငွေလျှောက်ထားသည့်လုပ်ငန်း ၄,၂၅၀ ကျော်သာရှိသော်လည်း ဒုတိယအကြိမ်တွင် ချေးငွေလျှောက်ထားသည့်လုပ်ငန်း ၁၀,၀၀၀ ကျော်ရှိသဖြင့် နှစ်ဆခွဲကျော် တိုးလာသည်ကို တွေ့ရသည်။
ပထမအကြိမ်ချေးငွေတွင် လက်ခစားအထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း နယ်ပယ်သုံးခုကို ဦးစားပေးထုတ်ချေးပေးခဲ့သော်လည်း ဒုတိယအကြိမ်တွင်မူ လုပ်ငန်းနယ်ပယ် ကိုးခုအထိ တိုးချဲ့ထုတ်ချေးပေးမည်ဖြစ်သည်။
ဒုတိယအကြိမ်ချေးငွေအစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်း၊ ပြည်ပပို့ကုန်လု ပ်ငန်း၊ သွင်းကုန်အစားထိုးလုပ်ငန်း၊ ကုန်စည်ထုတ်လုပ်တင်ပို့မှု Supply Chain လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း စသည့်လုပ်ငန်း ကဏ္ဍ ကိုးခုကို ငွေထုတ်ချေးပေးမည်ဖြစ်သည်။
လာမည့်သီတင်းပတ်အတွင်း ချေးငွေလျှောက်လွှာအသေးစိတ်စိစစ်မှုကို စတင်မည်ဖြစ်ပြီး ချေးငွေအတည်ပြု ပေးမည့် ကိုဗစ်နိုင်တင်းစီးပွားရေးကုစားမှုကော်မတီသို့တင်ပြကာ ချေးငွေအမြန်ဆုံး ထုတ်ယူခွင့်ပြုရန်စီစ ဉ်ထားကြောင်း ဦးအေးဝင်းက ဆိုသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရန် ကနဦးအစီအစဉ်အဖြစ် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ ကျပ် ၅၀ ဘီလျံ နှင့် လူမှုဖူလုံရေးရန်ပုံငွေ ကျပ် ၅၀ ဘီလျံ စုစုပေါင်း အရေးပေါ်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလျံကို ပြည်ထောင်စုအစိုးရက ထူထောင်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း ၁ နှစ် သတ်မှတ်ကာ ထုတ်ချေးပေးခဲ့သည်။။
ဒုတိယအကြိမ်အစီအစဉ်အတွက် ပြည်ထောင်စုအစိုးရ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံငွေမှ ကျပ် ၁၀၀ ဘီလျံ ထပ်မံဖြည့်ဆည်းပြီး ချေးငွေများဆက်လက်ထုတ်ချေးပေးမည်ဖြစ်သဖြင့် စုစုပေါင်းကိုဗစ်ချေးငွေ ရန်ပုံငွေမှာ ကျပ် ၂၀၀ ဘီလျံရှိလာသည်။
ပထမအကြိမ်ချေးငွေအစီအစဉ်တွင် ချေးငွေလျှောက်ထားသည့် လုပ်ငန်း ၄,၂၅၀ ကျော်အနက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့်လုပ်ငန်း ၃,၃၉၃ ခုအတွက် ချေးငွေကျပ် ၁၀၁ ဘီလျံကျော်ကို ၇ ကြိမ်ခွဲ၍ ထုတ်ချေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။