သတင်း

ချင်းတွင်းမြစ်ကမ်း တပ်စွဲထားသည့် စစ်တပ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ သစ်ပုံဆိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးတပ်ဖွဲ့ကို ယမန်နေ့ (စက်တင်ဘာ ၆) ရက် နံနက်ပိုင်းက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးကို လက်နက်များနှင့်တကွ အသေဖမ်းမိခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။

ချင်းတွင်းမြစ်အထက်ပိုင်း သစ်တောများမှ သစ်သယ်ရန်အတွက် အဓိကကျသည့် သစ်ပုံဆိပ်နှင့် သစ်ကွင်းရှိရာ ယင်းမာပင်မြို့နယ်ထဲမှ စည်သူ (ဒေသအခေါ် စေသူ) သစ်ကွင်းတွင် ဇူလိုင်လကုန်ပိုင်းကတည်းက စစ်ကောင်စီတပ်က အခြေချနေပြီး အနီးတစ်ဝိုက်ကျေးရွာများကို လှည့်လည်ကာ ရှေ့ပြေးကင်းထောက်ခြင်းများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ကလည်း တော်လှန်ရေးတပ်များက အလားတူတိုက်ခိုက်မှုမျိုး ပြုလုပ်ပြီး သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ရာ သစ်ကွင်းစောင့် စစ်ကောင်စီတပ်အတွက် သီတင်းတစ်ပတ်ခန့်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

စက်တင်ဘာ ၆ ရက်နေ့ တိုက်ပွဲသည် သစ်ကွင်းမှ ၄ မိုင်ခန့်အကွာ ကျောက်ကုန်းရွာအတွင်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို နံနက် ၈ နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်များထံမှ သိရသည်။

ကျောက်ကုန်းရွာသည် ယင်းမာပင် – ကနီ နယ်စပ်တွင် ရှိပြီး သစ်ကွင်းနှင့် သစ်ပုံဆိပ်သို့ တော်လှန်ရေးတပ်များ မလာရောက်နိုင်ရန်အတွက် စစ်ကောင်စီတပ်သား ၁၀၀ ခန့် တပ်စွဲစခန်းချရာ နေရာဖြစ်သည်။

နှစ်နာရီနီးပါးကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းများနှင့်တကွ MA 1 အမျိုးအစား သေနတ်နှစ်လက်၊ MA 2 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဆန် ၄၀၀ နီးပါး သိမ်းဆည်းရမိခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (UFL) က ယနေ့ နံနက်ပိုင်းက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

သေနတ်ဒင်များပေါ်မှ  “နမခ” တံဆိပ်ကြောင့် သေဆုံးသူများမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ (ဓာတ်ပုံ – ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး- UFL)

သိမ်းဆည်းရမိသည့် သေနတ်ဒင်ပေါ်မှ အမှတ်အသားများအရ သေဆုံးသွားသူများမှာ ယင်းမာပင်မှ ချင်းတွင်းမြစ်တဖက်ကမ်း မုံရွာအခြေစိုက် တိုင်းစစ်ဌာနချုပ်ဖြစ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကောင်စီတပ်သားများဖြစ်ကြောင်း ULF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နောက်ထပ် ၁၅ ဦးအထိ ဒဏ်ရာရခဲ့ကြောင်းနှင့် ၎င်းတို့ဘက်မှ ခြောက်ဦး အသေးစားဒဏ်ရာများ ရခဲ့ကြောင်း တော်လှန်ရေးတပ်ပေါင်းစုဘက်က ပြောသည်။ ထိုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

နှစ်ဖက်တိုက်ပွဲအပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ချင်းတွင်းမြစ်ကို ကျော်ကာ လက်နက်ကြီးဖြင့် လေးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်းလည်း တော်လှန်ရေးတပ်များက ပြောသည်။

သစ်လုံးများသယ်ဆောင်ကာ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် ရေယာဉ်ကို ၂၀၂၃ သြဂုတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ANPTT)

စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် သစ်ကွင်းနှင့် သစ်ပုံဆိပ်ကို အသည်းအသန် ကာကွယ်နေကြောင်း ULF ပြောခွင့်ရသူ ကိုဂျော်ဒန်က ပြောသည်။

“အဓိကတော့ ဒီဘက်က သစ်တွေလိုက်ရှာနေတာ ဖြစ်နိုင်တယ်။ သစ်စက်တွေကသစ်ကို လိုချင်ပုံပေါက်တယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ကုန်းရွာတွင် ရှိနေဆဲဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၇) နံနက်ပိုင်းအထိ ထိတွေ့ပစ်ခတ်မှု မရှိသေးကြောင်း သိရသည်။ 

သစ်ဆိပ်အနီး စစ်ကောင်စီတပ် လှုပ်ရှားမှုများကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတာဝန်ခံက ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့မှ ချင်းတွင်းမြစ်တစ်ဘက်ကမ်းရှိ ယင်းမာပင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအစောဆုံး စတင်ခဲ့ရာ ဒေသဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ဒေသလည်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button