
စစ်အုပ်ချုပ်ရေးကာလတွင် နံပါတ်သုံးအဆင့် ခေါင်းဆောင်ဖြစ်ခဲ့သူ၊ တပ်မတော်တွင် ပထမဆုံး ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့သူ၊ ဒီမိုကရေစီခေတ်အပြောင်းအလဲတွင် ပထဆုံးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဦးဆောင်တည်ထောင်ထားသူ ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းကို Myanmar Now က ဇူလိုင် ၅ ရက်တွင် နေပြည်တော်ရှိ ၎င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံမေးမြန်းထားသည်။ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေသည် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးကို စီမံခဲ့သူဖြစ်ပြီး ၂၀၁၀ အကူးအပြောင်းတွင် ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်အောင် အခွင့်အလမ်းပေးခဲ့ စီမံခဲ့သည်ဟုလည်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ နိုင်ငံရေးဖြတ်သန်းမှုနှင့် အနာဂတ်နိုင်ငံရေးအခြေအနေ အကြောင်းစုံကို Myanmar Now နှင့် တွေ့ဆုံမေးမြန်းရာတွင် သူရဦးရွှေမန်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားထားပါသည်။
မေး – နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှာလည်း သူရဦးရွှေမန်းက ပါဝင်ခဲ့တယ်။ တပ်မတော်မှာလည်း နံပါတ်သုံး အဆင့်မြင့်ဆုံးခေါင်းဆောင်ဖြစ်ခဲ့တယ်။ ပထမဆုံးသိချင်တာက ဒီနေ့နိုင်ငံရေးအခင်းအကျင်းပေါ့လေ။ ၂၀၁၀ ကနေ ဒီနေ့အထိ အဲဒီနိုင်ငံရေးအခင်းအကျင်းကို စစ်ခေါင်းဆောင်တွေ ဘယ်လိုစီမံခဲ့ကြလဲ။ အဲဒါလေး အများသိအောင် မျှဝေပေးစေချင်ပါတယ်ခင်ဗျ။
ဖြေ – ၁၉၉၇ ခုနှစ် နိုဝင်ဘာလလောက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့) ကနေ ပြန်ပြီးတော့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီးတော့ နယက (နိုင်ငံတော်အေးချမ်းသာသယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို နအဖကို ခေါ်ဝေါ်သတ်မှတ်ကြပြီး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းက အင်တာဗျူးတွင် နယက ဟု ပြောဆိုသုံးနှုန်းသည်) အဖွဲ့ဝင်တစ်ဦးဖြစ်လာပါတယ်။ အဲဒီနည်းတူပဲ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်ယူရပါတယ်။ စစ်တပ်မှာလည်း အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးပါ။ နယကအဖွဲ့ဝင်က ၁၉၉၇ ကနေ ၂၀၁၀ ဆိုတဲ့အတွက် ၁၃ နှစ်ကြာပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဒီကာလဟာ နိုင်ငံ့ဝန်ထမ်းသက်သက်မဟုတ်ဘဲ ပြည်သူ့ဝန်ထမ်းဆိုတဲ့တာဝန်ပါ ယူရပါတယ်။ ဖော်ပြထားခြင်းမရှိပေမဲ့ အဲဒီတုန်းက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးကိစ္စအားလုံးကို ဧရာဝတီတိုင်းအနေနဲ့ တာဝန်ယူခဲ့ရသူပါ။ ၂၀၀၁ ခုနှစ်ရောက်လာတဲ့အခါ ကျတော့ ပြောင်းရပါတယ်။ မရှိခဲ့တဲ့ မသိခဲ့တဲ့ နာမည်ရာထူးကို ရပါတယ်။ ဒါဘာလဲဆိုရင် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ဒီလိုတာဝန်ပေးပါတယ်။ ၂၀၀၁ ခုနှစ်ကနေ စပြီးတာဝန်ယူခဲ့ပါတယ်။ တပ်မတော်မှာဆိုရင် နံပါတ်သုံးအဆင့် နယကမှာဆိုရင်လည်း နံပါတ်သုံးအဆင့်၊ အဲလို ဒီလိုအဆင့်ရှိပြီးတဲ့မှ ဆောင်ရွက်တဲ့နေရာမှာ ခုနက ပြောသလို အနီးကပ်။ ဟုတ်ပါတယ်၊ ရုံးမှာအိပ် ရုံးမှာစား အဲ နှစ်ပေါင်းများစွာ ဒီလိုနေခဲ့ရတယ်။ အဲဒီတိုင်းပဲ ခရီးသွားတဲ့အခါမှာလည်း ဟိုတုန်းက ဥက္ကဋ္ဌကြီးနဲ့အတူ သွားတာများပါတယ်။ အဲဒီတိုင်းပဲ တည်းခိုတဲ့နေရာမှာလည်း အတူတကွ တည်းခိုရပါတယ်။ ဒါကြောင့် တော်တော်များများ ဒီအကြောင်းတွေကို နားလည်ခဲ့ပါတယ်။ သိရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ နယက အဲဒီတုန်းက ခေါင်းဆောင်တစ်ယောက်အနေနဲ့ စဉ်းစားတာက လက်ရှိနိုင်ငံ့အာဏာအရပ်ရပ်ကို ရယူထားပြီ။ ဒီဟာသည် တစ်ရက် တစ်ချိန်ချိန်ကျလို့ရှိရင်တော့ ပြည်သူကို ဒီအာဏာတွေပေးရမယ်။ ဒီကာလအတွင်းမှာ အရင်ပြောခဲ့တဲ့ စကားပေါ့လေ။ De Jure (အခွင့်အာဏာအပ်နှင်းမှုခံရသော) အစိုးရမဟုတ်သော်လည်း (De Jure) ဖြစ်အောင် တို့က လုပ်ကြရမယ်။ တို့ကိုတော့ ပြောကြတယ်။ De Facto (တရားမဝင်) လို့ပြောကြတယ်။ ဒါပေမဲ့ De Jure ဖြစ်အောင်လုပ်မယ်။ အဲလိုကြိုးစားတဲ့နေရာမှာ မိမိအနေနဲ့ ထိုက်သင့်တဲ့နေရာက ပါဝင်ခဲ့ပါတယ်။ အရင် အကြောင်းကြောင်းကြောင့်ပျက်စီးသွားတဲ့ အမျိုးသားညီလာခံခေါ်ဖို့ စဉ်းစားကြပါတယ်။ ၂၀၀၃ (အမျိုးသားညီလာခံ ပြန်လည်ခေါ်ယူခြင်း) မှာ အမျိုးသားညီလာခံကျင်းပပြီး လမ်းပြမြေပုံ ခုနှစ်ချက်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလမ်းပြမြေပုံထဲမှာ ဘာပါလဲဆိုတော့ ဖွဲ့စည်းပုံတစ်ရပ်ပြုလုပ်ပြီးတော့ ဖွဲ့စည်းပုံက ပေါ်ပေါက်လာတဲ့ အုပ်ချုပ်မှုစနစ်နဲ့အတူ အစိုးရတစ်ရပ်ဖွဲ့စည်းဆောင်ရွက်မှာ၊ အဲဒီအစိုးရက ပြည်သူများရွေးချယ် တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းပေါ်ပေါက်လာအောင် ဒီလိုစဉ်းစားပြီး လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့အတွက်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီနေ့ဒီပုံဖြစ်လာတယ်။ ၂၀၁၀ နိုဝင်ဘာလကျတော့ ရွေးကောက်ပွဲပြုလုပ်ပါတယ်။ အဲဒီတုန်းက USDP လို့ခေါ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ပါတီ အာဏာရခဲ့ပါတယ်။ အာဏာရခဲ့တဲ့နောက်ပိုင်းကတော့ ဒီနေ့ ဒီလိုအခြေအနေ ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ပြီး နောက်ပိုင်းအချိန်မှာ ဒီမိုကရေစီ ပွင့်သစ်စနိုင်ငံများ ဖြစ်လာတယ်။ ပြန်စဉ်းစားမယ်ဆိုရင်တော့ အဲဒီကာလမှာ မြန်မာနိုင်ငံတစ်နိုင်ငံသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နိုင်ခဲ့တယ်။ အဲဒီတိုင်းပဲ ဒီမှာ မရပ်သေးပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲလုပ်တဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပါတယ်။ အနိုင်ရတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်ခေါ်ဖို့ အစိုးရဖွဲ့စည်းဖို့၊ အစိုးရဖွဲ့စည်းပြီးတဲ့အခါမှာ အစိုးရအာဏာလွှဲပြောင်းရေးကိစ္စမှာလည်း တစ်ခါ မိမိတစ်ဦးတည်းအနေအထား ဘယ်အခန်းကဏ္ဍက ဘယ်လောက်ထိ ပါဝင်ခဲ့ရလဲဆိုတာ သမိုင်းမှာရှိပြီးသားပါ။ ဒီနေရာမှာ ကြွားပြီးတော့ ပြောစရာလည်း မလိုပါဘူး။ အဲဒီတော့ ဒါသည် ဘယ်ကပေါက်ဖွားလာသလဲဆို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေါ်ပေါက်လာတဲ့ ကိစ္စတွေပါ။
မေး – ဟုတ်ကဲ့ ကြားဖြတ်လေး မေးချင်တာ၊ စောစောက ပြောတဲ့စကားပေါ့။ အဲဒီတော့ နအဖခေါင်းဆောင်တွေကနေ စဉ်းစားခဲ့တယ်။ ပြည်သူရွေးချယ်တဲ့အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ အစိုးရဟာ ပြည်သူရွေးချယ်တဲ့အစိုးရလို့ အဲဒီတုန်းက ခေါင်းဆောင်တွေက လက်ခံထားလား၊ ဒီနေ့ဒီချိန်ထိပေါ့လေ။
ဖြေ – ၂၀၁၀၊ အဲဒီလိုပဲ လက်ခံထားတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူများရွေး ချယ်တင်မြှောက်ထားတဲ့အစိုးရလို့ လက်ခံထားပါတယ်။
