အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင်မြို့နယ်‌ အောင်ဗလကျေးရွာအနီး ပစ်ခတ်မှုဖြစ်၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ်၊ မယူကမ်း‌ဒေသတွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အငူမော် – မောင်တောကားလမ်းဘေးရှိ အောင်ဗလကျေးရွာမှ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။ 

ဇူလိုင် ၁၁ တွင် အငူမော်မြောက်ဘက်ရှိ ဒုံးပိုက်ကျေးရွာသို့ ဦးတည်လာသည့် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အောင်ဗလကျေးရွာမှ အသက် ၃၇ နှစ် အရွယ်ရှိ ဒေါ်ဦးသန်းခင်နှင့် အသက် ၄၈ နှစ်အရွယ် ဒေါ်မသန်းဝင်း ဒဏ်ရာရရှိခဲ့သည်။ 

ဒေါ်မသန်းဝင်းသည် ဘယ်ဘက်ဒူးဆစ်တွင် ရှပ်ထိဒဏ်ရာ ရရှိခဲ့ပြီး၊ ဒေါ်ဦးသန်းခင်သည် ညာဘက်လက်မောင်း ကျည်ဆန်ဖောက်ဝင်သွားရာ ညာဘက်လက်မောင်းကျိုးသည်အထိ ဒဏ်ရာပြင်းထန်ခဲ့သဖြင့် ထိုနေ့ညနေပိုင်းတွင် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေါ်ဦးသန်းခင်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်စစ်ကြောင်းက အလွတ်ပစ်ခတ်သွားခြင်း ဖြစ်သည်ဟုလည်း ဒဏ်ရာရရှိသူများနှင့် ဆွေမျိုးတော်စပ်သည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘယ်လိုဖြစ်လဲဆိုရင် တောင်ဘက်ကနေ လာကြတာ။ ရွာရဲ့ အနောက်ဘက်ကားလမ်းဘေးအတိုင်း သူတို့( တပ်မတော်) ခြေလျင်လာကြတယ်။ လာတဲ့အချိန်မှာ အောင်ဗလရွာကိုအရောက်မှာ အိမ် လေးအိမ်ကို ပစ်တယ်။ အိမ်လေးအိမ် ပစ်တာမှာ နောက်ဆုံးအိမ်မှာ ပုန်းနေတဲ့ မိန်းမနှစ်ယောက်ကို ကျည်ထိသွားတယ်။ တစ်ယောက်မှာ လက်မောင်းကျိုးသွားတယ်။ နောက်တစ်ယောက်မှာ ခြေဆစ်မှာ ရှပ်ထိသွားတယ်” ဟု အမည်မဖော်လိုသည့် ၎င်းက ပြောသည်။

သို့သော် ထိုကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွား၍ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က Myanmar Now ကို ပြောသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းကလည်း “ဖြစ်တာတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆေးရုံတွေဘာတွေ ပို့လိုက်ပြီ။ သေချာတာကတော့ ရွာက သတင်းပို့တာပေါ့လေ။ ကျည်ဆန်မှန်တယ်ဆိုလား။ အဲဒါကတော့ ရဲက ဆက်ပြီးစစ်မှာပေါ့။ ကျွန်တော်တို့ကတော့ အဲလို သိပ်မသိဘူး။ ဒဏ်ရာရတယ်။ ဒဏ်ရာရတော့ အုပ်ချုပ်ရေးမှူးကို ပြောတယ်။ ဆေးရုံကို ရဲနဲ့ လွှတ်ပေးလိုက်တယ်။ အဲဒီလောက်ပဲ သိတယ်” ဟု  ပြောသည်။

အဆိုပါ အောင်ဗလကျေးရွာသည် ရသေ့တောင်မြို့နှင့် ၁၁ မိုင်ခန့် ဝေးကွာပြီး အိမ်ခြေ ၆၀ ကျော်နှင့် လူဦးရေ ၃၀၀ ကျော် နေထိုင်လျက်ရှိသည်။ ဇူလိုင် ၁၂ တွင်လည်း အငူမော် – မောင်တော ကားလမ်းမပေါ်ရှိ ကိုးတန်ကောက်ကျေးရွာနှင့် မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာကြား လက်နက်ကြီးပစ်ခတ်သံများကို ကြားရသည်ဟု ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် ဇွန် ၂၂ ကလည်း ရသေ့တောင်မြို့နယ်အစပ် မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်အုပ်စုအနီး ဆားငံတက်ချောင်းအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (Rakhine Ethnics Congress) ၏ ဇူလိုင် ၇ အထိ စာရင်းများအရ ရသေ့တောင်မြို့နယ်တစ်ခုတည်းတွင် စစ်ရှောင်ဦးရေ ၃၇,၀၀၀ ခန့်ရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်ရှောင်ဦးရေ ၁၉၀,၀၀၀ ကျော်အထိရှိလာသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button