
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဦးတည်နေသည့် ရိက္ခာနှင့် လက်နက်တင် သင်္ဘော ၆ စီး၏ လုံခြုံရေးအတွက် ဧရာဝတီမြစ်ဘေးတွင် စစ်ကြောင်းထိုးနေသည့် တပ်က အရပ်သားများကို ဖမ်းဆီးခြင်း၊ အိမ်များ မီးရှို့ခြင်း စသည့်အမှုများ ကျူးလွန်နေသည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။
စက်တင်ဘာ ၁၇ ရက်နေ့က ကသာမြို့မှ ထွက်ခွာလာသော ထိုသင်္ဘောများ ရွှေကူမြို့သို့ ညဦးပိုင်းတွင် ရောက်ရှိလာကြောင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဆင်တပ်ရွာတွင် စစ်ကောင်စီတပ်များ ကမ်းတက်ခဲ့ရာ ရွှေကူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် မြို့လှ-PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နောက်တစ်နေ့တွင် ဆင်တပ်ရွာနှင့် တစ်ဆက်တည်းရှိနေသည့် ရေလဲရွာကို စစ်တပ် ဝင်ရောက်စီးနင်းကာ ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးပြီး ရွာကို ဖျက်ဆီးရာ မီးလောင်သွားသည့် အိမ်ခြေ တစ်ရာကျော် ရှိနိုင်သည်ဟု မြို့လှ-PDF အဖွဲ့မှ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက ပြောသည်။
“မနက် ၉ နာရီလောက်က စရှို့တာ တစ်ရာကျော်လောက်တောင် ပါမယ်ထင်တယ်၊ အဲဒီတပ်က သင်္ဘောတွေပေါ်က ပါလာတာ၊ (ခြေမြန်တပ်ရင်း) ၁၂၁ နဲ့ ၃၁၉ တပ်တွေ၊ မိုင်းခွဲလိုက်တော့ ဒီကောင်တွေ နာသွားတယ်နေမှာ။ နောက်နေ့ ရေလဲကို ဝင်ရှို့တော့တာပဲ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။

ရေလဲရွာကို မီးရှို့ချိန်တွင်ပင် ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေး ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှ ရွှေဖောင်များနှင့် စက်လှေများကိုလည်း ဖျက်ဆီးခဲ့ရာ စက်လှေ အစီး ၄၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်တပ်က ရွှေကူမြို့နှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ရေလဲရွာကို မီးရှို့ပြီးနောက် ဖမ်းဆီးထားသည့် ဒေသခံ ၄၀ ခန့်ကို ယနေ့ (စက်တင်ဘာ ၁၉) တွင် ပြန်လွှတ်ပေးသည်။ ရေလဲရွာနှင့် ကပ်လျက်ရှိသည့် မိုးစစ်ရွာကို မီးရှို့နေသည်ဟု ယနေ့နံနက်တွင် ဒေသခံတို့ထံမှ သိရသည်။
စက်တင်ဘာ ၁၇ ရက်နေ့ကလည်း အဆိုပါ သင်္ဘောများ ကသာမြို့မှ ထွက်ခွာလာစဉ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် ရှိသည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ် တုတ်ကြီးရွာအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် ထိုသင်္ဘောများ ကမ်းကပ်ကာ ရွာကို ဝင်ရောက်စီးနင်းသည်၊ နေအိမ် ၄၅ လုံးကို မီးရှို့ပြီး ဒေသခံအမျိုးသား ၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ကသာမြို့နယ်-ပကဖအဖွဲ့ထံမှ သိရသည်။
ကိုရဲမောင် (၃၀ နှစ်)၊ ကိုဉာဏ်ထွန်း (ခ) ကိုကိုက်ကိုက် (၃၈ နှစ်)၊ ဦးအောင်လင်း (၄၁ နှစ်)၊ ဦးခင်မောင်ဌေး (၄၃ နှစ်) တို့၏ ရုပ်အလောင်းများ ရှာတွေ့ထားသည်။ ကိုချဲ (၂၂ နှစ်)၊ ကိုဘိုဘိုထွန်း (၂၁ နှစ်) နှင့် ကိုအောင်သန်း (၂၃ နှစ်) တို့၏ အလောင်းများ ရှာမတွေ့သေးပေ။
စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အဆိုပါ သင်္ဘောအုပ်စုတွင် တွဲသင်္ဘော ၃ စီး၊ ခရီးသည်တင်သင်္ဘော ၁ စီးနှင့် စစ်သင်္ဘော နှစ်စီးတို့ ပါဝင်သည်။
လတ်တလောတွင် အဆိုပါသင်္ဘောများ ကချင်ပြည်နယ် ရွှေကူမြို့တွင် ကမ်းကပ်ထားပြီး ဗန်းမော်မြို့သို့ ရောက်ရှိရန် ရေမိုင် ၆၀ ပတ်ဝန်းကျင်သာ လိုတော့သည်။
စစ်ကိုင်း-ကချင်နယ်စပ်တွင် ရှိသည့် မြို့နယ်များဖြစ်သည့် ရွှေကူ၊ ကသာ၊ အင်းတော်၊ ဗန်းမောက် စသည့် မြို့နယ်များမှ ဒေသကာကွယ်ရေးအဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ် (KIA) ၏ စစ်ရေးကူညီမှုများကို ရရှိနေပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည်။
၂၀၂၁ တွင် အာဏာသိမ်းသည့် စစ်တပ်က လမ်းပေါ်ထွက်ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)