မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်များနှင့် ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ ဝယ်ယူရန် ဂျပန်အစိုးရက ယန်း သန်း ၁၀၀ ထောက်ပံ့မည့်အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဇူလိုင် ၂၃ တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ စစ်တပ်၏ ထိန်းချုပ်ထောက်ပံ့မှုဖြင့် လည်ပတ်နေခြင်းဖြစ်ကာ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ခိုင်ခိုင်လုံလုံ ရှိနေသည်ဟု HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျပန်အစိုးရက ယန်း သန်း ၁၀၀ (ဒေါ်လာ ၉၃၀,၀၀၀) ထောက်ပံ့မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂ တွင် ကြေညာခဲ့ပြီး ပြည်သူ့လူခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် မြန်မာရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
“မြန်မာ့ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့်အစား အခြားလှူဒါန်းမည့်အစိုးရအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့ကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာစေခြင်းအားဖြင့် လူမျိုးစုလိုက်ရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို ဂျပန်အစိုးရအနေနဲ့ ကူညီပေးသင့်ပါတယ်” ဟု HRW ၏ အာရှဒေသဒါရိုက်တာ Brad Adams က ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ ပဋိပက္ခများအတွင်း ဒေသခံ မွတ်စလင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျူးလွန်မှုများရှိခဲ့ကြောင်း၊ တပ်မတော်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များပါ ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။ သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများ ကျူးလွန်ရာတွင်လည်း ပါဝင်ခဲ့ကြပြီး၂၀၁၇ တွင် အင်းဒင်ကျေးရွာ၌ မွတ်စလင် ၁၀ ဦး အစုလိုက်သတ်ဖြတ်ခံရမှုအပေါ် Reuters သတင်းဌာနက စုံစမ်းသတင်းရေးသားခဲ့သည့်အတွက် သတင်းသမားနှစ်ဦးကို မြန်မာရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ရဲတပ်ဖွဲ့သည် ရခိုင်ပြည်နယ်တွင်သာမက အခြားဒေသများတွင်ပါ ရဲစည်းကမ်းဖောက်ဖျက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြပြီး ၂၀၁၅ လက်ပံတန်းကျောင်းသားကိစ္စ၊ လူ ၇ ဦးသေဆုံးခဲ့သော၂၀၁၈ မြောက်ဦးမြို့ အစိုးရအဆောက်အအုံတစ်ခုတွင် စုဝေးဆန္ဒပြသူများကို ပစ်ခတ်မှု ၊ ၂၀၁၉ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိခြင်းအပေါ် ကရင်နီလူငယ်များ ဆန္ဒပြခဲ့ရာတွင် ရာဘာကျည်ဖြင့် ဖြိုခွင်းမှုများအပါအဝင် ရဲတပ်ဖွဲ့၏ ကျူးလွန်မှုများကို Myanmar Now က ဖော်ထုတ်ရေးသားခဲ့သည်။
ဂျပန်အစိုးရသည် ယင်းထောက်ပံ့မှုပြုလုပ်ရာတွင် လူ့အခွင့်အရေးစံနှုန်းသတ်မှတ်ချက်များကို လိုက်နာမှုရှိ မရှိ HRW က ဆက်သွယ်မေးမြန်းခဲ့ရာ “ပြောဆိုထားပြီးဖြစ်တဲ့ ရည်ရွယ်ချက်တွေအတိုင်းသာ ထိရောက်မှုရှိစွာ အသုံးပြုမယ်လို့ မြန်မာအစိုးရအနေနဲ့ အတည်ပြုခဲ့ကြောင်း” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်ဟု HRW ၏ ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကူညီထောက်ပံ့သည့် ငွေဖြင့် ဝယ်ယူမည့် ပစ္စည်းများကို သင့်လျှော်စွာ အသုံးပြု မပြု စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟုဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း ပါဝင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိတစ်ဦးဖြစ်ရန်လိုအပ်ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် လည်ပတ်ရသည်။
လက်ရှိ ပြည်ထဲရေးဝန်ကြီးသည် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဖြစ်ပြီး ၎င်းသည် ဗိုလ်သင်တန်းအမှတ်စဉ် ၆၄ ဆင်း ဖြစ်သည်။ ၎င်းမတိုင်ခင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူမှာ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဖြစ်သည်။
မြန်မာရဲတပ်ဖွဲ့အနေဖြင့် အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ရောက်ရှိပြီး စနစ်တကျ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာနိုင်သည့်အချိန်အထိ မြန်မာရဲတပ်ဖွဲ့အပေါ် ဂျပန်အစိုးရ၏ ကူညီပံ့ပိုးမှုအားလုံးကို ဆိုင်းငံ့ထားသင့်ကြောင်း HRW က တိုက်တွန်းထားသည်။
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ၁၉၉၅ က ရေးဆွဲခဲ့ပြီး ယခုနှစ် ဇွန် ၂၂ က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၆ မှ ၂၀၂၀ ဇွန် ၁၅ ရက်အထိ ငါးနှစ်တာကာလ အရေးယူမှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအားဖြင့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၈,၀၀၀ ကျော် အရေးယူခံထားရပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ဇွန်လအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရသည့် ရဲအမှု ၁၈ မှုရှိပြီး၊ ရဲအရာရှိ ၁၉ ဦးကို အရေးယူခဲ့သည်ဟု ဆိုသည်။