၂၀၀၇ ခုနှစ်က မဟာဗန္ဓုလလမ်းပေါ်မှာ သံဃာများက စီတန်းလှည့်လည်ပြီး “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” အစချီကာ မေတ္တာပို့နေကြသလို ဘေးတစ်ဖက်တစ်ချက်စီမှာ လူထုက လက်ချင်းတွဲကာ ကာရံပေးထားကြသည်။
ထိုအထဲတွင် ရှပ်အကျီအဖြူ၊ ပုဆိုးနှင့် လူငယ်တစ်ဦးက လက်တွဲဝန်းရံနေသူများထဲတွင် အများနည်းတူ ပါဝင်နေသည်။ ထိုသူမှာ အခြားမဟုတ်ပေ။ လူအများစုက နိုက်ထရစ်အက်ဆစ်ဟု သိကြသည့် Hip Hop အဆိုတော် ဇေယျာသော်ပင် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက် အရွေးချယ်ခံခဲ့ရသည့် ဦးဖြိုး ဇေယျာသော်သည် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသော်နှင့် ဒေါက်တာ ဒေါ်ခင်ဝင်းမေ တို့၏သားဖြစ်သည်။ ၁၉၈၁ ခုနှစ် မတ်လ ၂၆ က ရန်ကုန်မြို့၌ မွေးဖွားခဲ့ကာ အင်္ဂလိပ်စာအထူးပြုဖြင့် ၂၀၀၃ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။
သူ့တွင် ဖြိုးပပသော်ဆိုသည့် အစ်မတစ်ယောက် ရှိသည်။ အာဏာသိမ်းပြီးနောက် အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် Open Society ကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖြိုးပပသော်လည်း ဖမ်းဆီးခံထားရသည်။ သူမသည် လွန်ခဲ့သည့် မေလကမှ စစ်ကြောရေးစခန်းတစ်ခုမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာဂီတလောကအတွက် ကြီးမားသည့်အပြောင်းလဲတစ်ခုဖြစ်သော ACID အဖွဲ့၏ စတင်ခြင်း Album ထွက်ရှိလာခဲ့ပြီး Nitric Acid အဖြစ် ဇေယျာသော်က ပါဝင်ခဲ့ကာ ဝေဖန်ထိုးနှက်မှုများ ရှိခဲ့သော်လည်း အောင်မြင်ခဲ့သည်။
ထို့နောက် ဇေယျာသော်ကို အဆိုတော်အဖြစ်သာမက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် လူအများကြား ပေါ်ပေါ်ထင်ထင် တွေ့မြင်ခဲ့ရပြီးနောက် ယင်းနှစ် အောက်တိုဘာတွင် မျိုးဆက်သစ်လူငယ်အစည်းအရုံး (Generation Wave) ကို ဇေယျာသော် အပါအဝင် ကျောင်းသားများက တည်ထောင်ခဲ့ကြသည်။
ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် လူငယ်၊ ကျောင်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြင့် ယင်းနှစ် အောက်တိုဘာ ၉ တွင် Generation Wave ကို စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် မြေအောက်နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။
“၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု ဖြစ်တယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ ဆန္ဒပြပွဲတွေမှာ ပြန်ဆုံကြတယ်။ ဆုံတဲ့အခါမှာ ကျွန်တော်တို့ တိုင်ပင်ဖြစ်ကြတယ်။ ငါတို့ တစ်ရက် အစည်းအဝေးလုပ်ရအောင်၊ ဒီလှုပ်ရှားမှုကတော့ လောလောဆယ် ဖြိုခွဲခံရပြီ၊ ငါတို့ ဆက်ပြီး တိုက်ပွဲဝင်ရမယ်။ ကျောင်းက သူငယ်ချင်းတွေ ပြန်စုတာ။ အဲဒီမှာလည်း သူက ဦးဆောင်တာပဲ။ Generation Wave စထူထောင်စဉ်ကလည်း သူက ဥက္ကဋ္ဌပေါ့” Generation Wave အဖွဲ့ ပူးတွဲတည်ထောင်သူဖြစ်သော ကိုမိုဃ်းသွေးက Myanmar Now ကို ပြောသည်။
