
ထိုင်းနိုင်ငံရေး “မြူ” ကွဲချိန် ရောက်လာနေပါပြီ။ ထိုင်းသည် ဒီမိုကရေစီနိုင်ငံလား၊ စစ်တပ်ကြီးစိုးသော အာဏာရှင်နိုင်ငံလား ဆိုသည်ကို ထိုင်းပြည်သူများက မေးခွန်းထုတ်နေကြပြီဖြစ်သလို၊ ဒေသတွင်းနိုင်ငံများကလည်း စောင့်ကြည့်လေ့လာနေကြသည်။
မေလ ၁၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ထိုင်းမဲဆန္ဒရှင်ပြည်သူ ၇၅.၂၂ ရာခိုင်နှုန်းက ၎င်းတို့ လိုချင်သော ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာရေး မဲပေးခဲ့ကြသဖြင့် ထိုင်းရွေးကောက်ပွဲသမိုင်းတစ်လျှောက် မဲပေးမှုရာခိုင်နှုန်း အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာသည့်အခါ အာဏာသိမ်း စစ်ခေါင်းဆောင်များ ဦးဆောင်သော နိုင်ငံရေးပါတီများဖြစ်သည့် Palang Pracharat ပါတီနှင့် United Thai Nation (UTN) ပါတီတို့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ကြသည်။
၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက စစ်ခေါင်းဆောင်များ တိုင်းပြည်ကို ထိန်းချုပ်စိုးမိုးလာခဲ့ခြင်းကို ထိုင်းပြည်သူများက လုံးဝ မလိုလားတော့ကြောင်း ၎င်းတို့၏ ဆန္ဒမဲများဖြင့် ဖော်ထုတ် ကန့်ကွက် သက်သေပြလိုက်ခြင်း ဖြစ်သည်။
သို့သော် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ရန် ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်တွင်း ရွေးချယ်တင်မြှောက်ရာတွင် ရွေးကောက်ခံမဟုတ်သည့် စစ်တပ်ခန့် အထက်လွှတ်တော်အမတ်များက ဝိုင်းဝန်းကန့်ကွက် ပိတ်ဆို့ခဲ့ကြပုံက ထိုင်းဒီမိုကရေစီကို အကျည်းတန် အရုပ်ဆိုးစေခဲ့သည်။
ထိုမျှမက အနိုင်ရပါတီခေါင်းဆောင် Pita ကို အမျိုးမျိုး တရားစွဲဆိုခဲ့ပြီး၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကပါ ရုပ်သိမ်းရန် ကြိုးပမ်းမှုများကြောင့် ထိုင်းနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းတစ်ခုကို မရေရာမသေချာမှုများစွာဖြင့် ရင်ဆိုင်နေရသည်။
ဒီမိုကရေစီစနစ်တွင် အာဏာသည် ပြည်သူထံမှ သက်ဆင်းရပြီး၊ ပြည်သူ့ဆန္ဒမဲ အများဆုံးရရှိခဲ့သော နိုင်ငံရေးပါတီက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းရခြင်းမှာ နိုင်ငံတကာက လက်ခံထားသော အခြေခံစံနှုန်း ဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံရေးဖြစ်စဉ်က ထိုကဲ့သို့ မရိုးစင်းလှပါ။ မဲအများဆုံး အနိုင်ရတိုင်း အစိုးရမဖွဲ့နိုင်ရန် ထိုင်းစစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖန်တီးထားခဲ့ခြင်းကြောင့် ဖြစ်သည်။
စစ်တပ်ကြိုးကိုင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် နိုင်ငံရေးအကျပ်အတည်းဖြစ်
၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို စိတ်ကြိုက်ရေးဆွဲပြီး ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်နေရာ ၅၀၀ ကိုသာ ထိုင်းပြည်သူများက ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး၊ အထက်လွှတ်တော်နေရာ ၂၅၀ ကို စစ်ခေါင်းဆောင်များ စိတ်ကြိုက်ခန့်အပ်ခွင့်ရှိသည်။
