ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)သည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော် တန်ကြေးရှိသည့် စီမံကိန်းနှစ်ခုကို စစ်ကောင်စီဝန်ကြီးဌာနများ၏ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ရန် ပြီးခဲ့သည့် သြဂုတ်လအတွင်းက လက်မှတ်ရေးထိုး သဘောတူခဲ့ကြောင်း မကြာသေးမီက ပေါက်ကြားလာသော စာရွက်စာတမ်းများအရ သိရှိရသည်။
“ကလေးငယ်များ၏ အခြေခံလိုအပ်ချက်များနှင့် ၎င်းတို့၏ အနာဂတ်အလားအလာများကို အထောက်အကူပြုသည့် အခွင့်အလမ်းများတို့ချဲ့ရေး” ကြွေးကြော်ထားသည့် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် ယူနီဆက်သည် စစ်ကောင်စီခန့်အရာရှိများနှင့် စာချုပ်စာတမ်းများချုပ်ဆိုကာ မြန်မာနိုင်ငံတွင်း စစ်ကောင်စီကြီးကြပ်မှုအောက်တွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်သည်။
စစ်ကောင်စီ လူကယ်ပြန်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်တို့အကြား သဘောတူခဲ့သည့် ပထမစီမံကိန်းသည် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကျော် တန်ကြေးရှိပြီး ရန်ကုန်မြို့ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ရွေးချယ်ထားသည့် အခြားဒေသများရှိ ကလေးသူငယ်များ၊ မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင်များကို အကူအညီပေးမည့် စီမံချက်ဖြစ်သည်။
စစ်ကောင်စီက သြဂုတ်လ ဝန်ကြီးအဖွဲ့အပြောင်းအလဲမလုပ်ခင် လူကယ်ပြန်ဝန်ကြီးဌာနကို ဥရောပနှင့် အမေရိကန်နိုင်ငံတို့က ပစ်မှတ်ထားပြီး ပိတ်ဆို့ထားသော ဒေါက်တာသက်သက်ခိုင်က ဦးဆောင်နေခဲ့သည်။
စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် (ယခု ဟိုတယ်ခရီးဝန်ကြီး) နှင့် ယူနီဆက်၏ မြန်မာဌာနေကိုယ်စားလှယ်တို့အကြား ယခုနှစ် ဧပြီလအတွင်းက တွေ့ဆုံခဲ့ကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသော်လည်း အထက်ပါစီမံကိန်းနှစ်ခုအကြောင်းတော့ ပါဝင်ခြင်းမရှိခဲ့ပါ။ ထိုအစည်းအဝေးတွင် ယူနီဆက်၏လုပ်ငန်းများ၊ ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာ၊ မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် ခရီးသွားလာခွင့်တို့ကို ဆွေးနွေးကြကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်က ဆိုသည်။
ဒုတိယစီမံကိန်းတစ်ခုမှာမူ အာဏာသိမ်းပြီးနောက်မှ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် သမဝါယမ/ကျေးလက်ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သဘောတူညီချက်သည် ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းကျော် တန်ကြေးရှိပြီး သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ရေသန့်ဆေးပြားဖြန့်ဝေရေး စသည့် လုပ်ငန်းများပါဝင်သည်။
ယခုနှစ် သြဂုတ် ၁၇ နှင့် ၁၈ ရက်တို့တွင် သဘောတူချုပ်ဆိုခဲ့သော စာချုပ်များထဲတွင် မြန်မာရှိ ယူနီဆက်ရုံးသည် ရန်ပုံငွေများကို ထိရောက်စွာအသုံးပြုပြီး သက်ဆိုင်ရာ (စစ်ကောင်စီ) ဝန်ကြီးဌာနများနှင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို အတူယှဉ်တွဲကာ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကြားခံအဖွဲ့အစည်းနှင့် ယန္တရားများကိုလည်း သုံးစွဲမည်ဟု ရေးသားထားသည်။