“တကယ်တမ်း အဲဒီအချိန်မှာ သူက သတ္တိပိုကောင်းခဲ့တယ် ပြောရမယ်။ ၂၀၀၇ ကာလတုန်းက တော်တော့်ကို အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက် ဖြစ်တယ်။ တကယ့်ကို Celebrity တစ်ယောက် ဖြစ်နေတယ်။ သူ တစ်ခုခုဖြစ်သွားရင် သူ့ဘဝ အများကြီးဖြစ်နိုင်ခြေရှိတယ်။ အဲဒီတုန်းက ခုခေတ်လိုမျိုး အနုပညာရှင်တွေ အများကြီးပါဝင်ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အဲဒါတွေကို ဂရုမစိုက်ခဲ့ဘူး။ ပါဝင်ခဲ့တယ်”
“နောက်ဆုံး အဖမ်းခံရပြီး ထောင်ကျတယ်ပေါ့ဗျာ။ ထောင်ကျပြီး ပြန်လွတ်လာတဲ့အချိန်မှာ NLD ပါတီကိုဝင်ဖို့ သူ ရွေးချယ်လိုက်တယ်။ ကျွန်တော် သိရသလောက်ကတော့ ထောင်ထဲမှာ ဘဘဦးဝင်းတင်နဲ့ အနီးကပ် နေခဲ့ရတယ်။ ထောင်ကျသွားတာ သူ့အတွက် ပိုပြီး ပြည့်စုံသွားတာပေါ့” ဟု ကျောင်းနေဖက်လည်းဖြစ်သော ကိုမိုဃ်းသွေးက မှတ်ချက်ပြုသည်။
Generation Wave အနေဖြင့် အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုသင်တန်းများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများလည်း စီစဉ်ပို့ချခဲ့ပြီး အသိပညာပေးလှုပ်ရှားမှုစွာကို ပြုလုပ်ခဲ့သလို ထိုလှုပ်ရှားမှုများကြောင့် အဖွဲ့ဝင် ၃၀ ထက်မနည်းကို စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့သည်။
ဇေယျာသော်လည်း ၂၀၀၈ မတ် ၁၄ တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရပြီး မတရားသင်းဖွဲ့စည်း၍ နဝတစစ်အစိုးရ၏ ဥပဒေအမှတ် ၆/၈၈ ကို ချိုးဖောက်သည်ဟုဆိုကာ နိုဝင်ဘာ ၂၀ တွင် ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။ ထို့ပြင် နိုင်ငံခြားငွေ တရားမဝင်ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ထပ်တိုးချမှတ်ခဲ့သည်။
စစ်ဗိုလ်ချုပ်များက ၎င်းကို ကော့သောင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး ၂၀၁၁ မေ ၁၇ တွင် ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအသွင်ပြောင်းအစိုးရက ပြန်လွှတ်ပေးခဲ့သည်။
ထိုစဉ်ကလည်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြုလုပ်မည့် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် စင်မြင့်ဂီတဖျော်ဖြေပွဲမှာ ဇေယျာသော် ပါဝင်သီဆိုခြင်း မပြုရန် ရဲက ပိတ်ပင်တားမြစ်ခဲ့သည်။
ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ပင်နီအကျီဝတ်ဆင်ကာ NLD ပါတီ ရင်ထိုးတံဆိပ်ဖြင့် အသက် ၃၁ နှစ်အရွယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ဖြစ်လာသည်။
