ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေထိုင်ကြသော ရိုဟင်ဂျာအမျိုးသမီး ၄၀ ကျော်ကို ဆယ်နှစ်ကျော်ကြာ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုနှင့် စွပ်စွဲဖမ်းဆီးခံထားရသော ၄၃ နှစ်အရွယ် စခန်းတာဝန်ခံက ငွေကြေးဖြင့် အမှုပြေငြိမ်းရန် ကြိုးစားနေကြောင်း နစ်နာသူများက ပြောသည်။
စစ်တွေမြို့ အနောက်မြောက်ဘက် ၆ မိုင်ခန့် အကွာတွင်ရှိ လူ ၂၀၀၀ ကျော် ခိုလှုံနေထိုင်နေသည့် ဖွဲ့ရာကုန်းစခန်းတွင် ဖြစ်ပွားခဲ့သော ထိုအမှုများတွင် အသက် ၁၅ နှစ် မှ ၃၀ ကြား အမျိုးသမီးများ ကျူးလွန်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ရိုဟင်ဂျာ-ရခိုင်အရေးအခင်းဖြစ်ပြီး ထိုစခန်းသို့ ရောက်ရှိခိုလှုံလာသော အိမ်ထောင်ရှင်၊ မုဆိုးမ၊ စိတ်ဝေဒနာရှင်နှင့် ၁၈ နှစ်မပြည့်သေးသော အမျိုးသမီး ၄၅ ဦးခန့်ကို ထိုနှစ်မှစ၍ ၂၀၂၂ သြဂုတ် ၂ အတွင်း စခန်းတာဝန်ခံ ဦးအုစ်မာန်ဂေါ်နီက ကျူးလွန်ခဲ့သည်ဟု ကာယကံရှင်တချို့က ဆိုသည်။
၂၀၂၂ သြဂုတ် ၂ တွင် အသက် ၃၀ အရွယ် အမျိုးသမီးကို ဓားဖြင့် ခြိမ်းခြောက်ကာ မုဒိမ်းကျင့်သည်၊ ထိုအမျိုးသမီးက အော်ဟစ် အကူအညီတောင်းရာ ဝိုင်းဝန်းဖမ်းဆီး၍ ရဲလက်အပ်ခဲ့ကြသည်ဟု သိရသည်။
ထိုအမျိုးသမီး ဦးဆောင်၍ ယမန်နှစ် နိုဝင်ဘာက စစ်တွေမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် စခန်းတာဝန်ခံ ဦးအုစ်မာန်ဂေါ်နီကို တရားစွဲဆိုခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ပြင်ဆင်လိုက်သော ရာဇသတ်ကြီးပုဒ်မ ၃၇၆ ကို ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ကျူးလွန်ခံရသူသည် အသက် ၁၂ နှစ်အောက် ဖြစ်ပါက ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ရန် ပြဋ္ဌာန်းထားသည်။
စခန်းတာဝန်ခံ၏ မိသားစုဝင်များ ရန်ပြုမည်ကို စိုးရိမ်၍ ထိုစဉ်ကတည်းက အဆိုပါအမျိုးသမီးနှင့် ၎င်း၏ ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။
ထို့နောက် အဆိုပါစခန်းမှ အမျိုးသမီးများက ၎င်းတို့လည်း အလားတူ ကျူးလွန်ခံခဲ့ရကြောင်း ဥပဒေဝန်ထမ်းတစ်ဦးကို အကူအညီတောင်းခဲ့သည်၊ ကျူးလွန်ခံရသူများအနက် ၉ ဦးက ဒေသအခြေစိုက် အမျိုးသမီးအရေး ဆောင်ရွက်သည့် အရပ်ဘက်အဖွဲ့ ၅ ဖွဲ့ထံ တိုင်ကြားခဲ့သည်၊ နောက်ဆုံးတွင် အမျိုးသမီး ၄၀ ကျော် အလိုမတူဘဲ ပြုကျင့်ခံရမှု ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးက ၂၀၂၁ ဇူလိုင်လအတွင်း မတရားကျင့်ခံရသည်ဟု ပြောသည်။
