
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တောင်ယာစိုက်ခင်းသို့ သွားသည့် ဇနီးမောင်နှံကို ဩဂုတ် ၂၂ က စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ခင်ပွန်းသည်ကို ဇနီး၏ ရှေ့တွင်ပင် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။
နံနက် ၈ နာရီခွဲခန့်က ၃၃ နှစ်အရွယ် ကိုလှငွေနှင့် ဇနီးဖြစ်သူတို့၏ ဆိုင်ကယ် ကုန်းဆုံကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ ရောက်သွားစဉ် အဆိုပါ အဖြစ်ဆိုးနှင့် ကြုံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကိုလှငွေ ကျည် ၇ ချက် ထိသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ကုန်းဆုံရွာခံ အမျိုးသားက ပြောသည်။
“ဘာမှမမေးဘူး၊ ဒီအတိုင်းပဲ ပစ်တာ။ ၇ ချက်တဲ့ ဒဏ်ရာက။ ဆိုင်ကယ်လဲတဲ့အချိန် သူ့မိန်းမက သူ့ယောကျ်ားကို သွားထူတဲ့အချိန် (စစ်ကောင်စီတပ်သားက ခြေထောက်နဲ့) ကန်သေးတယ် ပြောတယ်။ ကန်တော့ သူ့မိန်းမ လွင့်သွားတယ်” ဟု ထိုဒေသခံက ဆိုသည်။
ခင်ပွန်းသည်ကို ပစ်သတ်ပြီးနောက် စစ်ကောင်စီတပ်သားများ ပြန်လှည့်ထွက်သွားကြောင်း၊ အသက် ၂၀ အရွယ် ဇနီးဖြစ်သူကိုမူ ထပ်မံနှိပ်စက်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ထို့နောက် ဇနီးသည်က တောင်ယာသွားသည့် ရွာသားတစ်ဦး၏ အကူအညီဖြင့် ရုပ်အလောင်းကို ရွာထဲသို့ သယ်ယူလာခဲ့သည်ဟု ပြောသည်။ ကိုလှငွေ ပစ်သတ်ခံရသည့်နေရာမှာ စစ်တပ် တပ်စွဲထားသည့် ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရားနှင့် မီတာ ၁၀၀၀ ခန့်သာ ကွာဝေးသည်ဟု ဆိုသည်။
“ဒီလမ်းတွေက ပြည်သူ တောင်ယာသွားတဲ့ လမ်းတွေပါပဲ။ အခုချိန်က တောင်ယာသွားတဲ့ အချိန်ပဲလေ။ အခုက (ဒီလမ်းမှာ) ပစ်သတ်ခံရတာ ပထမဆုံးပဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ထိုရွာအနီးဝန်းကျင်ရှိ ကသဲ (ရွှေပြည်အေး)၊ လွယ်ပတာ၊ စက်တော်ရွာတို့တွင်လည်း တပ်စွဲထားကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်က ကုန်းဆုံကျေးရွာ ထိုင်တော်မူဘုရားတောင်တွင် စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။
ကရင်နီတော်လှန်ရေးတပ်များကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ရှမ်းနှင့် ကယား (ကရင်နီ) နယ်စပ်မြို့ ဖယ်ခုံကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။
စစ်တပ်က အရပ်သားများကိုလည်း မကြာခဏ ဖမ်းဆီးသတ်ဖြတ်လေ့ရှိသည်။
၂၀၂၁ အတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေး (ကာသဲ) ကျေးရွာမှ ရွာသားများကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၈ ဦးကို ထောင်သုံးနှစ်စီ ချမှတ်ခဲ့သည်။

ဖယ်ခုံမြို့နယ်ကို ဖြတ်သွားသည့် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ရရှိထားသည်၊ လွိုင်ကော်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရာတွင် ထိုလမ်းကို အသုံးပြုနေသည်။
၂၀၂၁ နှစ်ဆန်းပိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည်။
ဖယ်ခုံနှင့် အနီးဝန်းကျင်တွင်လည်း ခုခံသူ အများအပြားရှိရာ နေပြည်တော်နှင့် နီးကပ်သည့် ထိုဒေသကို စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် စစ်ဆင်လျက်ရှိသည်။
ထိုသို့ စစ်ဆင်ရာတွင် အရပ်သားပစ်မှတ်များလည်း တိုက်ခိုက်ခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)