မေး – အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ၂၀၁၁ မှာ တက်လာခဲ့တဲ့ အစိုးရသစ်အခင်းအကျင်းပေါ့လေ၊ အစိုးရအဖွဲ့ကိုဦးဆောင်မယ့် သမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့ အဲလိုအကြီးအကဲနေရာတွေကို ဘယ်သူက နေရာချထားခဲ့လဲ၊ ဘယ်လိုတွေ သဘောတူညီ လက်ခံခဲ့ကြသလဲ ခင်ဗျ။
ဖြေ – ထုံးစံအတိုင်းပါပဲ။ နယကဥက္ကဋ္ဌကြီးရဲ့ အစီအမံပါပဲ။ အဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစီအမံပါပဲ။
မေး – အဲဒီသူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ချမှတ်တဲ့အစီအမံအတိုင်း အားလုံးက လက်ခံခဲ့ကြလား။
ဖြေ – အမှန်တော့ အဲဒီအချိန်မတိုင်ခင်က ကြိုတင်စီမံထားတာတွေ ဖြစ်ပါတယ်။

မေး – အဲဒီနောက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတယ်။ လွှတ်တော်မှာလည်း စွမ်းစွမ်းတမံဆောင်ရွက်ချက်တွေက အများအသိပါပဲ။ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှာ အများထင်မှတ်မထားတာတွေ လုပ်လာတယ်၊ ပြောလာတယ်။ အဲလိုဖြစ်အောင် ဘာကစေ့ဆော်ခဲ့သလဲ ခင်ဗျ။
ဖြေ – အဲဒါကတော့ စိတ်ပါပဲ။ ကိုယ်ကတော့လေ တာဝန်တစ်ခုပေးလာခဲ့လို့ရှိရင် တာဝန်ကျေအောင် ဆောင်ရွက်လိုတဲ့စိတ်ရှိသလို တကယ်လည်းတာဝန်ကျေအောင် ကြိုးစားပြီးဆောင်ရွက်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် လွှတ်တော်ဆိုတာ တို့မကြုံဖူးဘူး။ တို့ ၁၄ နှစ်သားအရွယ်မှာ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဒီမိုကရေစီပါလီမန်ဆိုတာ ရပ်ဆိုင်းသွားတယ်။ အဲဒီနောက်ပိုင်း လွှတ်တော်ဆိုတာ တစ်ပါတီစနစ်မှာပဲ လွှတ်တော်ဆိုတာသိတယ်။ ပါတီစုံခေတ်မှာတော့ ဒီလိုလုပ်လို့မရဘူး။ ဒါပေမဲ့ ဒီတာဝန်ပေးလာပြီဆိုတဲ့အတွက် လွှတ်တော်ကို ခိုင်မာအောင် တောင့်တင်းအောင် အရည်အချင်းရှိအောင် တည်ဆောက်ဖို့လိုတယ်ဆိုပြီး ဒီကစပါတယ်။ ဘာကစေ့ဆော်သလဲဆိုတော့ စိတ်စေတနာ။ စိတ်စေတနာက ဘာလဲဆိုတော့ ကိုယ့်တာဝန်ကိုယ်ကျေရမယ်။ နောက် ဘာစေ့ဆော်လဲဆိုတော့ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံဖြစ်ရမယ်။ လွှတ်တော်ထဲမှာလည်း ပါတီစုံပါဝင်လာတဲ့အတွက် အဲဒီပါတီစုံများကို မိမိအနေနဲ့ အားပေးချင်တယ်။ အားပေးတော့မှ ပါတီစုံဒီမိုကရေစီဆိုတာ ဖြစ်လာမှာ။ ဒါကြောင့်မို့လို့ အဲဒီရဲ့စေ့ဆော်ချက်၊တိုက်တွန်းချက်အနေနဲ့ပဲ လွှတ်တော်မှာလည်း လွှတ်တော်အလျောက် အခြားနေရာမှာလည်း အခြားအလျောက် တာဝန်ကျေအောင်ကြိုးစားလိုတဲ့ စိတ်နဲ့ တာဝန်ကျေအောင်ဆောင်ရွက်ခဲ့တယ်။ အခြေအနေအရပ်ရပ်ကြောင့် ဘဝတစ်လျှောက်လုံးမှာ ဒါကိုပဲ အလေးထားပါတယ်လို့ ပြောလိုပါတယ်။
မေး – နောက်တစ်ခုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ ဒီလိုတွေ တာဝန်တွေပေးလိုက်တဲ့အခါကျတော့ သူက ဘယ်လိုထိန်းကွပ်သလဲပေါ့လေ။ ဘာလို့လဲဆိုတော့ ၂၀၁၀ ကနေ ၂၀၁၁ မှာ လူတွေတစ်ခါမှ မကြားဖူးတာတွေ ဖြစ်လာတယ်လေ။ ပွင့်ပွင့်လင်းလင်းတွေ အများကြီးဖြစ်လာတယ်။ သူက နောက်ကွယ်ကနေ ဘယ်လိုထိန်းကွပ်လဲသိချင်ပါတယ် ခင်ဗျ။ ဒါမှမဟုတ် အားလုံးက ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ်လုပ်ကြတာပဲလား၊ ဘယ်လောက်အထိ လွတ်လပ်မှုအတိုင်းအတာ ပေးထားလဲပေါ့လေ။