ခြေ/ဥအသစ်အရ အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်သည် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း၏ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော်ဖြစ်သော ထောက်ခံမဲ ၃၇၆ မဲ အနည်းဆုံးရမှ ရွေးချယ်တင်မြှောက်ခံရမည် ဖြစ်သည်။
ထို့ပြင် အစိုးရသည် အောက်လွှတ်တော် ၅၀၀ နေရာတွင် အနည်းဆုံး ၂၅၁ နေရာ ထိန်းချုပ်ထားရန် လိုအပ်သည်။ အကြောင်းမှာ အစိုးရ၏ ဘတ်ဂျက်ဥပဒေနှင့် အစိုးရအဖွဲ့ကို အတိုက်အခံဘက်က အယုံအကြည်မရှိအဆိုတင်သွင်းခြင်းကဲ့သို့ အရေးကြီးကိစ္စရပ်များကို အောက်လွှတ်တော်တွင်သာ ပြုလုပ်ရသဖြင့် အစိုးရဖွဲ့စည်းခွင့်ရသော်လည်း၊ အောက်လွှတ်တော်နေရာအများစုကို ထိန်းချုပ်မထားနိုင်ပါက အချိန်မရွေး ဖြုတ်ချခံရနိုင်သည်။
ထို့ကြောင့် တစ်ပါတီတည်းက အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက်သာ ၃၇၆ နေရာ အနိုင်ရပြီး၊ ဝန်ကြီးချုပ်တင်မြှောက်နိုင်သည့် အခြေအနေမျိုး၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ၎င်း၏ညီမ ဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နဝပ်လက်ထက် ရွေးကောက်ပွဲများတွင် ရှိခဲ့ဖူးသော်လည်း၊ ၂၀၁၇ ခုနှစ် ခြေ/ဥသည် ထိုကဲ့သို့ အားကောင်းသောအစိုးရများ ထပ်မံမပေါ်ပေါက်စေရန်နှင့် ညွှန့်ပေါင်းအစိုးရသာ ဖွဲ့စည်းနိုင်ရန် ဖန်တီးထားသည်။

ထိုင်းစစ်ဗိုလ်ချုပ်ကြီးများသည် အင်အားကောင်းသော နိုင်ငံရေးပါတီများကို အလိုမရှိပေ။ အင်အားနည်းပါတီ အများအပြား လွှတ်တော်ထဲတွင် ရှိနေပြီး၊ စစ်တပ်ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းထားသော ပါတီက အထက်လွှတ်တော်ထောက်ခံမှုဖြင့် အမြဲတမ်း ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် ခြေ/ဥအရ ပထမဆုံးရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့ပြီး၊ ထိုစဉ်က Pheu Thai ပါတီသည် အောက်လွှတ်တော် ၁၃၆ နေရာ အနိုင်ရခဲ့သော မဲအများဆုံးပါတီဖြစ်ခဲ့သော်လည်း၊ ဝန်ကြီးချုပ်တင်မြှောက်နိုင်မည့် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲ မရရှိသဖြင့် ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ဘဲ အတိုက်အခံပါတီအဖြစ်သာ ရပ်တည်နိုင်ခဲ့သည်။
ထိုစဉ်က အောက်လွှတ်တော် ၁၁၆ နေရာဖြင့် ဒုတိယမဲအများဆုံးရရှိသော Palang Pracharat ပါတီသည် အာဏာသိမ်း ဒု-စစ်ခေါင်းဆောင် Prawit Wongsuwan ၏ ပါတီဖြစ်ပြီး၊ အောက်လွှတ်တော် ၅၃ နှင့် ၅၁ နေရာ အသီးသီးရရှိခဲ့သော Democrat Party နှင့် Bhumjaithai ပါတီတို့အပြင် အခြားပါတီငယ်များနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။
ထိုသို့ဖွဲ့စည်းနိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် Prayut Chan-o-cha ကို Palang Pracharat ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် တင်မြှောက်ခဲ့သဖြင့် စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ၂၅၀ လုံး၏ ထောက်ခံမဲများ ရရှိခြင်းကြောင့် ဖြစ်သည်။