ဦးဖြိုးဇေယျာသော်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကိုယ်စားပြုအဖြစ်လည်းကောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ကိုယ်စားပြုအဖြစ်လည်းကောင်း အနိုင်ရရှိခဲ့သည်။
လူသိများ ထင်ရှားသော အဆိုတော်တစ်ယောက်ဖြစ်သော်လည်း သူ့အတွက် လွယ်ကူသော မဲဆွယ်စည်းရုံးရေး မဟုတ်ခဲ့ပေ။
“ရပ်ကွက်ပေါင်းက ၁၄ ရပ်ကွက်ရှိတယ်။ အဲဒီမှာ ရပ်ကွက်ကြီး ၉ ရပ်ကွက်က ပြည်သူ့ဝန်ထမ်းတွေ နေထိုင်နေတဲ့နေရာပေါ့။ အဲဒီတော့ ကျွန်တော်တို့ မဲဆွယ်စည်းရုံးရာမှာတော့ အခက်အခဲတွေတော့ ရှိခဲ့တာပေါ့။ ဥပမာ အခြားရပ်ကွက်တွေမှာတော့ ပါတီရဲ့ ရုံးတွေရှိမယ်။ ပါတီဝင်တွေရှိမယ်။ အဲဒီတော့ ပါတီရုံးတွေ၊ ပါတီဝင်တွေရဲ့အိမ်မှာ ဟောပြောပွဲတွေ စီစဉ်လို့ရတယ်။
“ဒါပေမဲ့ နိုင်ငံပိုင်အိမ်ရာဝင်းတွေဖြစ်တော့ အဲဒီမှာ ကျွန်တော်တို့ပါတီရဲ့ရုံးတွေ ထားလို့မရဘူး။ မဲဆွယ်စည်းရုံးဖို့ရာ ကျွန်တော်တို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း ပန်းဖလက်လေးတွေကိုင်ပြီး ကျွန်တော်ကတော့ ဘယ်သူပါ၊ ဘယ်ပါတီကပါ၊ ကျွန်တော်တို့ မူဝါဒက ဘယ်လိုရှိပါတယ် အစရှိသဖြင့် လိုက်ရှင်းပြရတဲ့ပုံစံမျိုး လုပ်ရပါတယ်” ဟု ၂၀၁၇ ခုနှစ်အတွင်းက ကမာရွတ်မီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဇေယျာသော်က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံ့ဝန်ထမ်းအိမ်ရာများအတွင်း ဝင်ရောက်မဲဆွယ်ခြင်း မပြုရန် စာထုတ်ခဲ့သဖြင့် ၎င်းအနေဖြင့် လမ်းမပေါ်များမှသာ မဲဆွယ်စည်းရုံးရသည်ဟု သူက အတွေ့အကြုံမျှဝေခဲ့သည်။
“အပြောင်းအလဲတစ်ခုကို ဘယ်လောက်လိုလားနေပြီ။ ဘယ်လောက်ပြောင်းချင်နေပြီဆိုတာကို မဲနဲ့ သက်သေပြခဲ့တာပေါ့။ အဲဒီအတွက်ကြောင့်မို့လို့လည်း သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တယ်လို့ ပြောလို့ ရပါတယ်”
NLD ပါတီ အနိုင်ရခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ မဲဆွယ်စည်းရုံးရေးများအတွက်သာ ဝင်ကူခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် သူပါဝင်ခဲ့သလို အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံသည့် တော်လှန်ရေးပေါ်ပေါက်လာချိန်၌ ဖြိုးဇေယျာသော်က ပါဝင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
ယမန်နှစ် နိုဝင်ဘာ ၁၈ တွင် ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းကာ သူ့ကို ဖမ်းဆီးခဲ့သည်။
