ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ရဲတပ်ဖွဲ့နေ့ အသုံးစရိတ်အတွက် လောင်းကစားဝိုင်းများက ယခုလ တတိယပတ်အတွင်း ကျပ်သိန်း ၃၀၀၀ ကျော် ထည့်ဝင်ခဲ့ရသည်ဟု သိရကြောင်း မြို့ခံများက ပြောသည်။
နယ်ထိန်းရဲများက အောက်တိုဘာ ၁ ရက်နေ့ ရဲတပ်ဖွဲ့နေ့အခမ်းအနားအသုံးစရိတ်အတွက် မူဆယ်မြို့ရှိ လောင်းကစားဝိုင်း ၃၀၀ ကျော်ထံမှ ကျပ် ၁၀ သိန်းနှုန်း တောင်းယူခဲ့ခြင်း ဖြစ်သည်။
ရဲများက မကြာခဏ ငွေတောင်းခံတတ်သည်၊ နယ်ထိန်းအပြောင်းအလဲရှိလျှင်လည်း အသစ်ရောက်လာသည့် နယ်ထိန်းက ငွေညှစ်သည်ဟု လောင်းကစားဝိုင်းများနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ရဲနေ့မှာ သူတို့ ကျွေးမွေးဖို့ဆိုပြီး တောင်းတာ။ ခဏခဏပါပဲ။ နယ်ထိန်းတွေ ပြန်ချိန်းလည်း တောင်းတယ်။ တောင်းသလောက် ပေးနိုင်ရင်တော့ လောင်းကစားတွေ ကြိုက်သလောက် ဖွင့်ခွင့်ပေးနေတာပဲ” ဟု အဆိုပါ ကစားဝိုင်းများတွင် လုပ်ကိုင်နေသူများကို ကိုးကား၍ အမည်မဖော်လိုသော ထိုအမျိုးသမီးက ဆိုသည်။
ယခုလဆန်းအတွင်း မူဆယ်မြို့သို့ အသစ်ရောက်လာသော နယ်ထိန်းရဲအရာရှိတစ်ဦးကို ကန်တော့ရန်ဟု ဆိုကာ လောင်းကစားဝိုင်းများထံမှ ကျပ်သိန်း ၅၀ ခန့် ကောက်ခံခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့် မူဆယ်မြို့တွင် စစ်တပ် အာဏာမသိမ်းခင်က လောင်းကစားဝိုင်း ၁၀ ခုခန့် ရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆက်ကြေးပေးကာ ဖွင့်လှစ်ထားသည့် ကာစီနို၊ လောင်းကစားဝိုင်း အသေး၊ အကြီး စုစုပေါင်း ၃၀၀ ကျော်အထိ ရှိနေသည်ဟု မြို့ခံများထံမှ သိရသည်။
မူဆယ်မြို့ရှိ လောင်းကစားဝိုင်းများကို မူဆယ်မြို့နယ်ရဲတပ်ဖွဲ့က ငွေယူပြီး ဖွင့်ခွင့်ပြုပေးထားကြောင်း မြို့ခံနောက်တစ်ဦးက ပြောသည်။
ရဲများက ထိုသို့တောင်းယူခဲ့ကြောင်းကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုမှု မရှိပေ။
လောင်းကစားဝိုင်း ဖွင့်လှစ်ကြသူအများစုသည် စစ်ကောင်စီလက်အောက်ခံ ရှမ်းမြောက်အခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့ အများစုဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံသားများလည်း ပါဝင်ကြသည်ဟု မြို့ခံများထံမှ သိရသည်။ အင်အားကြီးသည့် ပြည်သူ့စစ်အဖွဲ့များထဲတွင် ပန်းဆေး၊ ကောင်းခါး၊ နမ့်ခမ်းမြို့မ၊ မူဆယ်မြို့မ၊ မုံးပေါ်တို့ ပါဝင်သည်။
လောင်းကစားဝိုင်းများကို ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ဆောင်သူများက လုံခြုံရေးယူပေးထားသည်။
မြန်မာနှင့် တရုတ်နိုင်ငံသားများ ဝင်ရောက်ဆော့ကစားကြသည့် ထိုလောင်းကစားဝိုင်းများကြောင့် မူဆယ်မြို့တွင် ခိုးမှု၊ လုယက်မှု များပြားလာသလို ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိသဖြင့် စည်ပင်နေသော မူဆယ်မြို့သည် အာဏာသိမ်းပြီးနောက် လောင်းကစားရုံ များပြားလာရုံမက ရာဇဝတ်မှုလည်း ထူပြောလာသည်ဟု မြို့ခံများက ဆိုသည်။
လောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများ
ဩဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန် တရုတ်သံရုံးက မြန်မာပြည်အတွင်းရှိ လောင်းကစားဝိုင်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ထိုနေ့က ရန်ကုန်အခြေစိုက် တရုတ်၊ လာအို၊ ထိုင်း သံအမတ်ကြီးများက လောင်းကစား အပါအဝင် လိမ်လည်မှု၊ ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သိရသည်။
၂၀၂၂ ဇူလိုင် ၃၁ က မူဆယ်မြို့နယ်အတွင်း မင်္ဂလာမူဆယ် မြို့သစ်စီမံကိန်းနယ်မြေရှိ တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် လောင်းကစားရုံ နှိမ်နင်းခံရပြီးနောက် ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထိုလောင်းကစားရုံကို ဦးဆောင်သူများမှာ တရုတ်အစိုးရဘက်က အလိုရှိနေသည့် ငွေလိမ်ဂိုဏ်းဖြစ်ကြောင်း၊ ဖိအားပေး ဖမ်းဆီးခိုင်းသဖြင့် စစ်ကောင်စီက မလွှဲမရှောင်သာ နှိမ်နင်းခဲ့ခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံများက ထိုစဉ်က ပြောထားသည်။
အလားတူ ယမန်နှစ် နှစ်ကုန်ပိုင်းက မူဆယ်မြို့ပေါ်ရှိ မင်္ဂလာမူဆယ်စျေးဝင်းအတွင်း တိုက်ခန်းတစ်ခုတွင် တရုတ်နိုင်ငံသားများ ဖွင့်လှစ်ထားသည့် “ကျားဖျံ” ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို တရုတ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။
အဆိုပါ ငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်ရန် လူငယ်အများအပြားကို လစာအများအပြားဖြင့် မက်လုံးပေးကာ ပစ်မှတ်ထားခေါ်ယူထားကြသည်။ ရှမ်းပြည်နယ်အတွင်း လောက်ကိုင်၊ တာချီလိတ်၊ ကရင်ပြည်နယ် မြဝတီတို့တွင် ငွေလိမ်ဂိုဏ်းများ အခြေစိုက်လုပ်ကိုင်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)