ယင်းသည် စစ်တပ်ကြိုးကိုင်ထားသော ခြေ/ဥ က ဖန်းတီးထားသော နိုင်ငံရေးကံကြမ္မာအတိုင်း ဖြစ်ပေါ်ခဲ့ခြင်းပေတည်း။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့စည်းရာတွင် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ အဆင်ပြေခဲ့ပြီး၊ စစ်တပ်ခန့် အထက်လွှတ်တော်၏ ဒီမိုကရေစီအရေခြုံ မျက်နှာဖုံးအောက်မှ သဘောထားအစစ်အမှန်ကို ထိုင်းပြည်သူများ ထင်ထင်ရှားရှား တွေ့မြင်ခွင့် မရရှိခဲ့ပါ။
အဆိုပါ အခြင်းအရာကို ကြည့်ခြင်းအားဖြင့် ထိုင်းရွေးကောက်ပွဲစနစ်တွင် ပြည်သူများသည် အောက်လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး၊ အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်ကိုမူ လွှတ်တော်နှစ်ရပ်ပေါင်း မဲပေးရွေးကောက်တင်မြှောက်သည့်စနစ် ကျင့်သုံးသဖြင့်၊ ပြည်သူက တိုက်ရိုက် ရွေးချယ်တင်မြှောက်သော အစိုးရအကြီးအကဲ မဟုတ်ပေ။
ရွေးကောက်ပွဲများ၏ အထက်တွင်ရှိသော အင်စတီကျူးရှင်များ
ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ထိန်းချုပ်ထားသော၊ ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲနိုင်သော အင်စတီကျူးရှင်း သုံးခုရှိသည်။ ၎င်းတို့မှာ ရွေးကောက်ပွဲကော်မရှင် (Election Commission)၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (Constitutional Court) နှင့် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင် (Anti-Corruption Commission) တို့ဖြစ်သည်။
သာမန်အားဖြင့် ထိုအင်စတီကျူးရှင်း သုံးခုသည် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ဘက်လိုက်မှု ကင်းရှင်းရမည် ဖြစ်ပြီး၊ ပြည်သူတို့၏ ယုံကြည်ကိုးစားမှု အပြည့်အဝ ရရှိရမည်ဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်ကြီးများက ထိုအင်စတီကျူးရှင်းများကို ၎င်းတို့စိတ်တိုင်းကျ ခန့်အပ်ထားသော သူများဖြင့် လွှမ်းမိုးထားခဲ့ကြသည်။
ယခုနှစ် ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ကြီးများ၏ ပါတီများ အပြတ်အသတ်ရှုံးနိမ့်သွားသည့်အခါ Move Forward ပါတီနှင့် ပါတီခေါင်းဆောင် Pita ကို အစိုးရမဖွဲ့နိုင်ရန် အထက်ပါ အင်စတီကျူးရှင်းများ ဟန်ချက်ညီညီဖြင့် ဥပဒေကို အသုံးချပြီး သေသေသပ်သပ် လှုပ်ရှားလာပုံကို တွေ့မြင်လာခဲ့ရပါသည်။
၎င်းတို့၏ လှုပ်ရှားပုံမှာ ပိရိသေသပ်လှသဖြင့် အာဏာလွှဲရတော့မည့် စစ်ဗိုလ်ချုပ်ကြီးများ၏ နောက်ကွယ်က လက်မဲကြီးများ၏ အရိပ်ကိုပင် မမြင်တွေ့ကြရပါ။

ရွေးကောက်ပွဲကော်မရှင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့၏ ပိရိသေသပ်သော လှုပ်ရှားပုံများ
အာဏာရညွန့်ပေါင်း၏ ဦးဆောင်ပါတီဖြစ်သော Palang Pracharat မှ လွှတ်တော်အမတ် Ruangkrai Leekitwattana သည် ရွေးကောက်ပွဲမတိုင်မီ မေလ ၁၀ ရက်နေ့တွင် Pita အား တိုင်ကြားလွှာကို ရွေးကောက်ပွဲကော်မရှင်သို့ အစောဆုံး ပေးပို့ခဲ့ခြင်းမှ စတင်ပြီး Move Forward ပါတီခေါင်းဆောင် Pita ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။
