သတင်း

တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းကို ထောင်ဒဏ်သုံးလစီ ချမှတ်

အစိုးရ၏ ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကာကွယ်ရေး အရေးပေါ်ညွှန်ကြားချက်ကို မလိုက်နာသဖြင့် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀( က) အရ  ထောင်ဒဏ်သုံးလစီ ကျခံစေရန် မရမ်းကုန်းမြို့နယ်တရားရုံးက ယနေ့ အမိန့်ချမှတ်ခဲ့သည်။ 

တရားလိုပြသက်သေ ၁၂ ဦး ၊  တရားခံပြသက်သေ ၈ ဦး စုစုပေါင်း ၂၀ ဦးကို နှစ်လကျော်ကြာ စစ်ဆေးပြီးနောက် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

မူလက အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်သည့် ပုဒ်မ ၂၅ ဖြင့် စွဲချက်တင် စစ်ဆေးခဲ့သော်လည်း အမိန့်ချမှတ်သောအခါ တစ်နှစ်ထက် ပို၍ မချနိုင်သော ပုဒ်မ ၃၀ (က)ဖြင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ကိုဗစ်နိုင်တင်းကပ်ရောဂါထိန်းချုပ်ရေးကာလ ဧပြီလဆန်းပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ညီအစ်ကိုများအသင်းတော်ကျောင်း၏ အခန်းတစ်ခန်းတွင် “လူစုလူဝေး” နှင့် နှစ်သိမ့်ဓမ္မတေး သီဆိုဆုတောင်းပြီး လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုကြောင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံး၏ မတ် ၁၃ ကြေညာချက်အပါအဝင် အစိုးရ၏ အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သဖြင့် တရားဟောဆရာ ဒေးဗစ်လား၊ ဦးဝေထွန်း၊ သင်းအုပ်ဆရာ စောကွယ်ဝါး၊ အမှုတော်ဆောင် စောရေဂန်ဒီတို့ကို ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဧပြီလလယ်က အမှုဖွင့်တရားစွဲဆိုခဲ့သည်။

တရားဟောဆရာ ဒေးဗစ်လားအမှုကို မေ ၂၀ ရက်တွင် စတင်ရမန်ယူစစ်ဆေးခဲ့ပြီး ပြစ်ဒဏ် သုံးလ အပြီးသတ်ချမှတ်ခဲ့သည်။ ချုပ်ရက် ထုတ်နုတ်ခံစားခွင့် ရမည်ဖြစ်ရာ အင်းစိန်ထောင်၌ ရက်သတ္တပတ် နှစ်ပတ်ခန့်သာ အကျဉ်းကျပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။ 

ပြစ်ဒဏ်နည်းသည့် ပုဒ်မ ပြောင်းလဲ၍ အမိန့်ချရသည့် အကြောင်းရင်းကို သတင်းထောက်များက မေးမြန်းရာတွင် မရမ်းကုန်းမြို့နယ်တရားရုံး သတင်းမီဒီယာပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက “မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရအမိန့်ကို လိုက်နာရန် ပျက်ကွက်လို့ ဒီပုဒ်မနဲ့ အမိန့်ချတာ” ဟုသာ ဆိုသည်။

ပြောင်းလဲချမှတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) အရ ” သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်း ” ရှိလျှင် ကျူးလွန်သူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ 

ယခင်က ၎င်းတို့ နှစ်ဦး အမှုကို စစ်ဆေးရာတွင် သတင်းထောက် အနည်းဆုံး တစ်ဦးကို ဝင်ခွင့် ပြုခဲ့သော်လည်း ယနေ့ အပြီးသတ် အမိန့်ချမှတ်ရာတွင် သတင်းထောက်တစ်ဦးမျှ ဝင်ရောက်နားထောင်ခွင့် မပြုပေ။ ယင်းအပေါ် သတင်းမီဒီယာပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ၎င်းမှာ တရားခွင်ခန်းတွင် နေထိုင်ရသူ ဖြစ်တာကြောင့် မသိရှိ၍ မဖြေနိုင်ကြောင်း ဆိုသည်။

တရားဟောဆရာ ဒေးဗစ်လား ဦးဆောင်ပြုလုပ်ခဲ့သည့် ဘာသာရေးဆိုင်ရာစုဝေးမှုများသို့ တက်ရောက်ခဲ့သူများ အပါအဝင် တက်ရောက်ခဲ့သူများနှင့် အနီးကပ်ထိတွေ့မှုရှိသူ အနည်းဆုံး ၇၂ ဦးတွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကိုဗစ်နိုင်တင်းအခြေအနေအစီရင်ခံစာအရ သိရသည်။

ဒေးဗစ်လားသည် ကနေဒါနိုင်ငံ တိုရန်းတို့မြို့ အခြေစိုက် မြန်မာပြည်ဖွား ခရစ်ယာန်တရားဟောဆရာ တစ်ဦးဖြစ်ပြီး ကမ္ဘာအနှံ့လှည့်လည် ဟောပြောလျက်ရှိသည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ၎င်း၏ ဟောပြောချက်များသည် အငြင်းပွားဖွယ်ရာဖြစ်သည်ဟူသော ဝေဖန်မှုများလည်း ရှိနေသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ၃၅၇ ဦးဖရှိပြီး ၎င်းတို့အနက် ၃၀၅ ဦးမှာ ပြန်လည်သက်သာခဲ့ကာ ခြောက်ဦးမှာ သေဆုံးခဲ့သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဩဂုတ် ၆ နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button