ဖြေ – ဒီနေရာမှာလည်း လူပုဂ္ဂိုလ်နဲ့လည်း ဆိုင်ပါတယ်။ ဘယ်လိုထိန်းကွပ်လဲဆိုတော့ ဒီဟာကတော့ သူ့စိတ်ထဲမှာ သူလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်တော့ ထိန်းကွပ်ချင်တာပဲ။ ဒါလဲပြောမယ်ဆိုရင်တော့ သဘာဝကျပါတယ်။ တို့ကတော့ သူလိုချင်တဲ့ပုံစံ ထိန်းကွပ်ဖို့ဆိုတာထက် ကိုယ့်ဘက်ကတော့ ကိုယ်လိုချင်တာက ဘာလဲဆိုတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီကျင့်သုံးတဲ့နေရာမှာ ပါလီမန်ဟာ အရေးကြီးတယ်။ လွှတ်တော်ကအရေးကြီးတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတိုင်းမှာ ပါတီဟာအရေးကြီးတယ်။ ပါလီမန်ဟာ နိုင်ငံ့ရဲ့ အသက်သွေးကြော၊ နိုင်ငံရဲ့ အသက်ဝိညာဉ်လို့ ခံယူပြီးတဲ့အခါမှာ ပါလီမန်လုပ်ရမယ့်အလုပ်တွေ လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ရင်းနဲ့ လွှတ်တော်ထဲမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တယ်။ အဲဒီအခါမှာ မီဒီယာနဲ့ရင်းနှီးတယ်။ ရင်းနှီးတယ်ဆိုတာ မီဒီယာတွေကို ရင်းနှီးမှုရအောင်လုပ်တာမဟုတ်ဘဲ မီဒီယာတွေကို သူ့နေရာနဲ့သူ ပါဝင်လာအောင်လုပ်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်နားလည်ပြီး ရင်းနှီးမှုရှိလာခြင်းဖြစ်ပါ တယ်။ ထပ်ပြောရမယ်ဆိုရင် ကိုယ့်တာကိုယ်ကျေအောင်လုပ်ခဲ့တယ်။ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်အောင် လုပ်ဖို့လိုတယ်။ ပါလီမန်ရဲ့အခန်းကဏ္ဍအရေးကြီးတဲ့အတွက် ပါလီမန်ရဲ့အခန်းကဏ္ဍကို ဒီထက်ပိုပြီးမြင့်မားအောင် ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။
မေး – ၂၀၁၀ မှာတော့ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က ကန့်သတ်ခံထားရတဲ့အတွက် ဝင်မပြိုင်ခဲ့ရဘူးပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ်ချခံထားရတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်ခဲ့တယ်။ အဲဒါက အစိုးရတစ်ဖွဲ့လုံး ပြောရလို့ဆိုရင် နောက်ကွယ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အစီအမံလား၊ ဘယ်လိုမျိုး ဖြစ်လာခဲ့လဲ။ ဘယ်လိုမျိုး အပေးအယူတွေ ရှိခဲ့ကြလဲခင်ဗျ။
ဖြေ – ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ အမကြီးဟာ နေအိမ်အကျယ်ချုပ်မှာပဲ ရှိတယ်။ အဲဒီအချိန်မှာ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အခွင့်အလမ်းမရဘူး။ အကြောင်းရှိတယ်။ ဒါ ဘာလဲဆိုရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ချင်းနဲ့ပတ်သက်ပြီးတော့ အကန့်အသတ်တစ်ခုဖြစ်နေတယ်။ အဲဒီအကန့်အသတ်ကိုဖြေလျှော့ဖို့လိုတယ်။ အဲဒါသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ဖြေလျှော့ပေးရပါတယ်။ ဖြေလျှော့တယ်ဆိုတာ လွယ်လွယ်မဟုတ်ပါဘူး။ ဥပဒေပြင်ရပါတယ်။ ပြောင်းလဲပြဋ္ဌာန်းပေးရတယ်။ အဲဒါကို တို့အနေနဲ့ ဥပဒေပြောင်းလဲပြဋ္ဌာန်းပေးနိုင်အောင် စပြီးတော့ Initiate (အစပျိုး) လုပ်တာပါ။ အဲဒီပေါ်မူတည်ပြီးတဲ့အခါမှာ အစိုးရခေါင်းဆောင်ကလည်း သဘောတူညီမှုရတယ်။ ဒီပေါ်မူတည်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီအမတ်တွေ နားလည်အောင် ပြောပြီးတဲ့အခါမှာ ဥပဒေပြင်လိုက်တာပါပဲ။ အဲဒါကြောင့်သာလျှင် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD ပါတီ၊ အစ်မကြီးပါတီ၊ အစ်မကြီးကိုယ်တိုင် ဝင်ပြီးအရွေးခံခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်လို့သာ ဒီဥပဒေမပြင်ပေးနိုင်ဘူးဆိုရင် ဒီအခြေအနေ မရောက်လာနိုင်ပါဘူး။ ဒီဟာကို ကြည့်ချင်းအားဖြင့် ဘယ်လိုစေတနာထားတယ်၊ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ ပေါ်လွင်နေမှာပါ။
မေး – အဲဒီနောက်ကွယ်မှာ နအဖတစ်ဆင့်ပြောင်းအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ညှိနှိုင်းမှုတွေ ဘာတွေ အပေးအယူတွေရော ရှိလားခင်ဗျ။
