သတင်း

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရခိုင်မြောက်ပိုင်း ကျောက်တော်တွင် လေးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် ကျောက်တစ်လုံးကျေးရွာတွင် ဩဂုတ် ၃ မနက်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ကျောက်တစ်လုံးကျေးရွာသားတစ်ဦးက ပြောသည်။

ကျောက်တစ်လုံးကျေးရွာသည် သရက်တစ်ပင်ကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိပြီး လက်နက်ကြီးကျည်မှာ ဩဂုတ် ၃ မနက်ပိုင်း ၈ နာရီ ၄၅ ခန့် အချိန်က သရက်တစ်ပင်ရွာထိပ်ရှိ တံတားဘက်မှ ပစ်ခတ်ခြင်းဖြစ်ကာ ကျောက်တစ်လုံးကျေးရွာနေ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမည်မဖော်လိုသည့် ကျောက်တစ်လုံးကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“တံတားနားမှာ စစ်သားတွေရှိတယ်။ ကျေးရွာထဲကို နှစ်လုံးကျတယ်။ တစ်လုံးက မပေါက်ဘူး။ ကွဲတဲ့အလုံးက ရွာကြားထဲကိုလာကျတယ်။ တစ်လုံးစီ မီတာ ၂၀ လောက် ပြန့်တယ်။ မပေါက်ကွဲတဲ့တစ်လုံးကို ရှာလို့မတွေ့ဘူး” ဟု အဆိုပါရွာသားက ပြောသည်။

သရက်တစ်ပင်တံတားအနီး လက်နက်ကြီးပစ်ခတ်သံနှစ်ချက် ကြားလိုက်ရပြီးနောက် မိနစ်ပိုင်းအတွင်း လက်နက်ကြီးကျည်တစ်လုံးမှာ ကျောက်တစ်လုံးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် ကျည်စထိမှန်ကာ ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိသွားသည်ကို ကြားသိရကြောင်း အမည်မဖော်လိုသည့် သရက်တစ်ပင်ကျေးရွာသား တစ်ဦးက ပြောသည်။

ကျောက်တော်မြို့မှ သရက်တစ်ပင်ရွာဘက်သို့ လာရာလမ်းတွင်ရှိသည့် ၃၇၆ တပ်ရင်းအနီး ပေါက်ကွဲသံ လေး၊ ငါး ချက်ခန့် ကြားလိုက်ရပြီးနောက် သရက်တစ်ပင်တံတားဘက်၌လည်း လက်နက်ကြီးပစ်ခတ်သံနှစ်ချက် ထပ်မံ ကြားလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သရက်တစ်ပင်ရွာသည် စစ်တွေ-ရန်ကုန်ကားလမ်းမဘေးတွင် တည်ရှိပြီး လက်နက်ကြီးပစ်သံများကြောင့် ခရီးသွားကားများသည် သရက်တစ်ပင်တံတားအနီး ရပ်တန့်နေကြသည်ကို တွေ့ရကြောင်း အဆိုပါ သရက်တစ်ပင်ကျေးရွာသားက ပြောသည်။ 

ကျောက်တစ်လုံးကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့၍ ထိုနေအိမ်အတွင်းရှိနေသည့် ၅၁ နှစ်အရွယ် ဦးစောထွန်းမောင်နှင့် ၅၀ ကျော်အရွယ် ၎င်း၏ဇနီး ဒေါ်လှသန်းယဥ်၊ ၃၀ ကျော်အရွယ် ဦးကျော်သိန်းဦး၊ ၄၅ နှစ်အရွယ် ဒေါ်အေးညွန့်ယဉ်တို့မှာ ကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု လူနာများကို ကျောက်တော်ဆေးရုံသို့ ကိုယ်တိုင်သွားရောက် ပို့ဆောင်ပေးခဲ့သည့် ကျောက်တော်ြမို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက Myanmar Now ကို ပြောသည်။

“အခုထိ သွားတဲ့လူနာတွေကတော့ ကျွန်တော် သိရသလောက် ကိုယ့်အိမ်မှာကိုယ်နေပြီးတော့ ထိသွားတာ။ ခြံဝင်းထဲမှာလာပြီးတော့ လက်နက်ကြီးကျပြီးတော့ ကွဲတာလို့သိရတယ်” ဟု ဦးဦးထွန်းဝင်းက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ဦးစောထွန်းမောင်မှာ ပေါင်ရင်းနှင့် ခြေခုံ၊ ဦးကျော်သိန်းဦးမှာ ညာဘက်နောက်ကျောလက်ပြင်၊ ဒေါ်လှသန်းယဥ်မှာ ဘယ်ဘက်ပေါင်ရင်း၊ ဒေါ်အေးညွန့်ယဉ်မှာ နောက်ကျောဖောက်ဝင်ဒဏ်ရာအသီးသီး ရရှိသွားကြသည်။

ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် ဒေါ်လှသန်းယဥ်၊ ဒေါ်အေးညွန့်ယဉ်၊ ဦးကျော်သိန်းဦးတို့ကို ယနေ့ ဩဂုတ် ၃ နေ့လယ် ၁ နာရီခန့်တွင် ကျောက်တော်ပြည်သူ့ဆေးရုံမှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်သွားမည်ဟုလည်း ဦးဦးထွန်းဝင်းက ပြောသည်။

ကျေးရွာသားများက သရက်တစ်ပင်ကျေးရွာတံတားဦးတွင်ရှိသည့် တပ်မတော်သားများက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိသွားသည်ဟု  စွပ်စွဲပြောဆိုထားသောကြောင့်  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်တို့ကို ယနေ့ နေ့လယ်အချိန်တွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် ထိုကဲ့သို့သော ထူးခြားဖြစ်စဥ်များကြောင့် အရပ်သားပြည်သူ အများအပြား သေကျေဒဏ်ရာရရှိသည်ကို တွေ့မြင်နေရသည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်) ၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

ရပ်ရွာများတွင် ဒဏ်ရာရရှိသူများကို ကြည့်လိုက်လျှင် အသက် ၁၈ နှစ်အောက်လူငယ်များနှင့် အသက်ကြီးပိုင်း အမျိုးသမီးများပါ ပါဝင်နေသည်ကိုတွေ့ရပြီး စစ်ဖြစ်နေသည့်ဒေသတစ်ခုဖြစ်သော်လည်း အရပ်သားပြည်သူများကို ကာကွယ်မှုပြုနိုင်ရေး လက်ရှိအစိုးရက ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) က စောင့်ကြည့်မှုပြုသင့်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိအထိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၁,၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး ကျောက်တော်မြို့နယ်မှာ AA အဓိက ခြေကုပ်ယူထားရာ နေရာတစ်ခုဖြစ်သည့်အတွက် တိုက်ပွဲအများဆုံးဖြစ်ပွားရာ မြို့နယ်တစ်ခုလည်း ဖြစ်သည်။  

(မှတ်ချက်- လုံခြုံရေးအရ ဖြစ်စဉ်ကို ပြောပြသည့် ရွာသားများအမည်ကို ဖော်ပြနိုင်ခြင်းမရှိပါ)

Show More

Related Articles

Back to top button