အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းပြားမြို့နယ်တွင် ရွာသားတစ်ဦး သေနတ်ပစ်ခံရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ကျေးရွာသားတစ်ဦး သေနတ်ပစ်ခံရသဖြင့် ယမန်နေ့ (ဇူလိုင် ၂၇) နံနက်ပိုင်းတွင် မင်းပြားဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်။ 

သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့သူမှာ မင်းပြားမြို့နယ် ထောင့်ချေကျေးရွာမှ အသက် ၄၅ နှစ်အရွယ်  ဦးထွန်းဝင်းဖြစ်ပြီး ညာဘက်ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာပြင်းထန်ခဲ့သည်။ 

ဓာတ်ပုံ – ဆရာ ဦးသန်းထွန်း

“လက်နက်ငယ် ပေါင်ကို ဖောက်သွားတယ်လို့ ပြောပါတယ်။ ဘယ်က ပစ်တယ်ဆိုတာကို ကျွန်တော်လည်း အတိအကျမသိရသေးဘူး။ အခု အဲဒီလူနာက စစ်တွေရောက်နေတယ်လို့ သိရတယ်” ဟု မင်းပြား မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ပြောသည်။

ထောင့်ချေကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ မျောက်ရိုးတော်ဓာတ်ဘုရားတောင်ရှေ့ စစ်တွေ – ရန်ကုန်ကားလမ်းပေါ်တွင် ဇူလိုင် ၂၆ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခံရခြင်းဖြစ်သည်ဟု ဦးထွန်းဝင်း၏ မိသားစုဝင်များက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးထွန်းဝင်း၏လယ်ကွင်းအနီးတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှ နွားများယူဆောင်ပြီးအပြန် လမ်းတွင် သေနတ်ဖြင့် ပစ်ခံရခြင်းဖြစ်ကာ မျောက်ရိုးတော်ဓာတ်ဘုရားတောင်အနီး စခန်းချထားသော တပ်မတော်စစ်စခန်းက ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ဦးထွန်းဝင်း၏ဝမ်းကွဲအစ်ကိုဖြစ်သူ ဦးမောင်သိန်းက ပြောသည်။

“နံနက်ပိုင်းမှာ မိုင်းပေါက်လို့ ပေါက်တဲ့နေရာတွေကို စစ်တပ်က လှမ်းပစ်တယ်။ ပစ်လို့ငြိမ်သွားပြီ။ ညနေပိုင်း ၃ နာရီလောက်မှာ သူက အဲဒီနားမှာ နွားတွေကျန်ခဲ့လို့ အဲဒီနွားတွေကိုယူပြီး ပြန်လာတဲ့အချိန်မှာ လူကိုလှမ်းပစ်လို့ ပေါင်မှာကျလို့ ပေါင်ကျိုးသွားတယ်” ဟု ဦးမောင်သိန်းက ပြောသည်။

ကျည်ဆန်ထိမှန်၍ လဲကျသွားသည်ကို မြင်တွေ့ခဲ့သည့် နွားကျောင်းသားတစ်ဦးက အကြောင်းကြားလာသဖြင့် ကျေးရွာသားများက သွားရောက်ယူဆောင်ကာ မင်းပြားဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာပြင်းထန်သည့်အတွက် မင်းပြားဆေးရုံမှတစ်ဆင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ 

တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များက စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ထံ ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။ 

မင်းပြားမြို့နယ်အတွင်း ဖားပြို (ချင်း) ကျေးရွာမှ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည်လည်း ဇူလိုင် ၂၀ က ကျောကုန်းကို ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles