
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းကြေညာပြီးသည့်နောက် နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် သတင်းတုသတင်းမှားများ များစွာထွက်ပေါ်လာခဲ့သည်။ ပါတီထောက်ခံသူများဟု ယူဆရသူများသည် ၎င်းတို့ထောက်ခံသည့် ပါတီများ၏ ပြိုင်ဘက်ပါတီများကို အထင်လွဲစေမည့် သတင်းတု သတင်းများဖြင့် တစ်ဖက်နှင့်တစ်ဖက် လုပ်ကြံတိုက်ခိုက်လာကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်သူရှေ့ဆောင်ပါတီ (PPP) တို့ကို တိုက်ခိုက်ထားသည့် သတင်းတုများစွာ ပြီးခဲ့သည့် တစ်ပတ်အတွင်း ထွက်ပေါ်ခဲ့ပြီး အချို့မှာ ပျံ့နှံ့မှုအားကောင်းလာကာ Facebook အသုံးပြုသူ ထောင်ချီ ပြန်လည် ဖြန့်ဝေနေသည်ကို တွေ့ရသည်။
NLD ပါတီကို တိုက်ခိုက်သည့် သတင်းတုများ
NLD ပါတီကို တိုက်ခိုက်သည့် သတင်းတုများအနက် “ဝှေခါ ကျောက်တွင်းပြိုကျမှု NLD ပါတီနှင့် တရုတ်ကုမ္ပဏီလေးခု အကျိုးတူနေရာဖြစ်” ၊ “၂၀၂၀ တွင် NLD အမတ် ၆၈%အစ္စလမ် ဘာသာဝင်များဖြစ်မည်” ၊ “မွတ်စလင် ကိုယ်စားလှယ်လောင်းတွေကို ဘယ်သူထည့်ခိုင်းတာလဲ ဒေါက်တာအောင်မိုးညိုပြောပြီ” ဆိုသည့် သတင်းတုများကို ပြန်လည်ဖြန့်ဝေမှု ထောင်ချီရှိခဲ့သည်။
အဆိုပါသတင်းတုများကို Radio Free Myanmar (RFM) လွတ်လပ်တဲ့မြန်မာ့အသံ အမည်ဖြင့် သတင်းဌာနအယောင်ဆောင်ထားသည့် Facebook စာမျက်နှာက ဖြန့်ဝေနေခြင်းဖြစ်သည်။ အဆိုပါ စာမျက်နှာသည် NLD ပါတီကို တိုက်ခိုက်သည့် သတင်းတုများအပါအဝင် သတင်းတုသတင်းမှားများ မကြာခဏ ဖြန့်ဝေလျက်ရှိသည်။
“ဝှေခါ ကျောက်တွင်းပြိုကျမှု NLD ပါတီနှင့် တရုတ်ကုမ္ပဏီ ခု အကျိုးတူနေရာဖြစ်” ဆိုသည့် သတင်းတုတွင် တရုတ်ကုမ္ပဏီဟု ဖော်ပြထားသည့် ရတနာစန်းရွှင်ကုမ္ပဏီမှာ နိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီတစ်ခုသာ ဖြစ်သည်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ဝက်ဆိုက်ရှိ အချက်အလက်များအရ သိရသည်။
ထို့အပြင် အဆိုပါကုမ္ပဏီသည် စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်များထိန်းသိမ်းခံထားရသည့်ကာလ ၂၀၀၁ ကတည်းက တည်ထောင်ထားခြင်းဖြစ်ကြောင်းတွေ့ရပြီး ဒါရိုက်တာနှင့် ရှယ်ယာရှင် စာရင်းတွင် လည်း NLD ပါတီခေါင်းဆောင်များ၏ အမည်များကို မတွေ့ရပေ။
ဖားကန့်မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတွင် ရတနာရွှေပြည် (တစ်သုံးလုံး) ကုမ္ပဏီ၏ လုပ်ကွက်နေရာ ပါဝင်သည်ဟု တရားဝင်သတင်းမီဒီယာများက ရေးသားဖော်ပြထားပြီး ယင်းကုမ္ပဏီမှာလည်း ပြည်တွင်းကုမ္ပဏီဖြစ်ကြောင်း DICA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် အဆိုပါသတင်းသည် သတင်းတုတစ်ခုသာဖြစ်သည်။
“၂၀၂၀ တွင် NLD အမတ် ၆၈%အစ္စလာမ် ဘာသာဝင်များဖြစ်မည်” ဆိုသည့် သတင်းတုကိုလည်း RFM အဖွဲ့က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါအကြောင်းအရာများနှင့် ပတ်သက်ပြီး တရားဝင်သတင်းဌာနများတွင် ရေးသားထားခြင်း မတွေ့ရပါ။ ထို့အပြင် NLD ထိပ်ပိုင်းခေါင်းဆောင်များ၏ အင်တာဗျူးများ၊ ဆိုရှယ်မီဒီယာ အကောင့်များတွင်လည်း ယင်းကဲ့သို့ဖော်ပြထားခြင်းမျိုး မရှိပါ။
NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသည့်အခါတွင်လည်း ယင်းသတင်းသည် သတင်းတုသာ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
“မွတ်စလင်ကိုယ်စားလှယ်လောင်းတွေကို ဘယ်သူထည့်ခိုင်းတာလဲ ဒေါက်တာအောင်မိုးညိုပြောပြီ” ဆိုသည့်သတင်းတုကို “Yan Aung” ဆိုသည့် အကောင့်က စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ထို့နောက် “U Nyunt Win” နှင့် “ရှိန်း သူရ” ဆိုသည့် အကောင့်က ဇူလိုင်လ ၁၁ တွင် အဆိုသတင်းတုကိုပင် ဘာသာရေးအရ တိုက်ခိုက်သည့် ခေါင်းစဉ်အဖြစ်ပြောင်းကာ ထပ်မံဖြန့်ဝေခဲ့သည်။
ယင်းအကောင့်များသည် NLD ပါတီကို ဘာသာရေးနှင့် သက်ဆိုင်သည့် သတင်းတုများဖြင့် ပုံမှန်တိုက်ခိုက်နေသည်ကိုလည်းတွေ့ရသည်။
ယင်းသတင်းတုကို Myanmar Now က အချက်အလက်စစ်ဆေးကြည့်သည့်အခါ မည်သည့် အချိန်၊ မည်သည့်နေရာတွင် ၊ မည်သူ့ကို ပြောသည် ဆိုသည့် အချက်အလက်များမပါသည့်အပြင် မရေရာသည့် အချက်အလက်များဖြင့်ရေးသားထားသည်ကို တွေ့ရသည်။ ထို့အပြင် တရားဝင်သတင်းမီဒီယာများတွင်လည်း ယင်းအကြောင်းအရာနှင့် သက်ဆိုင်သည့် သတင်းမျိုးကို မတွေ့ရပေ။
အဆိုပါ သတင်းတုနှင့် ပတ်သက်ပြီး ဒေါက်တာအောင်မိုးညိုကလည်း သူမပြောသည့် အကြောင်းအရာများကို ရေးသားထားသည့် သတင်းတုသာဖြစ်ကြောင်း ၎င်း၏ Facebook အကောင့်တွင် ဖြေရှင်းထားသည်ကို တွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတီ ကို တိုက်ခိုက်သည့် သတင်းတုများ
ပြည်ခိုင်ဖြိုးပါတီကို တိုက်ခိုက်သည့် သတင်းတုများအနက် “Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်” ၊ “ရွှေပုပ္ပါးသွေးဆေးကြော်ငြာသည့်ကားကို ပြည်ခိုင်ဖြိုးပါတီဝင်များမှ ထွက်ရိုက်” ၊ “၈ လေးလုံးတွင် လူထု၊ကျောင်းသား ရဟန်းတို့ကို ပစ်ခတ်နှိမ်နင်းခဲ့သည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးပုံ” စသည့် သတင်းတုများ သည် ပြန်လည်မျှဝေမှုများပြားခဲ့သည့် သတင်းတုများဖြစ်သည်။
“Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်” ဆိုသည့် သတင်းတုတွင် ဦးဌေးအောင်၏ ဓာတ်ပုံကို Photoshop ဖြင့် ပြုပြင်ထားကာ စာလုံးပေါင်းသတ်ပုံနှင့် စာသားများ မှားယွင်းနေသည်ကိုလည်း တွေ့ရသည်။ အဆိုပါသတင်းတုကို ဇူလိုင် ၆ တွင် “Moesandar” အမည်ရှိ အကောင့်ကဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူ ၁,၀၀၀ ကျော်အထိ ရှိခဲ့သည်။ ထို့အပြင် အဆိုပါအကြောင်းအရာတွင် ဘာသာရေးဆိုင်ရာ အမုန်းစကားများလည်း ပါဝင်သည်ကို တွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက အဆိုပါအကြောင်းအရာသည် သတင်းတု သတင်းမှားသာဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“ဒီသတင်းတုက တော်တော်လေးကို သတင်းတုလုပ်တဲ့သူကလည်း စာလုံးပေါင်းသတ်ပုံကအစ မှားနေတာကို တွေ့ရပါတယ်။ နောက် Photoshop နဲ့ လုပ်ထားတယ်ဆိုတာ သိသာပါတယ်။ ဒါက သတင်းတုဖြစ်ပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။
ထို့အပြင် “ရွှေပုပ္ပါးသွေးဆေးကြော်ငြာသည့်ကားကို ပြည်ခိုင်ဖြိုးပါတီဝင်များမှ ထွက်ရိုက်” ဆိုသည့် အကြောင်းအရာသည်လည်း သတင်းတုဖြစ်သည်ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
“ရွှေပုပ္ပါး သွေးဆေးလာကြော်ငြာတာကို ထွက်ရိုက်လိုက်တယ်ဆိုတာလည်း ရယ်စရာကောင်းတဲ့သတင်းတုကြီးပါပဲ။ ဒါမျိုးတွေက နိုင်ငံကို ဖျက်လို့ဖျက်ဆီး လုပ်နေတဲ့သူတွေရဲ့ မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတုတွေသာ ဖြစ်ပါတယ်” ဟု ဦးသိန်းထွန်းက ပြောသည်။
“၈ လေးလုံးတွင် လူထု၊ကျောင်းသား ရဟန်းတို့ကို ပစ်ခတ်နှိမ်နင်းခဲ့သည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးပုံ” ဆိုသည့် အကြောင်းအရာကိုလည်း Myanmar Now က အချက်အလက်စစ်ဆေးကြည့်သည့်အခါ အဆိုပါ ဓာတ်ပုံကို lightrocket.com ဆိုသည့် ဝက်ဆိုက်မှ ကူးယူဖော်ပြထားခြင်းဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါ lightrocket.com ဝက်ဆိုက်တွင် ဖော်ပြထားချက်အရ ယင်းဓာတ်ပုံကို ဓာတ်ပုံသတင်းထောက် Dominic Faulder က ၁၉၈၉ ဇူလိုင် ၁ တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က NLD အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လူထောင်ပေါင်းများစွာက သွားရောက်နားထောင်စဉ် စစ်တပ်က တားဆီးရန် ကြိုးစားနေသည့် မြင်ကွင်းများ ဖြစ်သည်။ သို့သော် ပစ်ခတ်မှုများ မရှိခဲ့ပါဟုလည်း ဖော်ပြထားသည်။ ၈၈၈၈ အရေးတော်ပုံ အချိန်က လူထု၊ ကျောင်းသား၊ ရဟန်းတို့ကို ပစ်ခတ်နှိမ်နင်းခဲ့သည့် ဓာတ်ပုံမဟုတ်ပေ။
“ကျွန်တော်တို့ပါတီဥက္ကဋ္ဌကြီးက အဲ့ဒီ ရှစ်လေးလုံးကာလ မတိုင်ခင် ၁၉၈၆ ကနေ ၈၈ အထိက လူကြီးရဲ့ PSO အနေနဲ့ပဲ နေပြီးတဲ့အခါကျတော့ သူ သီးခြားကိုင်တွယ်ရတဲ့ တပ်ဆိုတာ သီးခြားမရှိဘူး။ အဲ့ဒီလို အမိန့်ပေးလို့မရဘူး။ ဒါကိုလည်း ပြည်သူတွေ ကွဲကွဲပြားပြားသိစေချင်ပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီကို တိုက်ခိုက်သည့် သတင်းတုများ
“၂၀၂၀ ရွေးကောက်ပွဲကာလတွင် NLD ပြန်လည်အနိုင်ရရှိပါက တိုင်းပြည်အန္တရာယ်မှာ အလွန်ကြောက်စရာကောင်းကြောင်း ဒေါက်တာသက်သက်ခိုင်ပြောဆို” ဆိုသည့် သတင်းတုမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့မှုအားကောင်းလာသည်ကို တွေ့ရသည်။
ယင်းသတင်းတုကို ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်၏ ဓာတ်ပုံနှင့် ယှဉ်တွဲကာ ဇူလိုင်လ ၄ ရက်နေ့တွင် “လင်းလင်း” အမည်ရှိ အကောင့်က လူမှုကွန်ရက်တွင် တင်ခဲ့ရာ လက်ရှိအထိ ပြန်လည်ဖြန့်ဝေသူ ၂,၀၀၀ ကျော်အထိ ရှိခဲ့သည်။
Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ ယင်းသတင်းတုသည် ၂၀၁၈ စက်တင်ဘာကတည်းက အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့်သတင်းတုဖြစ်ပြီး အဆိုပါသတင်းတုကို သူရိယနေဝန်းဂျာနယ်က ထပ်ဆင့်ကူးယူဖော်ပြခဲ့သေးသည်။
ယင်းသတင်းတုပါ အကြောင်းအရာများကို ၎င်းသည် တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်း မရှိသည့်အတွက် သူရိယနေဝန်းဂျာနယ်အနေဖြင့် ပြန်လည်ရှင်းလင်းရန် ဒေါက်တာသက်သက်ခိုင်က ၂၀၁၈ စက်တင်ဘာ ၂၂ ထုတ် ကြေးမုံသတင်းစာတွင်ထည့်သွင်းကြော်ငြာခဲ့သည်။ ၎င်း၏ Facebook အကောင့်တွင်လည်း ယင်းသတင်းစာဖြတ်ပိုင်းကို ပြန်လည်ဖော်ပြထားသည်။
သူရိယနေဝန်းဂျာနယ်ကလည်း သတင်းမှားယွင်းကြောင်း ဝန်ခံခဲ့ပြီးစက်တင်ဘာ ၂၆ ထုတ် ကြေးမုံသတင်းစာတွင် ပြန်လည်ဖြေရှင်းခဲ့သည်။ ရွေးကောက်ပွဲနီးလာချိန်တွင် အဆိုပါသတင်းတုကို အချိန်ကိုက် ပြန်လည်ဖြန့်ဝေလာကြခြင်းဖြစ်ကြောင်း တွေ့ရသည်။
“အဲ့ဒါကတော့ သတင်းမှားပါ။ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ သူများပါတီကို အောက်လုံးထိုးတာတွေ ဆဲတာတွေ မလုပ်ဖို့က ပါတီစည်းမျဉ်းထဲမှာရှိပြီးသားပါဟု” ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မင်းခန့်က Myanmar Now ကို ပြောသည်။
ရွေးကောက်ပွဲအတွက်စိုးရိမ်မှု
သတင်းတု သတင်းမှားများနှင့် အမုန်းစကားများကြောင့် လာမည့်ရွေးကောက်ပွဲတည်ငြိမ်မှုထိခိုက်လာမည်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် လူမှုကွန်ရက်စောင့်ကြည့်သည့်အဖွဲ့အစည်းများကလည်း စိုးရိမ်နေကြသည်။
သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများကြောင့် ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်သည့်အပြင် ရွေးကောက်ပွဲကာလအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေး ခက်ခဲသွားမည်ကို ပိုမိုစိုးရိမ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က Myanmar Now ကို ပြောသည်။