ဖြေ – ဆိုတော့ ခုနက ပြောရမယ်ဆိုရင် အသွားအလာညှိနှိုင်းမှုတွေလည်း ရှိတာပေါ့လေ။ အထွေအထူးတော့ မဟုတ်ပါဘူး။ ၂၀၁၁ ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က ကိုယ်နဲ့တွေ့ဖို့ မေတ္တာရပ်ခံပါတယ်။ စာပို့ပါတယ်။ တွေ့ပါတယ်။ ဒါပေမဲ့ ကိုယ်တွေ့တာ သူများထက်နောက်ကျပါတယ်။ အဲဒီတုန်းက အစိုးရခေါင်းဆောင်အောက်မှာရှိကြတဲ့ ဝန်ကြီးတွေနဲ့ အဲဒီတုန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ရော သူတို့နဲ့အရင်တွေ့ကြပါတယ်။ တွေ့ဆုံဖို့ခွင့်တောင်းတာတော့ အတူတူလို့ပဲထင်ပါတယ်။ ကိုယ်နဲ့တွေ့တာ နောက်ကျပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တို့တွေ့တယ်ဆိုရင်တော့ ဟန်ပြမတွေ့လိုဘူး။ ဓာတ်ပုံရိုက်ခံတွေ့ဖို့ မဟုတ်ဘူး။ တကယ့်ကိုအနှစ်သာရရှိရှိ တွေ့ချင်တဲ့အတွက်ကို ချိန်ဆပြီးတော့ နောက်ဆုံးမှာ အဲဒီတုန်းက လူကြီးထဲက တွေ့တာ တို့ပါပဲ။ အဲဒါပြီးတဲ့အခါမှာ နောက် ရွေးကောက်ပွဲဖြစ်လာတယ်။ ရွေးကောက်ပွဲ သူတို့အနိုင်ရတဲ့နောက်ပိုင်းမှာလည်း အစ်မကြီးက တိုင်းပြည်အပေါ် စေတနာရှိတယ်။ သူ့ကိုထောက်ခံအားပေးတဲ့ လူတွေရှိတယ်။ အဲဒီအရည်အချင်းတွေကြောင့် အစ်မကြီးနဲ့တို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ တိုင်းပြည်ကို ခေါင်းဆောင်သွားမယ်ဆိုရင် သူ့မှာရှိတဲ့အရည်အချင်းတွေ ကိုယ့်ဆီမှာ မရှိတာတွေ အများကြီးပဲ။ အဲတိုင်းပဲ ကိုယ့်မှာရှိတဲ့အရည်အချင်း အတွေ့အကြုံတွေ သူ့မှာမရှိတာ အများကြီးပဲ။ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ ဒီနေ့ တို့နိုင်ငံ နောက်ကျနိမ့်ကျအခြေအနေက သူများကိုမီအောင် သူများကို ကျော်တက်နိုင်အောင် ကြိုးစားလိုတဲ့ စိတ်စေတနာရှိတဲ့ သူနဲ့ရင်းနှီးမှု ခင်မင်မှု နားလည်မှုရအောင် လုပ်ပြီးဆောင်ရွက်ခဲ့တာပါ။ အဲဒီမှာလည်း ပြန်ပြီးတော့ သတိပြုမိပါလိမ့်မယ်။ လွှတ်တော်ထဲမှာ သူ့ကို နေရာရစေချင်တယ်။ ဒါကြောင့်မို့ အစ်မကြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးပါလို့ ကိုယ်ကပဲ မေတ္တာရပ်ခံပါတယ်။ သူ့ကိုနေရာပေးချင်လို့။ ပထမတော့ ငြင်းသလိုလိုဖြစ်လို့ နောက်ပိုင်းတော့ သူဝင်ပြီးတော့ တာဝန်ယူပါတယ်။ အဲလိုယူတဲ့အတွက်လည်း လွှတ်တော်နဲ့ရော၊ တိုင်းပြည်နဲ့ရော ကိုယ်တို့နဲ့ ပိုပြီးတော့ နီးပြီးတဲ့အခါမှာ သူ့အကြောင်း သူ့လုပ်ရပ်တွေလည်း ပိုပြီးပိုလွင်လာပါတယ်။ ပြောရမယ်ဆိုရင်တော့ စေတနာပါပဲ။ တိုင်းပြည်အတွက်ပါ။ ဒီထက်ပိုပြောရမယ်ဆိုရင် တိုင်းပြည်မျက်နှာကြည့် ပြည်သူ့မျက်နှာကြည့်ပြီး လုပ်ပေးချင်တဲ့အတွက်ပါ။ ဒီလိုပဲဖြေချင်ပါတယ်။
မေး – ဒါပေမဲ့ အဲဒီနောက်ပိုင်းကျတော့ ဒေါ်အောင်ဆန်းစုကြည်က ရေးရာကော်မတီဥက္ကဋ္ဌဖြစ်လာတယ်။ ပူးတွဲသတင်းစာရှင်းလင်းပွဲတွေ လုပ်ကြတယ်။ အရမ်းရင်းနှီးကြတယ်ပေါ့နော်။ နိုင်ငံရေးအရ ဒီလိုရင်းနှီးတဲ့အခါကျတော့ ကြံ့ခိုင်ရေးပါတီထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာတယ်။ နောက်ကွယ်မှာလည်း မကြိုက်ဘူးလို့ ပြောတာတွေရှိလာတယ်။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရေးတဲ့ စာအုပ်ထဲမှာဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မှတ်ချက်ပေါ့လေ၊ ဘယ်သူကတော့ ဘယ်လိုဖြစ်တယ်ပေါ့။ ဦးရွှေမန်းကိုလည်း ဒေါ်စုကိုဆွဲသွင်းခဲ့လို့ သစ္စာဖောက်ဆိုတာမျိုး သတ်မှတ်တာရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲဗျ။
