ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်အကြီးအကဲနှစ်ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်အဖြစ်က နုတ်ထွက်

အဆိုပါဌာနဆိုင်ရာအကြီးအကဲများ ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေခြင်းမှာ ၂၀၁၃ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်မညီဟု ရှေ့နေချုပ်ရုံးက အကြောင်းပြန်ခဲ့သည်ဟု သမ္မတရုံးပြောခွင့်ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ 

Published on Jul 17, 2020
Published on Jul 17, 2020
ဗိုလ်မှူးချုပ်ဟောင်းဖြစ်သူ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်နှင့် ဆိပ်ကမ်းအာဏာပိုင် ဗိုလ်မှူးအငြိမ်းစား ဦးနီအောင်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာတိုင်းမ်)
ဗိုလ်မှူးချုပ်ဟောင်းဖြစ်သူ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်နှင့် ဆိပ်ကမ်းအာဏာပိုင် ဗိုလ်မှူးအငြိမ်းစား ဦးနီအောင်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာတိုင်းမ်)

တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နေသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာအဖွဲ့တွင် ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာနအကြီးအကဲနှစ်ဦးပါဝင်နေခြင်းမှာ ဥပဒေနှင့် မညီသည့်အတွက် ၎င်းတို့သည် ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ပြီဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်နှင့် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် မြန်မာ့စီးပွားရေးဦးပိုင်၏ ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်နေသည့်အတွက် အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ အကြံပြုချက်တောင်းခံသွားမည်ဟု ဦးဇော်ဌေးက မေလကုန်ပိုင်းတွင် ပြောခဲ့သည်။

အဆိုပါအကြီးအကဲနှစ်ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေခြင်းသည် ၂၀၁၃ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀ (စ) နှင့် ၃၇ တို့အရ ဥပဒေနှင့် မညီညွတ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြောင်းပြန်ခဲ့သည်ဟု ဦးဇော်ဌေးက ယနေ့ (ဇူလိုင် ၁၇ ) ညနေပိုင်း သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“အဲဒီ (အကြောင်းပြန်ကြားမှု) ပေါ်မှာ မူတည်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်ကို ဇူလိုင် ၆ ရက်မှာပဲ ၎င်းရဲ့သဘောဆန္ဒအလျောက် နုတ်ထွက်ထားပြီးဖြစ်ကြောင်း၊ ဒီဦးပိုင်အဖွဲ့ကနေပေါ့နော်။ ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ထားပြီးဖြစ်ကြောင်းကို သမ္မတရုံးကို တင်ပြလာပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။ 

ဆက်လက်ပြီး “အကောက်ခွန်ဦးစီးဌာနက ညွှန်ချုပ် ဦးကျော်ထင်ပေါ့နော်။ သူလည်းပဲ ဇူလိုင်လ ၆ ရက်နေ့မှာ အရင်တုန်းက ဆောင်ရွက်တဲ့ဆောင်ရွက်ချက်က ဥပဒေနဲ့မညီညွတ်တဲ့အတွက် (ဦးပိုင်) ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆက်လက်ခန့်ထားရန် ခွင့်မပြုကြောင်းနဲ့ အရင်က ခွင့်ပြုထားတဲ့စာကို ဒီစာနဲ့ လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း စီမံ၊ ဘဏ္ဍာနဲ့စက်မှုဝန်ကြီးဌာနက ကာကွယ်ရေးကို တရားဝင်စာပို့ထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

screen_shot_2020-07-17_at_6.36.52_pm.png

ဦးကျော်ထင်နှင့် ဦးနီအောင်တို့ ဦးပိုင်ဒါရိုက်တာအဖွဲ.မှ နှုတ်ထွက်လိုက်ပြီဆိုသော်လည်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု၏ ကုမ္ပဏီမှတ်တမ်းများတွင် ၎င်းတို့နှစ်ဦး၏ အမည်များ ဇူလိုင် ၁၇ ရက်ညအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

အကောက်ခွန်ဦးစီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ရှိသည်။ ဦးကျော်ထင်နှင့် ဦးနီအောင်တို့နှစ်ဦးစလုံး ဦးပိုင်၏ ဒါရိုက်တာအဖွဲ့တွင် ပါဝင်မှုကို သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုစလုံးထံမှ သဘောထားခွင့်ပြုချက်ယူခဲ့ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်၏ စီမံရေးဌာန အထွေထွေမန်နေဂျာ ဦးလှမျိုးက Myanmar Now ကို မေလနှောင်းပိုင်းတွင် ပြောခဲ့သည်။ 

နေပြည်တော်တွင် ဇွန် ၁၉ ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်သီတာဦးက ကိုလိုနီခေတ်အစိုးရဝန်ထမ်းစည်းမျဉ်းများကို ကိုးကားပြီး ဥပဒေနှင့်ညီညွတ်သည်ဟု ပြောဆိုခဲ့သည်။ ယင်းစည်းမျဉ်းများအရ နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးထံမှ ကြိုတင်ခွင့်ပြုချက်ရထားလျှင် အခြားစီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများ၌ ပါဝင်ပတ်သက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု ဒေါ်သီတာဦးက ပြောခဲ့သည်။ 

တပ်မတော်က ၁၉၉၀ တွင် ထူထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအများအပြားတွင် လုပ်ကိုင်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီ ကာလတွင် တပ်မတော်ခေါင်းဆောင်းများက ကုမ္ပဏီနာမည်တွင် "ပြည်ထောင်စု" စာသားကိုဖြုတ်ကာ 'မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ' ဟု ပြောင်းလဲခဲ့သည်။

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာ နှစ်မျိုးရှိခဲ့သည့်အနက် (က) ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး (ခ) ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ (က) ရှယ်ယာများကို (ခ) ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့သည်။ ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန်တာဝန်မရှိတော့ပေ။ 

လက်ရှိတွင် ဦးပိုင်၏ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။

နိုင်ငံတော်ပြန်တမ်းများအရ ဦးနီအောင်ကို ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးအဖြစ် သမ္မတဟောင်းဦးထင်ကျော်လက်ထက် ၂၀၁၇ ဒီဇင်ဘာတွင် အတည်ပြုခန့်အပ်ခဲ့ပြီး အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၆ မတ်လတွင် ခန့်ထားခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင် ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေခြင်းသည် ဥပဒေနှင့် မဆန့်ကျင်သလို အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြင်းမရှိဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဇွန် ၁၀ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပြုခဲ့သည်။

ဦးနီအောင်သည် ထိုသို့ တာဝန်ယူထားသော်လည်း ဦးပိုင်ကုမ္ပဏီအစည်းအဝေးများသို့ တက်ရောက်ခြင်းမရှိသလို၊ ကုမ္ပဏီ၏ မည်သည့်အကျိုးစီးပွားကိုမျှ ရယူခံစားနေခြင်းမရှိဟုလည်း ၎င်းက ပြောခဲ့သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးထွန်းထွန်းနိုင်ကို Myanmar Now က မေးမြန်းခဲ့မှုအရ ဦးပိုင်ဒါရိုက်တာအဖွဲ့တွင် ဦးကျော်ထင်သည် ဦးပိုင်ဒါရိုက်တာအဖွဲ့တွင် ပါဝင်နေသည်ကို မသိထားသည့်အတွက် ဝန်ကြီးနှင့် ဒုဝန်ကြီးထံ တင်ပြပြီး ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိမရှိ ဆွေးနွေးမည်ဟု ပြောခဲ့သည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading