သတင်း

ဘိုကလေးမှ လူငယ် ၄ ဦးကို စစ်ကောင်စီ သေဒဏ်ချ

တော်လှန်ရေးလှုပ်ရှားမှု အားနည်းသည့် ဧရာဝတီတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ ဖျာပုံခရိုင်တရားရုံးက ဘိုကလေးမြို့နယ်မှ လူငယ် ၄ ဦးကို စစ်တပ်သတင်းပေး သတ်ဖြတ်ခံရမှုအတွက် အပြစ်ရှိသည်ဟုဆိုကာ သေဒဏ်ကျခံစေရန် စက်တင်ဘာ ၁၂ ရက်နေ့တွင် အမိန့်ချလိုက်သည်။

၂၀၂၂ ဧပြီ ၁၄ ရက်နေ့တွင် ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုက ဘိုကလေးမြို့ အမှတ် (၆) ရပ်ကွက်နေ ဒေါ်သူဇာကြီးဆိုသူကို စစ်ကောင်စီသတင်းပေးဟု စွပ်စွဲပစ်သတ်ခဲ့ပြီး များမကြာမီ စစ်ကောင်စီက အသက် ၂၀ ကျော် အမျိုးသား ၄ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လူသတ်မှု ပုဒ်မ ၃၀၂ (ခ)ဖြင့် သေဒဏ်ချမှတ်ခံထားရသူများမှာ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်၊ ကိုနိုင်ဝေလင်းနှင့် ကိုပြည့်စုံဖြိုးတို့ဖြစ်ကြောင်း၊ ၎င်းတို့မှာ သာမန်အရပ်သားများဖြစ်ကြပြီး အသတ်ခံရသူ၏ နေအိမ်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်း၌ အိမ်ရှေ့မှ ဖြတ်သန်းသွားလာခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးခံရခြင်းသာဖြစ်ကြောင်း တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများနှင့် နီးစပ်သည့် ဘိုကလေးမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“(ဖျာပုံထောင်ကနေ) ပုသိမ်ထောင်ကို နေ့ချင်းပဲ ပို့လိုက်တယ်။ မသေမချင်း ကြိုးကွင်းစွပ် သတ်စေဆိုပြီး ဖျာပုံခရိုင်တရားရုံးက တရားသူကြီး ဒေါ်သူဇာအေးက အမိန့်ချမှတ်ခဲ့တာပါ” ဟု သူက ပြောသည်။

ဒေါ်သူဇာကြီးဆိုသူကို သတ်ဖြတ်ကြောင်း ကြေညာခဲ့သည့် ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုနှင့် ထိုလူငယ် ၄ ဦး ဆက်စပ်မှု ရှိမရှိ မသိရသေးသလို တရားသူကြီးက မည်သို့သော အထောက်အထားကြောင့် ထိုသူတို့ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ကြောင်းကိုလည်း မသိရသေးပေ။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ထင်သလိုဖမ်းဆီးနေသည်။ စစ်ကောင်စီ ဖမ်းသွားပြီး စစ်ကြောရေးတွင် လူမသိသူ သေဆုံးသူများ၊ ရုပ်အလောင်းပင် မိသားစုက ပြန်မရသည့်ဖြစ်စဉ်များလည်း ရှိနေသည်။

ထို့အတူ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခြင်းမရှိသည့် သေဒဏ်ပေးမှုကိုလည်း အာဏာသိမ်း ဗိုလ်ချုပ်ကြီးများက ၎င်းတို့လက်ထက်တွင် ပြန်လည်အသက်သွင်းခဲ့သည်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ၂၀၂၂ ဇန်နဝါရီက ထင်ရှားသည့် နိုင်ငံရေးသမားများဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု(ခ)ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ်ဟောင်း၊ နိုင်ငံကျော် ရက်ပ်အဆိုတော် ဦးဖြိုးဇေယျာသော်နှင့် လှိုင်သာယာမြို့နယ်နေ ကိုလှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို စစ်ကောင်စီက တိတ်တဆိတ် ကြိုးပေးကွပ်မျက်ခဲ့ဖူးသည်။

NLD အစိုးရကို ဖြုတ်ချကာ ​​စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ စစ်ကောင်စီက ၁၅၀ နီးပါးကို သေဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button