အတွေးအမြင်

ကိုဇေယျာသော်လိုချင်ခဲ့သော အဘိဓာန်

သားဖြစ်သူ ကိုဖြိုးဇေယျာသော် မတရားကွပ်မျက်သတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများကို ၎င်း၏ အသက် ၇၆ နှစ်အရွယ် မိခင်ဒေါ်ခင်ဝင်းမေ၏ ပြောဆိုချက်များကို နားထောင်ရသည့်အခါ မိခင်၏ သားအပေါ်ချစ်မြတ်နိုးမှုနှင့် လောကဓံကို တည်ငြိမ်စွာရင်ဆိုင်နိုင်သည့်သူတစ်ဦး၏ စိတ်ဓာတ်ကို နားထောင်သူများ အံ့ချီးမကုန်ဖြစ်ရပါသည်။

ကွပ်မျက်သတ်ဖြတ်မှု မဖြစ်ခင် မိခင်နှင့် သားတို့ ဖန်သားပြင်မှတစ်ဆင့် မိနစ်နှစ်ဆယ်ခန့် လွန်ခဲ့သည့် သောကြာနေ့ညနေက အင်းစိန်ထောင်တွင် တွေ့ဆုံကြရာဝယ် ယခုတွေ့ဆုံမှုသည် နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းလားဆိုသည်ကိုတော့ နှစ်ဦးသား ဝေခွဲမရဖြစ်နေခဲ့ကြသည်။

ကိုဇေယျာသော်က သူလိုချင်သည့် ပစ္စည်းတချို့အား မိခင်ကြီးကို မှာယူရာတွင် ဘာသာပြန်အနောက်တိုင်းရသစာအုပ်များအပြင် မှတ်မှတ်သားသား အင်္ဂလိပ်အဘိဓာန်တစ်အုပ်အားလည်း ယူလာပေးပါရန် ပြောဆိုပါသည်။

အဘိဓာန်စာအုပ်ကို လိုချင်သည်ဟူသော ကိုဇေယျာသော်၏ မပြည့်လိုက်သော ဆန္ဒကို ကြားသိရသောအခါ ကျွန်တော်တုန်လှုပ်ဝမ်းနည်းသွားပါသည်။

အကြောင်းမှာ သူသည် အချုပ်အနှောင်တွင် အပျင်းပြေအချိန်ကုန်ရန်သက်သက် စာဖတ်လိုသည်မဟုတ်၊ ကမ်းမမြင်လမ်းမမြင်ကဲ့သို့ အခြေအနေဆိုက်ရောက်နေသော်လည်း ဘဝကို အရှုံးမပေးဘဲ ရရာနည်းဖြင့် ဆက်လက်ပညာဗဟုသုတဆည်းပူးလိုသည့် ၎င်း၏ စိတ်အဟုန်၊ ရုပ်တရားတို့ ချုပ်နှောင်ခံထားရသော်လည်း စိတ်အစဉ်ကို အချည်းနှီးလွှတ်မထားဘဲ အကျိုးရှိသည့် အာရုံတစ်ခုခုပေါ်ထားချင်သည့် သူ၏မွန်မြတ်သည့် စိတ်နေစိတ်ထားတို့ကို သိရှိလိုက်ရခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် ထောင်တွင်းအဘိဓာန်လိုချင်သည့် ကျွန်တော်၏ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ဖြစ်ရပ်ကို တစ်ဖန်သတိရပြီး ကိုဇေယျာသော်နှင့် စိတ်ချင်း ဆက်စပ်မိသွား၍ ဖြစ်သည်။

၁၉၉၉ ခုနှစ်က မြင်းခြံထောင်တွင် ကျွန်တော်သည် ထောင်ကျနေခိုက် မည်သည့် စာအုပ်စာတမ်း စာရွက်တစ်ရွက်မှ ဖတ်ရှုခွင့်မရသည့်အချိန်တွင် အင်္ဂလိပ်အဘိဓာန်တစ်အုပ်လောက်ကို လိုချင်သည့် စိတ်အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါသည်။ မည်သည့်စာအုပ်မှ ဖတ်ရှုခွင့်မရသည့် အချိန် ကိုယ်မှတ်မိသော အင်္ဂလိပ်ဝေါဟာရများကို အနီရောင်အုပ်နီခဲစဖြင့် သမံတလင်းပေါ်တွင် ရေးခြစ်ခဲ့ပုံ၊ ပလတ်စတစ်အကြည်ရောင်ပေါ်တွင် သံတိုသံစတစ်ခုဖြင့် ရောက်တတ်ရာရာ အင်္ဂလိပ်လိုရေးခဲ့ပုံများကို ပြန်လည်မြင်မိပါသည်။

ထိုစဉ်အချိန်က ကျွန်တော်သည် ပြစ်ဒဏ် ထောင် ၂၁ နှစ် ကျနေသော်လည်း စစ်အာဏာရှင်စနစ် မနှေးနှင့်အမြန် ချုပ်ငြိမ်းရမည်၊ ထိုကာလကြား အကြောင်းတစ်စုံတစ်ရာဖြင့် အချုပ်အနှောင်တွင်ဖြစ်စေ ပြင်ပတွင်ဖြစ်စေ သေဆုံးသွားခဲ့ပါမူ မဟုတ်မမှန်လုပ်နေသူများနှင့် အကျိုးတူမဖြစ်နေခြင်း၊ မှန်ကန်သည့်ဘက်ကို အနည်းဆုံးအားဖြင့် စိတ်အားဖြင့် ရပ်တည်ခြင်းကြောင့် သေရကျိုးနပ်သည်ဟု အခြားသော ကြီးကြီးငယ်ငယ်နိုင်ငံရေးအကျဉ်းသားများကဲ့သို့ စိတ်ထား အလိုအလျောက်ဖြစ်နေခဲ့မိပါသည်။