ယင်းမတိုင်မီ နိုဝင်ဘာ ၁၅ တွင် ‘ပျံလွှားအောင်’ စစ်ဆင်ရေးအမည်ဖြင့် ရန်ကုန်တိုင်းအတွင်း ၁၀ နေရာ ထက်မနည်းကို ဗုံးခွဲခဲ့သည့်ပြင် သန်လျင်တံတားအဆင်းရှိ စစ်တပ်ကင်းစခန်း၊ လှိုင်ယာယာမြို့နယ်ရှိ ရွှေလင်ဗန်းမီးသတ်ရုံနှင့် မိုးလုံလေလုံအားကစားကွင်းရှိ စစ်ကောင်စီစခန်း၊ ထန်းတပင်မြို့နယ်ရှိ တာဆုံရဲကင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုအများစုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများကို ထုတ်ပြန်ကြေညာရာတွင် ဦးဖြိုးဇေယျာသော်မှာ နောက်ကွယ်မှ ဦးဆောင်သူ၊ အဓိကတာဝန်ရှိသူဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် ယခင်ကတည်းက ပါဝင်လေ့ရှိပြီး ဖမ်းဆီးရမိရာတွင်လည်း ထိုသို့ကြေညာခဲ့သည်။
ထို့နောက် လအတန်ကြာ ဖမ်းဆီးခံထားရပြီး သတင်းအစအနပျောက်နေခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီ ၂၁ တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ဦးဂျင်မီနှင့် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၀ (ဈ) နှင့် ၅၀ (ည) တို့အရ ၎င်းတို့နှစ်ဦးကို သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း ပါရှိသည်။
စာရေးဆရာတစ်ဦးလည်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးဂျင်မီမှာ ယမန်နှစ် အောက်တိုဘာ ၂၃ ညပိုင်းတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
စစ်ကောင်စီဘက်က ပြီးခဲ့သည့် ဇွန် ၂ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သေဒဏ်စီရင်ခံထားရသူများအနက် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ အယူခံကို ပလပ်လိုက်ပြီး သေဒဏ်အမိန့်ကို အထမြောက်အောင် ဆက်လက် အကောင်အထည်ဖော်နေကြောင်း၊ စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့ပြီး နယ်ပယ်အစုံက ကန့်ကွက်ခဲ့ကြသည်။
သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက လူထု၏ မုန်တီးနာကြည်းမှု၊ ပိုမိုအားကောင်းသည့် ဆန့်ကျင်တော်လှန်မှုများ မလွဲမသွေပေါ်ပေါက်လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောထားသည်။
ယမန်နေ့ ဇူလိုင် ၂၅ တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက သတင်းစာမှတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
“စစ်ကောင်စီအနေနဲ့ အဆုံးစွန်ဆုံးသော ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြလိုက်တာဖြစ်တယ်။ နောက်တစ်ချက်က သူတို့က ပြန်လမ်းမရှိတဲ့လမ်းကို ရွေးလိုက်ပြီဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆတယ်” ဟု Generation Wave အဖွဲ့ ပူးတွဲတည်ထောင်သူဖြစ်သော ကိုမိုဃ်းသွေးက Myanmar Now ကို ပြောသည်။
“ပုဂ္ဂိုလ်ရေးအရ ပြောမယ်ဆိုရင် ကိုဂျင်မီဆိုရင် အစ်ကိုတစ်ယောက်လိုပဲ ကျွန်တော်တို့ ရင်းနှီးခင်မင်တဲ့လူ ဖြစ်တယ် ။ ဇေယျာသော်ဆိုရင်လည်း သူငယ်တန်းကတည်းက တူတူပေါ့ဗျာ။ တစ်ကျောင်းတည်းတက်ခဲ့ပြီးမှ တော်လှန်ရေးလည်း အတူတူလုပ်ခဲ့ကြတယ်။ သူငယ်ချင်းလည်းဖြစ်၊ ရဲဘော်ရဲဘက်လည်းဖြစ်တဲ့အတွက် နှစ်ယောက်လုံးအတွက် စိတ်ထိခိုက်ခံစားရတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်ရှိ မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေး ကြေညာကာ ဖမ်းဆီးရမိသော ဆန့်ကျင်တော်လှန်သူများကို စစ်ခုံရုံးဖြင့် သေဒဏ်စီရင်နေသည်။
ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်က ကွပ်မျက်မှုမှာ လူ့အခွင့်အရေးချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောသည်။
“ သောကြာနေ့က မိသားစုက တွေ့ခွင့်ရတယ်. ..ကိုဇေယျာသော်က အနည်းငယ်ပိန်သွားတယ်ဆိုတာ ဒီနေ့ (ဇူလိုင် ၂၅) မှ ကျွန်မ သိရတယ်။ သူ့မိဘကို ဆက်သွယ်တဲ့အချိန်မှာ သူ့မိဘနဲ့ ကျွန်မကို အဆက်အသွယ်လုပ်မရအောင် လုပ်ထားကြတယ်”
“သူ့မိဘက ထောင်ဝင်စာပို့မယ်လို့ အစောကြီးထွက်လာတဲ့အချိန်မှာ သူ့အမေကို ဒီသတင်းကြားတယ်ပေါ့နော်။ ကျွန်မဘက်က ရှေ့နေနဲ့ သွားကြတယ်။ ထောင်အာဏာပိုင်တာဝန်ခံက သူတို့တွေ မရှိကြတော့ဘူး။ သတင်းစာပါအတိုင်း စီရင်လိုက်ပြီပေါ့။ အဲဒီလိုမျိုး ပြောတယ်။ အဲဒီအတိုင်းပဲလို့ ပြောတယ်” ဟု ဆိုသည်။
ထောင်အာဏာပိုင်များက အလောင်းပြန်ပေးရန် ငြင်းဆန်ခဲ့ကြောင်း ဦးဖြိုးဇေယျာသော်၏ မိခင်ကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။
“ကိုဇေယျာသော်အမေက (ကိုဇေယျာသော်) ဆုံးသွားပြီဆိုရင်လည်း ကျွန်မ ဘော်ဒီ (ရုပ်အလောင်း) မြင်ချင်တယ်။ အရိုးရှိရင်လည်း အရိုးပြာ လိုချင်တယ်ပေါ့။ မိခင်တစ်ယောက်ရဲ့ ဆန္ဒပေါ့။ သူတို့ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူး။ ပေးပိုင်ခွင့်လည်း မရှိဘူး။ အဲဒီလို ပြန်ပြောတယ်ပေါ့”
“ဒီအဖြစ်အပျက်က ကျွန်မတို့ရော အကျဉ်းကျခံထားရသူတွေရာ လူ့အခွင့်အရေးချိုးဖောက်ခံရတာပေါ့။ အဆိုးဆုံးအထိ ဖြစ်သွားပြီ။ မရှိတော့ဘူးဆိုတာ သူတို့သတ်လိုက်ပြီလို့ ပြောတာနဲ့ အတူတူပဲ” ဟု သူက ဆိုသည်။
စစ်ကောင်စီက ပြည်သူများ၊ အာဏာသိမ်းမှု ဆန့်ကျင်သူများကို နေ့စဉ် ဖမ်းဆီးနေရာ ၁၁၇၅၉ ဦးထက်မနည်း ဆက်လက် ဖမ်းဆီးခံထားရပြီး ၁၃၄၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ၎င်းတို့အနက် အသက် ၁၈ နှစ်အောက် ကလေး၂ ဦး အပါအဝင် ၇၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
“သူတို့သည် ကြောက်ရွံ့ထိတ်လန့်ပြီး သေဆုံးခဲ့ရတာ မဟုတ်ဘူး။ သူတို့လုပ်သင့်လုပ်ထိုက်တာကို ပြည်ပြည့်ဝဝ လုပ်ဆောင်ပြီးမှ ရဲရဲရင့်ရင့်နဲ့ ကျဆုံးသွားတယ်လို့ ယူဆလို့ရပါတယ်” ဟု သူငယ်ချင်းဖြစ်သူ ကိုမိုဃ်းသွေးက မှတ်ချက်ပြုသည်။
သူငယ်ချင်းဖြစ်သူ ဇေယျာသော်အကြောင်း
မိဘများက ပညာတတ်များဖြစ်ပြီး စာဖတ်ခြင်းကို အားပေးသောကြောင့် ငယ်စဉ်ကတည်းက အရွယ်နှင့် မလိုက်အောင် စာဖတ်ရှုသူဟု ကျောင်းနေဖက်ဖြစ်သူ ကိုမိုဃ်းသွေးက ပြန်ပြောပြသည်။