ဖြေ – ဆိုတော့ အဲလိုလည်း ပြောရင်လည်းပြောမှာပါပဲ။ သူရေးသလို။ ပြောချင်မှလည်း ပြောမှာပဲ။ ဒါတော့ မသိဘူးလေ။ သူများအကြောင်းတော့ မပြောချင်ပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ။ ကိုယ့်ကို သစ္စာဖောက်ဆိုတာ စွပ်စွဲလို့ရပါတယ်။ ဒါပေမဲ့ အဲလိုပြောတဲ့လူကို ကိုယ်က မေးခွန်းထပ်ပြီးမေးချင်ပါတယ်။ သစ္စာဆိုတာ ဘာလဲ။ ဘယ်သူ့အပေါ်သစ္စာထားသလဲ။ ကိုယ့်ဘက်က ပြောချင်တာတော့ နိုင်ငံတော်နဲ့ နိုင်ငံသားကိုသာလျှင် သစ္စာအရှိဆုံးဖြစ်ရမယ်။ ကိုယ်က နိုင်ငံတော်နဲ့နိုင်ငံသားကို ဘယ်တုန်းကမှလည်း သစ္စာမဖောက်ခဲ့ဘူး။ အမြဲတမ်းသစ္စာရှိတယ်။ အဲတော့ ကိုယ်က နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် သစ္စာရှိရှိလုပ်နေတဲ့သူတစ်ယောက်မို့ သစ္စာဖောက်လို့ ပြောတဲ့သူသာလျှင် နိုင်ငံနဲ့နိုင်ငံသားကို သစ္စာဖောက်တာလို့ ပြောချင်ပါတယ်။
မေး – လမ်းပြမြေပုံအတိုင်း ပြောင်းခဲ့ကြတယ်။ နောက်ဆုံး ၂၀၁၅ မှာတော့ NLD အစိုးရ တက်လာတယ်ပေါ့လေ။ ဒီနေ့အထိ တိုင်းပြည်ကို အုပ်ချုပ်နေတယ်ပေါ့။ အဲဒီအချိန်အတိုင်းအတာထိပေါ့လေ လွန်ခဲ့တဲ့ ၂၀၁၀ လောက်ကစပြီး မူလအစီအစဉ်နဲ့ကွဲလွဲတာမျိုးတွေ မထင်မှတ်ပဲ အပြောင်းအလဲဖြစ်တာမျိုးတွေ ရှိတယ်ဆိုရင် ဘာတွေရှိမလဲ၊ ဒါမှမဟုတ်လို့ရှိရင် ဒီနေ့အတိုင်းအတာထိက မူလအစီအစဉ်အတိုင်းပဲ သွားနေသလား ဘယ်လိုထင်ပါသလဲခင်ဗျ။
ဖြေ – မူလအစီအစဉ်တိုင်းပဲ သွားတာပါ။ ဒီလိုပဲဖြေချင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့အခါမှာ ပြောနေကျပဲ အစိုးရအဖွဲ့ထဲမှာ တပ်မတော်က ပါဝင်ပြီးတော့ ဝန်ကြီးသုံးပါးအထိ၊ ဒါလည်း ၂၀၁၀ တုန်းကလည်း ဒီတိုင်းပါပဲ၊ ၂၀၁၅ တုန်းကလည်း ခုလည်း ဒီတိုင်းပါပဲ။ တကယ်တမ်းကျတော့ ဒီတပ်မတော်သားနဲ့ပတ်သက်လို့ အမည်စာရင်းတင်သွင်းတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်တာပါ။ ရွေးချယ်တာက နိုင်ငံတော်သမ္မတပါ။ သူကြိုက်ရင်ရွေးမယ်၊ သူမကြိုက်ရင် မရွေးဘူး။ အဲဒီအတိုင်းပဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် သူတို့ရဲ့လုပ်ဆောင်ချက်အတိုင်းပဲ ကြိုက်ရင်ကြိုက်သလို မကြိုက်ရင် မကြိုက်သလို ဥပဒေနဲ့ညီ မညီကို သမ္မတမှာ ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့်မို့လို့ အရင်တိုင်းသွားပြီးတော့ အရင်အတိုင်းပဲ ကိုယ်လုပ်စရာရှိတာကို တိုင်တိုင်ပင်ပင် လုပ်ဖို့လိုပါတယ်။ အဲလိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ ဘာတွေများလိုနေလဲ၊ ကိုယ့်ဟာကိုယ်ပဲ ပြန်သုံးသပ်ဖို့လိုပါတယ်။
မေး – ဗိုလ်ချုပ်ဟောင်းတွေကနေ နိုင်ငံရေးပါတီထောင်ပြီး ဝင်ပြိုင်တာမျိုးကျတော့ရော သူတို့အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ ခင်ဗျ။
ဖြေ – ပထမတုန်းကတော့ တပ်ထဲမရောက်ခင် အရပ်သားပဲလေ။ တပ်ထဲက အငြိမ်းစားယူတော့လည်း အရပ်သားပဲ။ အဲဒီတော့ အရပ်သားတစ်ယောက် နိုင်ငံသားတစ်ယောက်က သူ့ရဲ့ Right (ရပိုင်ခွင့် အခွင့်အရေး) နိုင်ငံရေးလုပ်ခွင့်ရှိတယ်။ ဒါကို ဘယ်သူမှတားမြစ်ထားတာ မရှိဘူး။ အဲဒီအကြောင်းပြောလို့ ကိုယ်တို့ရဲ့ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း သူလည်း စစ်သားပဲ။ ဒီတပ်ကို သူပဲ စပြီး ထူထောင်ခဲ့တာ။ သူရွေးကောက်ပွဲဝင်တဲ့အခါ တပ်ကထွက်တယ်လေ။ အဲဒါကို သွားပြီးတော့ မဝင်ရဘူးလို့ ပြောလို့မရဘူးလေ။ ဒါ ဥပဒေပဲ။ အဲဒီတော့ ဥပဒေနဲ့အညီလုပ်တာ အားလုံးကို လက်ခံရမယ်။ ဥပဒေနဲ့အညီလုပ်တာကို လက်မခံဘူးဆိုရင် အဲဒီလူက ဥပဒေဖောက်ဖျက်တာပဲ။ သူလုပ်ခွင့်ရှိရင်လုပ်၊ သူ့ကိုကြိုက်တဲ့ပြည်သူတွေ ထောက်ခံလိမ့်မယ်။ မကြိုက်ဘူးဆို မထောက်ခံဘူးပေါ့။