Ruangkrai က Pita သည် iTV အစုရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်ထားသဖြင့် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမပြည့်မီ၍ ရွေးကောက်ပွဲဝင်ခွင့်မရှိဟု တိုင်ကြားခြင်း ဖြစ်သည်။ ယင်းသည် သူ့၏ ပုဂ္ဂလိကဆန္ဒအရ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ပါတီနှင့် မဆိုင်ပါဟု ကာကွယ်ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၆၀ အတွင်း အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာရန် စိစစ်ဆဲကာလတွင်လည်း Pita ကို ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ရန် ဆက်လက်တိုင်ကြားမှုများ ရှိခဲ့သည်။
သို့သော် Ruangkrai ၏ တိုင်ကြားချက်အပါအဝင် ဘုရင်စနစ်ကို အကာအကွယ်ပေးထားသော Lese Mejeste Law ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဟု Pita နှင့် Move Forward ပါတီက စည်းရုံးဟောပြောခဲ့သဖြင့် အရေးယူပေးရန် တိုင်ကြားချက်များကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ခြင်း၊ Pita ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အတည်ပြုပေးခဲ့ခြင်းဖြင့် ကော်မရှင်၏ ကြားနေခြင်းနှင့် ဘက်မလိုက်ခြင်းကို ကနဦး ပြသခဲ့သည်။
စင်စစ် အဆိုပါတိုင်ကြားချက်များထက် ပိုမိုပြင်းထန်သော အရေးယူမှုဖြင့် Pita ကို အရေးယူရန် ကော်မရှင်က စီစဉ်နေခဲ့ခြင်းကို နောက်ပိုင်းမှ တွေ့လာရသည်။ ယင်းအချက်မှာ လွှတ်တော်ရွေးကောက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီခြင်းမရှိသည်ကို သိလျက်နှင့် ဖုံးကွယ်ပြီး ရွေးကောက်ပွဲဝင်ခဲ့သဖြင့် Pita ကို စစ်ဆေးအရေးယူပေးရန်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ချက်ချင်းဆိုင်းငံ့ပေးရန် ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ဇူလိုင် ၁၂ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့သည်။
ထိုတိုင်ကြားမှုအတွက် အပြစ်ရှိကြောင်း ခုံရုံးက ဆုံးဖြတ်ပါက Pita သည် ထောင်ဒဏ်၊ ငွေဒဏ်အပြင် နိုင်ငံရေးလောကသို့ နှစ်ပေါင်း ၂၀ ပြန်လည်ဝင်ရောက်ခွင့် ရှိတော့မည် မဟုတ်ပေ။ အလွန်ပြင်းထန်သော ပြစ်ဒဏ်များ ဖြစ်သည်။ ထိုသို့ ဦးတိုက်လျှောက်ထားချိန်မှ ရွေးကောက်ပွဲကော်မရှင်၏ ရည်ရွယ်ချက်ကို မြင်တွေ့ကြရသည်။
ဤနေရာတွင် သတိမပြုဘဲ မနေနိုင်သော အချက်မှာ ကော်မရှင်၏ အချိန်ကိုက်လှုပ်ရှားမှု ဖြစ်သည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးကျင်းပပြီး Pita ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်း ရွေးကောက်တင်မြှောက်ရန် ရှိနေချိန်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကော်မရှင်က ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးတွင် တိုက်ဆိုင်မှုဟူသည် မရှိပေ။