ထို့ကြောင့် အချုပ်အနှောင်တွင် စိတ်ဓာတ်ကျမနေဘဲ သင်ယူလိုသည့်စိတ်များသာ အမြဲတစေ ပြင်းပြနေခဲ့သည်။ နောက်ဆုံး ၂၀၀၀ ခုနှစ်တွင် တစ်တိုက်တည်းနေ မိတ်ဆွေအစ်ကို နိုင်ကျဉ်းတစ်ဦးက လက်တစ်ဝါးစာ အင်္ဂလိပ်အဘိဓာန်စာအုပ်တစ်အုပ် လျှို့ဝှက်စွာရရှိလာပါသည်။ သူက ထိုအဘိဓာန်ငယ်၏ အက္ခရာအခန်းတစ်ခုကို ဖြတ်ထုတ်ကာ ဦးချိန်တီအစာကြေကော်ဘူးသွယ်သွယ်လေးတွင် ထည့်ပြီး လျှို့ဝှက်ပေးပို့မှုကြောင့် ကျွန်တော်၏ အဘိဓာန်လိုချင်သောစိတ်သည် အတန်ငယ်ပြည့်ဝခဲ့ပါသည်။

ခရမ်းချဉ်သီးအရောင်ထက် သူမသာကိုယ်မသာလောက်ရှိသော အကျဉ်းခန်းရှိ လျှပ်စစ်မီးသီးကို အားကိုးကာ ညအခါ ထိုအဘိဓာန်အပိုင်းလေးကို ခိုးချောင်ခိုးဝှက် ဖတ်ရှုခဲ့ရပုံများကို သတိရပြီး ကိုဇေယျာသော်၏ မပြည့်လိုက်သော အဘိဓာန်လိုချင်သည့် ဆန္ဒကို တွေးပြီးဝမ်းနည်းမိပါသည်။

လူ့အဖွဲ့အစည်းတစ်ခုတွင် မဟုတ်မမှန်သည့် ကိစ္စရပ်များဖြစ်ပေါ်လာသည့်အခါ အမှန်တရားကို မြတ်နိုးသူများနှင့် အထူးသဖြင့် မတရားမှုကို ပြတ်ပြတ်သားသားတွန်းလှန်လိုသည့် လူငယ်တို့သည် တော်လှန်ရေးတွင် ဘဝပေး၊ အသက်ပေးကြရသည်မှာ ကမ္ဘာနှင့် မြန်မာ့သမိုင်းတစ်​လျှောက် အစဉ်အလာဖြစ်နေတော့သည်။

ကိုဇေယျာသော်အကြောင်း စဉ်းစားမိပြီးသကာလ ကိုဂျင်မီ၏ ဘဝကို စဉ်းစားမိရာတွင်လည်း ရင်နင့်ဖွယ်ဖြစ်ပါသည်။ အသက် ၅၃ နှစ်အရွယ်တွင် သတ်ဖြတ်ခံလိုက်ရသော ကိုဂျင်မီသည် ဘဝ၏ တစ်ဝက်နီးပါး စုစုပေါင်း ၂၂ နှစ်ကို သံတိုင်နောက်တွင် ကုန်ဆုံးခဲ့ရပါသည်။

သူသည် အသက် ၁၉ နှစ်အရွယ် ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ စုစုပေါင်း ၁၆ နှစ်၊ ထိုမှတစ်ဖန် ၂၀၀၇ မှ ၂၀၁၂ နောက်ထပ်ငါးနှစ်၊ နောက်ဆုံး စစ်တပ်က မတရားကွပ်မျက်မခံရမီ အနည်းဆုံးတစ်နှစ် အားလုံးစုစုပေါင်း ၂၂ နှစ်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် အချုပ်အနှောင်အောက်တွင် ကုန်ဆုံးခဲ့ရပါသည်။

လူသည် သေမျိုးဖြစ်၍ တစ်နည်းနှင့် တစ်နည်း အားလုံးမုချသေရမည်ဖြစ်ပါသည်။ သို့ရာတွင် အများအကျိုးကို ရှေးရှုကာ အမှန်တရားကို မျက်နှာမူ၍ သေခြင်းတရားကို ရင်ဆိုင်ဝံ့သောသူများနှင့် မိမိအကျိုးစီးပွားကိုသာ အလေးထား၍ ပိုနေမြဲကျားနေမြဲ ဘဝကိုကုန်ဆုံးကြသူများ၏ သေခြင်းတရားသည် မိုးနှင့်မြေကဲ့သို့ ဝေးကွာလှပါသည်။

ကိုဂျင်မီ၊ ကိုဇေယျာသော်၊ စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ဆန့်ကျင်ခဲ့သည့် လှိုင်သာယာမြို့နယ်မှ အညတရသူရဲကောင်း ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်နှင့် လူမသိသူမသိ အမှန်တရားအတွက် အသက်ပေးလိုက်ကြရသောသူအပေါင်းတို့သည် မြင့်မြတ်သောသူရဲကောင်းများအဖြစ် ကျွန်ုပ်တို့၏ ရင်ဝယ်အမြဲစွဲထင်နေတော့မည်သာဖြစ်သည်။

Show More

Related Articles

Back to top button