မေး – နေပြည်တော်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ အကြီးအကဲ ခြောက်ယောက်အတွက် သီးသန့်ဆောက်ခဲ့တဲ့အိမ်တွေပေါ့လေ။ ခြောက်လုံးတန်းလို့ အပြင်မှာခေါ်ကြတာပေါ့။ ပြောရမယ်ဆိုရင် ဒါ တစ်ဝိုင်းတည်းနေနေကြတာပေါ့။ ဟိုဘက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရှိမယ်၊ ဦးမောင်အေးရှိမယ်၊ ဒီဘက်မှာ သူရဦးရွှေမန်းရှိမယ်။ အိမ်နီးချင်းတွေလည်းဖြစ်တယ်။ ဒီအကြီးအကဲတွေကြားထဲမှာ ပုံမှန်ဆက်ဆံမှုရှိလား၊ တွေ့ဆုံမှုတွေရှိလား ခင်ဗျ။
ဖြေ – အဲ အရင်လိုတော့ မဟုတ်တော့ပါဘူး။ အရင်နဲ့တော့ မတူတော့ဘူးပေါ့။ ဒါက သဘာဝကျပါ တယ်။ အရင်တုန်းက တပ်မတော်သားဆိုတာက ထူးခြားတဲ့အဖွဲ့အစည်းဖြစ်သလို အမိန့်ရယ် ညွှန်ကြားချက်ရယ် ဒီအောက်ပဲ နေကြရတယ်။ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဒီထဲကနေပြီးတော့ ဘေးကို နည်းနည်းရောက်သွား၊ နည်းနည်းကင်းကွာသွားတာနဲ့ တစ်ပြိုင်နက် အန္တရာယ်ရှိတယ်။ ဒီနေ့ကျတော့ အခါတော့ သူတို့လည်း တပ်မတော်သားမဟုတ်ဘူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မဟုတ်ဘူး။ ကိုယ်လည်း တပ်မတော်သားမဟုတ်ဘူး။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေလေ) လည်း မဟုတ်ဘူး။ ကိုယ်နိုင်ငံရေးသမားဖြစ်ပြီ။ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးပုံစံနဲ့သွားရမှာပဲ။ နိုင်ငံရေးသမားက အဓိက ဘာလဲဆိုရင် နိုင်ငံနဲ့ ပြည်သူမျက်နှာ ကြည့်ရမယ်။ ဒါကြောင့်မို့လို့ အခုနက ဆက်ဆံရေးပါပဲ။ လုပ်ဆောင်ချက်အားလုံးဟာ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ နိုင်ငံနဲ့ ပြည်သူမျက်နှာကြည့်ပြီး ဆောင်ရွက်နေပါတယ်လို့ ဒီလိုပဲ ဖြေချင်ပါတယ်။
မေး – သို့သော်ငြားလည်း ဒီခေါင်းဆောင် အကြီးအကဲကြီးတွေရဲ့ ဩဇာအာဏာက အရမ်းကြီးပါတယ်။ အပြင်မှာရော တပ်ထဲမှာရော။ အဲဒီတော့ နိုင်ငံရေးအပြောင်းအလဲမှာ သူတို့ရဲ့ဩဇာတွေက ဘယ်လောက်အထိ အသက်ပါနေလဲ ခင်ဗျ။
ဖြေ – ဩဇာဆိုတာတော့ ရှိစမြဲပါပဲ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ကိုယ်တို့ တပ်က အငြိမ်းစားယူတဲ့လူရှိပါတယ်။ ကိုယ့်အပေါ် ဩဇာလွှမ်းတာနဲ့ သူများအပေါ် ဩဇာလွှမ်းတာ မတူနိုင်ပါဘူး။ လက်ခံကျင့်သုံးတဲ့အပေါ် မူတည်ပါတယ်။ ဩဇာဆိုတာက လူမှုရေးအရ သာရေးနာရေးအရ ပုံစံတစ်မျိုးပါ။ ဒီနေ့ နိုင်ငံရေးမှာ လာပြီးတော့ ဩဇာလွှမ်းလို့ မရပါဘူး။ ဘယ်သူ့ဩဇာမှလည်း မခံပါဘူး။ ဒီနေ့ ကောင်းကျိုးဆောင်ပါတီ UBP ဟာ လွတ်လပ်ပြီး နိုးကြားတက်ကြွတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ပြည်သူ့မျက်နှာကြည့် တိုင်းပြည်မျက်နှာကြည့်ပြီးတော့ ပြည်သူ့အကျိုး တိုင်းပြည်အကျိုးကို လုပ်မှာပါ။ လူတစ်ယောက်ရဲ့အကျိုးလည်း မလုပ်ဘူး။ အဖွဲ့အစည်းတစ်ခုရဲ့အကျိုးလည်း မလုပ်ဘူး။ ဒါကြောင့်မို့လို့ ပြောမိပါသေးတယ်။ NLD ရဲ့လက်ခွဲလည်း မဟုတ်ဘူး။ အဲ ပြည်ခိုင်ဖြိုးရဲ့လက်ခွဲလည်း မဟုတ်ဘူး။ လွတ်လပ်တယ်၊ တက်ကြွတယ်။ ကိုယ့်မူကိုယ့်ဝါဒနဲ့ တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ တည်ထောင်ထားတဲ့ပါတီပါ။ အခွင့်လို ပွင့်ပွင့်လင်းလင်းမေးတဲ့အတွက်လည်း ပွင့်ပွင့်လင်းလင်းပြောကြားခွင့်ရတာပါ။ အမေးရှိရင်တော့ အဖြေရှိမှာပေါ့လေ။