ရွေးကောက်ပွဲကော်မရှင်သည် သူ၏ ဥပဒေအရ လုပ်ပိုင်ခွင့်ကို အချိန်ကိုက် အသုံးချခဲ့သည်၊ ထိုလုပ်ရပ်က နောက်တစ်ရက် Pita ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်မည့် လွှတ်တော်အစည်းအဝေးကို လွှမ်းမိုးစေခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နေ့ လွှတ်တော်နှစ်ရပ်ပေါင်း ဝန်ကြီးချုပ်ကို မဲပေးရွေးချယ်သည့်အခါ အထက်လွှတ်တော်ကိုယ်စားလှယ်များက Pita ကို ဝိုင်းဝန်းကန့်ကွက်မဲပေးခဲ့ကြသဖြင့် Pita သည် လိုအပ်သော ထောက်ခံမဲ ၃၇၆ မဲ မရရှိသဖြင့် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းမခံခဲ့ရပါ။
ထိုင်းခြေ/ဥတွင် ဝန်ကြီးချုပ်လောင်းတစ်ဦး၏ အမည်စာရင်းကို လွှတ်တော်တွင် အကြိမ်ရေ မည်မျှသာ တင်သွင်းရမည်ဆိုပြီး ကန့်သတ်ထားခြင်းမရှိပါ။
ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် Pita ကို ဒုတိယအကြိမ် မဲပေးရွေးချယ်ရန် လွှတ်တော်တွင် အမည်စာရင်း တင်သွင်းရာတွင် ခြေ/ဥတွင် ဖော်ပြထားခြင်း မရှိသော၊ လွှတ်တော်အစည်းအဝေး လုပ်ထုံးလုပ်နည်း စည်းမျဉ်းကို အသုံးချပြီး၊ ဝန်ကြီးချုပ်လောင်းအမည်ကို နှစ်ကြိမ်တင်သွင်းခွင့်မရှိဟု အထက်လွှတ်တော်အမတ်များက ဝိုင်းဝန်းကန့်ကွက်ကြပြန်သည်။
အချိန်ကိုက်ဆိုသလိုပင် ရွေးကောက်ပွဲကော်မရှင်က ထိုနေ့မှာပင် Pita ကို တိုင်ကြားထားသော အမှုကို စုံစမ်းစစ်ဆေး အမိန့်မချမီအထိ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့အမိန့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထုတ်ပြန်ခဲ့သဖြင့် Pita သည် လွှတ်တော်ထဲမှ ချက်ချင်းထွက်ပေးခဲ့ရသည်။
ထို့ကြောင့် Move Forward ပါတီသည် အစိုးရမဖွဲ့နိုင်သည့်အပြင်၊ ပါတီခေါင်းဆောင်နှင့် ပါတီကိုပါ ဖျက်သိမ်းနိုင်သော တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရသည်။ ထူးခြားသည်က Pita နှင့် Move Forward ပါတီကိုသာ ရွေးကောက်ပွဲကော်မရှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနှင့် စစ်တပ်ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များက သဲကြီးမဲကြီး ပစ်မှတ်ထားနေကြပြီး၊ အခြားမည်သည့်ပါတီကမျှ ထိုကဲ့သို့ မကြုံတွေ့ရခြင်းမှာ သိသာလွန်းလှပြီး သံသယဖြစ်ဖွယ်အပြုအမူများ ဖြစ်သည်။
ထိုသို့ရှိနေစဉ် လွှတ်တော်အစည်းအဝေးစည်းမျဉ်းကို အသုံးပြုပြီး Pita ကို ဒုတိယအကြိမ် ရွေးချယ်ခွင့် မပေးရန် လွှတ်တော်က ဆုံးဖြတ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ခြေ/ဥ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင် Borwornsak Uwanno က ဇူလိုင် ၂၀ ရက် နေ့တွင် ထုတ်ဖော်ပြောဆိုလာခဲ့သည်။
ထို့နောက် ထိုင်းဥပဒေပညာရှင်များက လွှတ်တော်၏ ဆုံးဖြတ်ချက်သည် ခြေ/ဥနှင့် ညီညွတ်ခြင်း ရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပေးရန် တင်ပြချက်ကို ခုံရုံးက လက်ခံခဲ့ပြီး၊ ခုံရုံး၏ ဆုံးဖြတ်ချက် မထွက်ပေါ်လာခင်အထိ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဆိုင်းငံ့ထားရန် ဖြစ်ပေါ်လာပါသည်။