“ကျွန်တော်ကတော့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ စိုးရိမ်မှုလည်းရှိတယ်။ အဲ့ဒီထက်ပိုပြီးစိုးရိမ်တာက ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလအတွင်းမှာ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့တာတွေ အပုပ်ချခဲ့တာတွေ နောက်တစ်ခါ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ နှစ်ပြားမတန်အောင် ပြောဆိုနေတာတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့အတွက် ပိုပြီးတော့ ခက်သွားလိမ့်မယ်လို့မြင်တယ်” ဟု သူကပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကာလတွင် အမုန်းစကားများ၊ တစ်ဖက်နှင့်တစ်ဖက် လူမှုကွန်ရက်ပေါ် တိုက်ခိုက်မှုများမှာ ယခုအချိန်ကဲ့သို့ မများခဲ့ဟုလည်း ဦးရဲထွဋ်က ပြောသည်။
အာဏာရပါတီအနေဖြင့်လည်း မိမိနှင့် မိမိပါတီကို ထိခိုက်ပြောဆိုသည့် သတင်းတု သတင်းမှားများကိုသာ မဟုတ်ဘဲ မိမိပါတီကို ထောက်ခံသူများက အခြားပါတီတစ်ခုခုကို ပစ်မှတ်ထား ပြောဆိုဖြန့်ဝေသည့် သတင်းတု သတင်းများကိုလည်း ဘက်မလိုက်ဘဲ ကျင့်ဝတ်တစ်ခုရေးဆွဲကာ တိတိကျကျ ကိုင်တွယ်ထိန်းကျောင်းရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။
“လူပြောများနေတဲ့ Facebook က ဖွဲ့ထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စောင့်ကြည့်တဲ့အဖွဲ့ကလည်း ဒီထက်ပိုပြီး တရားမျှတဖို့လိုတယ်” ဟု ဦးရဲထွဋ်က ပြောသည်။
လူမှုကွန်ရက်ဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် Myanmar ICT for Development Organization (MIDO) ၏ စီမံကိန်းဒါရိုက်တာ မဖြူဖြူသီကလည်း သတင်းတုသတင်းမှားများသည် ရွေးကောက်ပွဲရလဒ်နှင့် အခြေအနေကို ပြောင်းလဲနိုင်သည့်အပြင် ရွေးကောက်ပွဲဖြစ်မဖြစ် ဆိုသည့် အနေအထားအထိပင် သက်ရောက်နိုင်သည်ဟု ဆိုသည်။
သတင်းတု သတင်းမှားများကြောင့် လူမှုသဟဇာတပျက်ပြားမှုများနှင့် ပဋိပက္ခကို ဦးတည်သော အခြေအနေအထိ ဖြစ်မလာစေရန် အချိန်မီ ကာကွယ်တားဆီးလုပ်ဆောင်ရမည့်လုပ်ငန်းများကိုလည်း အစိုးရဌာနများ အပါအဝင် သတင်းအချက်အလက် ထုတ်ပြန်သည့် အဖွဲ့အစည်းများက ထိထိရောက်လုပ်ဆောင်သင့်သည်ဟု မဖြူဖြူသီက ပြောသည်။
“သတင်းမှန်ထုတ်ပြန်ရမယ့် သက်ဆိုင်ရာဌာနတွေကလည်း သတင်းအချက်အလက်အမှန်ကို မြန်မြန်ဆန်ဆန် ပြည်သူနားလည်နိုင်တဲ့ နည်းလမ်းနဲ့ရောက်အောင် ပို့ဆောင်ဖို့ လိုသလို မီဒီယာတို့ သတင်းအချက်အလက်စစ်ဆေးသူတို့နဲ့ ချိတ်ဆက်ပြီးတော့ သတင်းအချက်အလက်အမှား ရှိလာခဲ့ရင် အမှားကို အမြန်ဆုံးပြင်ဆင်ပြီး တုံ့ပြန်တဲ့အလုပ်တွေ လုပ်ဖို့လိုတယ်” ဟု မဖြူဖြူသီက ပြောသည်။