မေး – အကယ်၍ သူရဦးရွှေမန်းရဲ့ပါတီသာ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် မဘသတို့လို အင်အားစုတွေကို ဘယ်လိုကိုင်တွယ်မလဲ။
ဖြေ – ဘာသာရေးဆောင်ရွက်တဲ့နေရာမှာ အစွန်းတရားကင်းဖို့လိုပါတယ်။ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ကိုယ့်သာသနာအတွက်တော့ ဘယ်ဘာသာဝင်တွေဖြစ်ဖြစ် မြတ်မြတ်နိုးနိုးရှိပါတယ်။ သန့်ရှင်းစေချင်တယ်။ ခိုင်ခန့်စေချင်တယ်။ ယှဉ်မယ်ဆိုရင် ကိုယ့်ဘက်က သာချင်တဲ့သဘောရှိတယ်။ သို့ရာတွင် တစ်ဖက်ဘာသာကို စော်ကားတာ၊ နှိမ့်ချတာ၊ တိုက်ခိုက်တာတွေ ဖြစ်လာတယ်ဆိုရင် နာတာက လူ့အဖွဲ့အစည်းပဲ။ ရှေးခေတ်တွေ ပြန်လေ့လာရင် ဘာသာရေးစစ်ပွဲတွေကြောင့် လူတွေအများကြီး သေခဲ့ရတယ်။ ဘာသာရေးအဓိကရုဏ်းတွေကြောင့် လူတွေအများကြီး သေခဲ့ရတယ်။ ကမ္ဘာမှာရှိသလို မြန်မာနိုင်ငံမှာလည်း ရှိတယ်။ အဲဒါတွေ သင်ခန်းစာယူပြီး ထိခိုက်ဆုံးရှုံးမှုမရှိအောင် ဘာသာဝင်အသီးသီးက ဂရုစိုက်ဆောင်ရွက်ဖို့လိုပါတယ်။ မြန်မာနိုင်ငံက နိမ့်ကျ၊ နောက်ကျနေပြီးတော့ အချင်းချင်း မညီမညွတ်ဖြစ်နေတဲ့အချိန်မှာ ဘာသာရေးလှုံ့ဆော်မှု၊ လူမျိုးရေးလှုံ့ဆော်မှု အင်မတန်အန္တရာယ်ကြီးပါတယ်။ အဲဒီလို အန္တရာယ်ကြီးတဲ့ကိစ္စမျိုးကို စတင်ဖန်တီးဖော်ဆောင်တဲ့သူတွေဟာ နိုင်ငံကို ချစ်တာလား၊ ပြည်သူတွေဘဝကို ကောင်းစေချင်တာလား ပြန်စဉ်းစားဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဘာသာရေးကို ခုတုံးလုပ်ပြီး ဆောင်ရွက်နေခြင်းဟာ အမှားတွေဖြစ်နိုင်တယ်။ ဒါကို သတိထားရမယ်လို့ ပြောချင်ပါတယ်။
မေး – သူရဦးရွှေမန်း ကျေးဇူးတင်ပါတယ်။ ဘာများ ဖြည့်ပြောဦးမလဲ ခင်ဗျာ။
ဖြေ – အဲမရှိပါဘူး။ မရှိဘူးဆိုပေမဲ့ ခုလိုမျိုး လာရောက်ပြီးတော့ တွေ့ဆုံပြီးတော့ သေချာပြင်ဆင်ပြီး မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မေးတော့လည်း ဖြေရတာပေါ့။ မမေးတော့လည်း သွားပြီးဖြေလို့လည်း မကောင်းဘူးလေ။ ဘာများဖြည့်ပြောရမလဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲ မြန်မာနိုင်ငံအတွက် သိပ်အရေးကြီးတယ်။ အရွေးမှန်ဖို့လိုတယ်။ အရွေးမှားလို့ မဖြစ်ဘူး။ အရွေးမှန်ဖို့လိုတဲ့အတွက် အရွေးမှန်နိုင်အောင် မီဒီယာတွေက ပြည်သူများကို မှန်မှန်ကန်ကန် မြင်အောင် ဘက်မလိုက်ဘဲနဲ့ ချပေးနိုင်ဖို့ အရေးကြီးပါတယ်။ မီဒီယာတွေ ဒီအတွက် အားကိုးပါတယ်။ ဒီ Myanmar Now က တစ်ဆင့်ပြောချင်တာက ၂၀၂၀ ရွေးကောက်ပွဲမှာ မှန်ကန်စွာ ရွေးချယ်ပြီးတော့ နိုင်ငံ ဒီထက်ပို တိုးတက်လာအောင်၊ လူတွေ ဒီထက်ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မယ့် အစိုးရအဖွဲ့မျိုးရွေးပေးပါလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ဒီနေ့ ဒီမိုကရေစီ ဒီမိုကရေစီလို့ ပြောနေတယ်၊ ဒီမိုကရေစီဆိုတာဟာ ဒီမိုကရေစီနိုင်ငံရေးရဲ့သဘောတရားဆိုတာဟာ အစိုးရတစ်ရပ်ကို ပြည်သူတွေက ရွေးချယ်ပေးလိုက်ရုံနဲ့ မပြီးဆုံးသေးဘူးတဲ့။ ရွေးချယ်လိုက်တဲ့ အစိုးရက ပြည်သူများရဲ့ဘဝအဆင့်အတန်း ပိုမိုမြင့်မားအောင် ပိုမိုလုံခြုံအောင် ပိုမိုလွတ်လပ်အောင် ဆောင်ရွက်ပေးနိုင်မှ ဒီမိုကရေစီဆိုတာ သဘောတရားပြည့်စုံတယ်။ ဒါကြောင့်မို့လို့ ပြည်သူကလည်း တာဝန်ကျေ၊ ရွေးချယ်ခံရတဲ့ အစိုးရကလည်း တာဝန်ကျေနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် မြန်မာနိုင်ငံသားတွေက ဆောင်ရွက်ပေးကြမယ်ဆိုရင် မြန်မာနိုင်ငံ ဒီနေ့ ဒီအခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်လာမှာဖြစ်ကြောင်း ပြောချင်ပါတယ်။