“သူက တံခါးကို ဖွင့်ဝင်လာတယ်။ ပါးစပ်ကို ပိတ်ထားပြီး ရင်ဘတ်ကို ဓားထောက်ပြီး မုဒိမ်းကျင့်ပါတယ်။ ကျွန်မ သတိမေ့သွားတယ်” ဟု သူက ပြောသည်။
မိန်းကလေးက နောက်တစ်နေ့တွင် စခန်းကော်မတီထံ သွားရောက်တိုင်ကြားသည်၊ ဦးအုစ်မာန်ဂေါ်နီ၏ အစ်ကိုဖြစ်သူက ထိုကော်မတီနှင့် ညှိနှိုင်းပြီး အမှုကျေအေးစေရေးအတွက် ငွေကျပ် နှစ်သိန်း ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။
“ကျွန်မကို ဒီလောက်ဖျက်ဆီးထားတာ ပိုက်ဆံယူလို့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ ကျွန်မကို မတရားလုပ်တဲ့ကိစ္စ တရားသဖြင့်ဖြစ်အောင် လုပ်ပေးရမယ်လို့ ပြောတယ်။ ဆိုတော့ နင်တို့လည်း ဒီမှာ (စခန်း) နေထိုင်နိုင်မှာ မဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်တယ်” ဟု ၎င်းက ဆက်ပြောသည်။
အမှုရုပ်သိမ်းရေး အလားအလာ
သို့သော်လည်း ဖေဖော်ဝါရီ ၁၆ ရုံးချိန်းတွင် ဦးဆောင်တရားစွဲဆိုသည့် အမျိုးသမီးသည် ကျေအေးလွှာ တင်မည်ဟု ပြောခဲ့သဖြင့် နစ်နာခဲ့သူများက စခန်းတာဝန်ခံ ပြန်လွတ်လာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။
အမှုကို ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးအဖွဲ့ချုပ် သဘာပတိ ဒေါ်စောပုစိန်က အမှုအခြေအနေ အပြောင်းအလဲရှိလာနိုင်သည်ဟု ပြောသည်။
ထိုအမျိုးသမီးက ဖခင်ဖြစ်သူကို သွားရောက်တွေ့ဆုံပြီးနောက် အမှုပြီးပြတ်ရေးအတွက် ကျေအေးလွှာ တင်မည့်အသံ ထွက်လာသည်ဟု သူက ပြောသည်။
“ဖခင် နေမကောင်းဘူးဆိုပြီးတော့ မုဒိမ်းကောင်ရဲ့အစ်ကိုဖြစ်သူက ဆက်သွယ်ခိုင်းတယ်။ သူ့ဖခင်ကို သူတို့တွေ ဖိအားပေးခိုင်းထားတာ နေမှာပေါ့။ ဆိုတော့ သမီးဖြစ်သူလည်း သွားလိုက်တယ်။ သူသွားလိုက်တော့ ကျူးလွန်သူရဲ့ မိသားစုဝင်တွေက ငွေပေးပြီးတော့ ပြေငြိမ်းစာ တင်ပစ်လိုက်ဆိုပြီးတော့ ပြောတယ်။ ၁၆ ရက်နေ့မှာ ပြေငြိမ်းစာ တင်မယ်လို့ အဲဒီက အမျိုးသမီးက သတင်းပေးလာတယ်” ဟု သူက ပြောသည်။
ထိုအမျိုးသမီးက ပြေငြိမ်းစာတင်မည်ဆိုသော်လည်း ကျန်သည့်အမျိုးသမီးများက မကျေနပ်သဖြင့် အမျိုးသမီးရေးအဖွဲ့ ၅ ဖွဲ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီး အမှု မပြေငြိမ်းသင့်ကြောင်း ပြည်နယ်စစ်ကောင်စီထံသို့ ဖေဖော်ဝါရီ ၉ တွင် စာပို့ထားသည်ဟု ၎င်းက ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ထိုအမှုသည် ကျေအေးလွှာ တင်သွင်း၍ရသော်လည်း အခြားတစ်ဦးက ကန့်ကွက်ပါက ကျေအေး၍ မရကြောင်း မှတ်ချက်ပြုသည်။
“၃၇၆ ကို ရုပ်သိမ်းလို့ ရလားဆိုတော့ ကာယကံရှင်လုပ်တဲ့သူက ကျေနပ်တယ်ဆိုရင်တော့ ရုပ်သိမ်းလို့ ရပါတယ်။ အဲဒါမှာ အမျိုးမျိုးရှိပါတယ်။ တစ်ခါတလေ သမီးရည်းစားကြား ပြစ်မှုကျူးလွန်ပြီး ၃၇၆ နဲ့ စွဲတယ်။ ပြီးတော့ သူတို့နှစ်ယောက် လက်ထပ်ယူသွားတာရှိတယ်။ အဲဒါတွေတော့ ပြောလို့မရ။ ကာယကံရှင်က ကျေနပ်တယ်ဆိုရင်တော့ ရုပ်သိမ်းလို့ရတဲ့သဘောရှိပါတယ်” ဟု သူက ဆိုသည်။
“သို့သော် အဲဒီအထဲမှာ တစ်ယောက်သောသူက ကျေနပ်တယ်လို့ ဘယ်လောက်ပဲ ရုပ်သိမ်းလွှာတင်တင် (အခြား) တစ်ယောက်လောက် ကန့်ကွက်လိုက်ရင် မရတော့ဘူး” ဟု သူက ဆက်ပြောသည်။
ကျူးလွန်ခံရသည့် အမျိုးသမီးတစ်ဦးက အမှုကို ပြီးဆုံးသည်အထိ စစ်ဆေးစေလိုသည်ဟု ပြောသည်။
“တစ်ဦးတစ်ယောက်တည်းကို ကျူးလွန်ခဲ့တာ မဟုတ်ဘူး။ အများကြီး ကျူးလွန်ခဲ့တာ။ သူ့ကို သေဒဏ်ပေးစေချင်တယ်။ သေဒဏ်မပေးရင် ခုလိုကိစ္စမျိုးတွေ ထပ်ဖြစ်လာမှာပဲ” ဟု သူက ပြောသည်။
စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဦးအုစ်မာန်ဂေါ်နီ မိသားစုကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ထိုစခန်းမှ ကျူးလွန်ခံရသူ အမျိုးသမီးများထဲမှ အခြား ၇ ဦးက ယနေ့ ဖေဖော်ဝါရီ ၂၁ တွင် စစ်တွေမြို့နယ်တရားရုံး၌ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လိုက်ကြောင်း ထိုအမျိုးသမီးကိစ္စဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
“ဒီနေ့မှာ ခရိုင်က ရဲတွေ အဲဒီအမျိုးသမီး ၇ ယောက်လောက်ကို ဆေးစစ်ချက်ယူတယ်။ စစ်ချက်ပြန်ယူတယ်။ ပြီးတော့ ဒီနေ့ မြို့နယ်တရားရုံးမှာ အမှုဖွင့်လိုက်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အမျိုးသမီးများ မကြာခဏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
၂၀၂၀ နိုဝင်ဘာ ၃၀ တွင်လည်း ၄၅ နှစ်အရွယ် ဘာသာရေးဆရာအပါအဝင် အမျိုးသား သုံးဦးက အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာ-ရခိုင်အရေးအခင်းကြောင့် ရိုဟင်ဂျာ တစ်သိန်းကျော်ခန့် ဒုက္ခသည်စခန်းများတွင် စားဝတ်နေရေးခက်ခဲစွာဖြင့် နေထိုင်နေရသည်။
၂၀၁၇ ခုနှစ်ကလည်း မောင်တောဒေသတွင် ARSA လက်နက်ကိုင်အဖွဲ့အစည်းက ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာ နေအိမ်များ မီးရှို့ခံရပြီး ရိုဟင်ဂျာ ၇ သိန်းကျော်ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည်။
နယ်မြေရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်သားများက ရိုဟင်ဂျာအမျိုးသမီးများကို မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များ ပေါ်ပေါက်ခဲ့သည်။
ထိုကာလအတွင်း ရွာသားအများအပြား သတ်ဖြတ်ခံရသောကြောင့် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)