ထိုကြားခံအဖွဲ့အစည်းဆိုသည်မှာ မည်သည့်အဖွဲ့ဖြစ်သနည်း၊ စီမံကိန်းတွင် မလျော်ကန်မှုများရှိလာပါက ရက်စက်သတ်ဖြတ်မှုမျိုးစုံကျုးလွန်နေသော စစ်ကောင်စီကို မည့်သည့်ကြားခံအဖွဲ့အစည်းဆိုသည်က စောဒကပြုနိုင်မည်လဲဟု ယူနီဆက်ကို Myanmar Now က မေးမြန်းရာတွင် ယူနီဆက်က ရှင်းလင်းစွာ ပြန်လည်ဖြေကြားခြင်းမပြုဘဲ “ကလေးများနှင့် မိသားစုများအတွက် အပူတပြင်းလိုနေသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရန်အလို့ငှာ သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း” သာ အကြောင်းပြန်သည်။
စစ်ကောင်စီထိန်းချုပ်မှုမရှိသော ဒေသများရှိ ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိသလားဆိုသော မေးခွန်းကိုမူ ယူနီဆက်က ဖြေကြားခြင်းမပြုပေ။ ပေါက်ကြားလာသော သဘောတူစာချုပ်ပါ စီမံကိန်းများအကြောင်းကို ယူနီဆက်က ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ယနေ့အချိန်ထိ အသိပေးခြင်းမရှိဘဲ အများပြည်သူကို လျှို့ဝှက်ထားသည်။
စီမံကိန်းများတွင် အသုံးပြုမည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော်အတွက် ငွေလဲနှုန်းသည်လည်း စစ်ကောင်စီသတ်မှတ်ထားသည့် နှုန်းထားဖြင့်သာ တွက်ချက်မည်ဟု ယူဆရသည်။
၂၀၂၃ စက်တင်ဘာ ၁၁ ရက် စစ်ကောင်စီဗဟိုဘဏ်နှုန်းထားအရ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ် ၂၁၀၀ သာ သတ်မှတ်ထားသော်လည်း စျေးကွက်ပေါက်စျေးက ကျပ် ၃၄၀၀ ကျပ်မှ ကျပ် ၃၅၀၀ အတွင်းအထိ ရှိနေသည်။ စစ်ကောင်စီငွေလဲနှုန်းဖြင့် မတွက်ဘဲ စျေးကွက်ပေါက်စျေးဖြင့် တွက်ချက်မည်ဆိုပါက မြန်မာပြည်သူများသည် ကျပ်ငွေ ၄ ဘီလျံခွဲခန့် အကူအညီပိုမိုရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ဧပြီ ၂ ရက်နေ့မှစတင်ပြီး ကန်တစ်ဒေါ်လာ ၆ ကျပ် သတ်မှတ်ထားရာမှ စျေးကွက်ပေါက်စျေးဖြင့် ရောင်းဝယ်သည့် နှုန်းရှင်စနစ်ကို ဗဟိုဘဏ်က သတ်မှတ်ခဲ့ရာ အာဏာမသိမ်းခင်အထိ ဗဟိုဘဏ်သတ်မှတ်စျေးနှင့် ပြင်ပပေါက်စျေးအကြား ကွာခြားချက် အနည်းငယ်သာ ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွက် ထိုနှုန်းထားနှစ်ခုက အဆမတန်ကွာခြားသွားပြီးနောက် နိုင်ငံတကာ NGOs များအပါအဝင် နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် လုပ်ငန်းများ ကမောက်ကမဖြစ်ကုန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ကလည်း ဆွစ်ဇာလန်၊ ဂျနီဗာအခြေစိုက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Lutheran World Federation ၏ ရခိုင်ပြည်နယ် စစ်တွေမှ ဝန်ထမ်း ၈၀ သည် ယူရိုငွေဖြင့် ရသည့် ၎င်းတို့၏လစာကို စစ်ကောင်စီသတ်မှတ်ငွေလဲနှုန်းဖြင့် မဟုတ်ဘဲ စျေးကွက်ပေါက်စျေးဖြင့် တွက်ချက်ပေးရန် တောင်းဆိုအပြီး အလုပ်ထုတ်ခံခဲ့ရသည်။
INGO နှင့် NGO များကို အလှူရှင်နိုင်ငံများက အသုံးချနေကြောင်း စစ်ခေါင်းဆောင်က အကြောင်းပြပြီး အာဏာသိမ်းပြီးနောက် ဥပဒေသစ်ကို ရေးဆွဲပြီး INGO နှင့် NGO အပါအဝင် အသင်းအဖွဲ့များ၏ အကူအညီပေးရေးလုပ်ငန်းများကို တင်းကျပ်စွာ ချုပ်ကိုင်လျက်ရှိသည်။
စစ်ကောင်စီလက်အောက်တွင် လုပ်ဆောင်မည့် ယူနီဆက်၏ အကူအညီပေးရေးလုပ်ငန်းများသည်လည်း စစ်ကောင်စီ၏ ကန့်သတ်ချက်များကို လိုက်နာရန်နှင့် တိုင်းနှင့်ပြည်နယ်အဆင့် အုပ်ချုပ်ရေးဌာနများနှင့် တိုင်ပင်ဆွေးနွေးရမည်ဟု သတ်မှတ်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီနှင့် လက်တွဲကြသည့် အကူအညီပေးရေးလုပ်ငန်းများသည် စစ်ကောင်စီထိန်းချုပ်နယ်မြေများ၊ အကူအညီပေးစေလိုသည့် နေရာများသာ ရရှိနေပြီး အမှန်တကယ်အကူအညီလိုအပ်နေသူများ အကျိုးခံစားခွင့်မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇူလိုင်လအတွင်းက ဝေဖန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)