“၁၉၉၆ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုဖြစ်ကြတဲ့အခါမှာ ကျွန်တော်တို့ ဗိုလ်တထောင် ၆ ကိုလည်း ကူးစက်လာတယ်။ ကျောင်းသားတွေကို စစ်တပ်က မတရားဖမ်းဆီးရိုက်နှက်တာတွေ လုပ်လာတဲ့အခါမှာ ကျောင်းမှာ ကျွန်တော်တို့ လှုပ်ရှားမှုတွေ လုပ်ကြတယ်။ စာကပ်တာတွေ၊ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို လိုက်ပူးပေါင်းတာတွေ ကျွန်တော်တို့ လုပ်ခဲ့ကြတယ်။ အဲဒီလိုလုပ်တုန်းကလည်း ဇေယျာသော်က ခေါင်းဆောင်ပဲ”
“အဲဒီလိုနေရင်းနဲ့မှ ၂၀၀၀ ခုနှစ်ဝန်းကျင်လည်းရောက်ရော ဒီကောင်က Hip Hop မြူးဇစ်၊ Acid အဖွဲ့ကို ထူထောင်ပြီး လုပ်ခဲ့ကြတယ်။ မြန်မာပြည်ရဲ့ Hip Hop သမိုင်းမှာ တကယ့်ကို ဂန္တဝင်ဖြစ်အောင် သူတို့ လုပ်နိုင်ခဲ့တယ်”
ငယ်စဉ်ကတည်းက မဟုတ်မခံစိတ်ရှိသူ ဇေယျာသော်ကို လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာရန် ထင်မှတ်မထားကြောင်း သူက ဆက်ပြောသည်။
“လက်နက်ကိုင်တော်လှန်ရေးအဆင့်ကို ရောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ ထင်တောင် မထင်ထားဘူး။ တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တဲ့သူတစ်ယောက် ဖြစ်လာတယ်”
“သမိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီးတော့မှ ပထမဆုံး ပြန်လည်စီရင်တဲ့ သေဒဏ်စီရင်မှုမှာ သူက ရှေ့ဆောင်တစ်ယောက် ထပ်ဖြစ်သွားတယ်။ ဒီဟာတော့ တော်တော်ကို စိတ်မကောင်းဘူး။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဂုဏ်ယူတယ်။ တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးကို အားလုံးပြီးဆုံးသွားအောင် သန္နိဋ္ဌာန်ပိုခိုင်မာလာစေပါတယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA) အပါအဝင် ပါတီ၊ လက်နက်ကိုင်အဖွဲ့အများအပြားက ဇေယျာသော်အပါအ၀င် ၄ ဦး ကွပ်မျက်ခံရမှုကို ရှုတ်ချကြောင်း ကြေညာကြသည်။
သူငယ်ချင်းလည်းဖြစ်၊ Acid အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ရန်ရန်ချမ်းက ဇေယျာသော် အသက်နှင့် ရင်းပြီး လုပ်ဆောင်သွားခြင်း ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပိုအားစိုက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
ရန်ရန်ချမ်းက ဇေယျာသော် နောက်ဆုံးပါဝင်သီဆိုခဲ့သည့် ငါတို့ ဒဏ္ဍာရီ အမည်ရှိ သီချင်းတစ်ပုဒ်ကို မကြာသေးမီက အွန်လိုင်းမှ ဖြန့်ချိခဲ့သည်။
မသဇင်ညွန့်အောင်က ယခုလို မှတ်ချက်ပြုသည်။
“ဒီစီရင်ချက်က မတရားတဲ့စီရင်ချက်။ လူ့အခွင့်အရေးချိုဖောက်တဲ့စီရင်ချက်။ ဒီစီရင်ချက်ကို ကျွန်မ လုံးဝလက်မခံဘူး။ ဒီလူတွေကို သူတို့ တကယ်သတ်လိုက်တယ်ဆိုရင် လက်တုံ့ပြန်မယ်။ ပြန်ပြီးတော့ သူတို့ ပေးဆပ်ရမယ်။ အခု မလုပ်သင့်ဘူး၊ မလုပ်ရဘူးဆိုတာတွေကို သူတို့ လုပ်ချလိုက်တယ်။ ကျွန်မတို့လူတွေ သတ်ခံလိုက်ရပြီ”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)