သတင်း

ဖမ်းဆီးခံ ရခိုင်အမျိုးသမီးအသင်းဥက္ကဋ္ဌ ကျန်းမာရေးဆိုးရွားနေ

၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်ခဲ့မှုဖြင့် စစ်တွေထောင်တွင် ချုပ်နှောင်ခံထားရသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးသည် ယမန်နေ့ (စက်တင်ဘာ ၁၈) တွင် အရေးပေါ် ဆေးဝါးကုသမှုခံယူခဲ့ရသည်အထိ ကျန်းမာရေးဆိုးရွားနေကြောင်း မိသားစုဝင်များက ပြောသည်။

အသက် ၆၇ အရွယ် ဒေါ်ညိုအေး စစ်တွေမြို့နယ်တရားရုံးတွင် လဲကျသွားသည်ဟု သိရသည်။

“သွေးတိုးပြီး မူးလဲသွားတာ။ မနေ့က သွေး (၂၀၀) တက်သွားတယ်။ ဆေးရုံကို ရောက်တာနဲ့ သွေးကျဆေးထိုးတယ်တဲ့။ သွေးကျဆေးထိုးပြီးတာနဲ့ ခေါင်းတွေကို ဓာတ်မှန်ရိုက်တယ်။ နှလုံးကို ဓာတ်မှန်ရိုက်တယ်။ အသည်းကို ဓာတ်မှန်ရိုက်တယ်။ ပြီးတော့ သွေးကျဆေးထိုးပြီးတာနဲ့ သွေး (၂၀) ကျသွားတာနဲ့ ထောင်ထဲကို ပြန်ခေါ်သွားတယ်” ဟု သူ၏ မိသားစုဝင်က ပြောသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းလက်ထက်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဆန်ပြဿနာနေ့ နှစ်ပတ်လည်အခမ်းအနားကို ယခုလ ၁၃ ရက်နေ့တွင် စစ်တွေမြို့တစ်နေရာ၌ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သည့်ပွဲကို ဒေါ်ညိုအေး တက်ရောက်ခဲ့ပြီး နှစ်ရက်အကြာတွင် အဖမ်းခံခဲ့ရသည်။

သူ့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားပြီး ရခိုင်ကျောင်းသားခေါင်းဆောင်များကိုလည်း စစ်ကောင်စီက ဖမ်းဆီးရန် လိုက်လံရှာဖွေနေသည်။

ဩဂုတ် ၁၃ က စစ်တွေမြို့တစ်နေရာတွင် ပြုလုပ်သော ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်လာသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး (ယာအစွန်)။ (ဓာတ်ပုံ-DMG)

သွေးတိုး၊ နှလုံးရောဂါတို့ ခံစားနေရသည့် ဒေါ်ညို‌အေးအတွက် မိသားစုက ဆေးဝါးများ ထောင်တွင်းသို့ ပို့ပေးမည်ဟု တောင်းဆိုထားသော်လည်း ထောင်အာဏာပိုင်များက ပယ်ချခဲ့သည်ဟုလည်း ဒေါ်ညိုအေး၏ မိသားစုဝင်က ပြောသည်။

“ကျန်းမာရေးအတွက် ပူဖို့မလို။ ဆရာဝန်၊ ထောင်ဆရာဝန် ရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေအတွက် စပယ်ရှယ်ထားတာလို့ (ရဲနဲ့ ထောင်ဘက်က) ပြောတယ်။ အဲလိုပြောပြီး အခုကျတော့ ကျန်းမာရေးစောင့်ရှောက်မှုမရှိ။ ဆရာဝန်တစ်ယောက်တည်း လာလို့ ကြည့်တယ်။ ဆေးတွေ အပြည့်အဝမရှိဘူး” ဟု ၎င်းက ပြောသည်။

“နောက်ထပ် ဘာတွေ အခက်အခဲရှိလဲဆိုရင် ထောင်ထဲမှာ သူနေရတာဟာ ခေါင်မိုးမရှိ၊ မိုးရွာရင်လည်း မိုးရေစိုတယ်။ နေပူရင်လည်း နေပူကျတယ်။ မိုခါ (မုန်တိုင်း) ကတည်းက အခေါင် (အမိုး) မရှိလို့ ပြောတယ်”

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေ ၁၄ က စစ်တွေမြို့သို့ ဦးတည်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့တော် စစ်တွေအပါအဝင် ရခိုင်မှ မြို့နယ်အများအပြားတွင် အဆောက်အအုံများစွာ ပျက်စီးပြီး လူရာချီ သေဆုံးခဲ့သည်။

ဒေါ်ညိုအေးသည် စစ်ပွဲရပ်တန့်ရေး၊ ရခိုင့်သယံဇာတ ရခိုင်တို့ ရရှိရေး စသည့် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး အမျိုးသမီးအရေးကိစ္စရပ်များတွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူဖြစ်သည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုဦးသန်းနိုင်နှင့် လုပ်ဖော်ကိုင်ဖက်များကို စစ်ဆေးစီရင်ပြီးမှ ဒေါ်ညိုအေးအမှုကို စစ်ဆေးစီရင်မည်ဟု တရားရုံးက ဆုံးဖြတ်ထားသည်။

၂၀၂၃ သြဂုတ်လ ၁၃ ရက်နေ့က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ( ရ.က.သ) ရုံးတွင် ပြုလုပ်ခဲ့သည့် ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား (ဓာတ်ပုံ – ရ.က.သ Facebook)

စစ်တွေဆန်ပြဿနာနေ့သည် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဆန်စပါး ရှားပါးမှုကြောင့် ၁၉၆၇၊ သြဂုတ် ၁၃ တွင် “နှာခေါင်းပိုင်း နေဝင်းအစိုးရ အလိုမရှိ”၊ ”မဆလအစိုးရ အလိုမရှိ”၊ ”ဆန်ပြဿနာဖြေရှင်းပါ၊ ရခိုင်အရေးတော်ပုံ အောင်ရမည်” ဟု ဆန္ဒပြကြရာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့သည်။ ထိုစဉ်က လူပေါင်း ၃၀၀ ကျော် သေဆုံးသွားသည်ဟု ဒေသခံများက ယုံကြည်ကြသည်။

စစ်အစိုးရကမူ ၂၄ ဦးသာ သေဆုံးသည်ဟု ထုတ်ပြန်ခဲ့ကြောင်း စစ်တွေအခြေစိုက် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) က ထုတ်ဝေသည့် “စစ်တွေဆန်ပြဿနာ နှစ် ၅၀ ပြည့် မှတ်တမ်း” စာအုပ်တွင် ရေးသားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button