ခုံရုံးသည် ဘက်နှစ်ဖက်စလုံးကို သမာသမတ်ကျကျ လက်ခံဖြေရှင်းပေးနေပါသည် ဆိုသည့် ပြယုဂ်ကို ဖော်ဆောင်ခဲ့သည်။ သို့သော် ခုံရုံး၏ လုပ်ရပ်က ရွေးကောက်ပွဲအလွန် အစိုးရသစ် ပေါ်ပေါက်ရေးကို ပိုမိုနှောင့်နှေးသွားစေခဲ့သည်။
ထိုင်းပြည်သူများသည် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခဲ့ကြရသော်လည်း၊ ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိဖြစ်နေကြောင်း ချူလာလောင်ကွန်တက္ကသိုလ်မှ ထင်ရှားသော နိုင်ငံရေးသိပ္ပံပညာရှင်က ဝေဖန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ လုပ်ရပ်ကို စုံစမ်းစစ်ဆေးသင့်ပြီဟု ဝေဖန်ထောက်ပြလာပါသည်။
ထိုကာလအတွင်း Move Forward ပါတီဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ခြေ မရှိတော့ပြီဟု ယူဆခဲ့ပုံရသော ၎င်း၏ အဓိကမဟာမိတ် Pheu Thai ပါတီသည် လက်ရှိ အိမ်စောင့်ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်နေသော အောက်လွှတ်တော် ၇၀ နေရာ အနိုင်ရရှိထားသည့် တတိယအင်အားကြီး Bhumjaithai ပါတီနှင့် ညှိနှိုင်းဆွေးနွေး မဟာမိတ်ပြုပြီး၊ ညွန့်ပေါင်းအစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းသွားမည်ဟု ကြေညာလိုက်ခြင်းဖြင့် ၈ ပါတီညွန့်ပေါင်းမှ ခွဲထွက်သွားခဲ့သည်။
တစ်ဖန် ရွေးကောက်ပွဲကော်မရှင်သည် Pita ပြဿနာကို အဘယ်ကြောင့် ရွေးကောက်ပွဲအလွန်မှ ကိုင်တွယ်ဆောင်ရွက်ခဲ့ရသနည်း၊ ရွေးကောက်ပွဲမတိုင်မီ ကော်မရှင်သည် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ အရည်အချင်းပြည့်မီချင်း ရှိမရှိကို စစ်ဆေးရမည့်တာဝန်ရှိပါလျက် ထိုတာဝန်ကို ကောင်းစွာထမ်းဆောင်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးရန် Central Criminal Court for Corruption and Misconduct တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်အားလုံးကို တရားစွဲဆိုမှု ထပ်မံပေါ်ပေါက်လာပါသည်။
ဤသို့ဖြင့် ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေးသည် တရားရေးစစ်ပွဲ (War of lawsuits) ဖြစ်နေပြီဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုလာကြသည်။
ထိုင်းနိုင်ငံ၏ ဒီမိုကရေစီမျက်နှာဖုံး ကွာကျခြင်းနှင့် နိုင်ငံရေးအကျပ်အတည်း
ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်လျက် အထက်လွှတ်တော်တစ်ရပ်လုံးကို စစ်တပ်က ရွေးချယ်ခန့်အပ်ခြင်းနှင့် ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ခြင်းတွင် ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်သော အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမဲက အဆုံးအဖြတ်ပေးခြင်း စသည့် ၂၀၁၇ ခုနှစ် ခြေ/ဥ ၏ ပြဋ္ဌာန်းချက်များက ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ချိန်တွင် နိုင်ငံရေးအကျပ်အတည်း မတွေ့ခဲ့ပါ။
သို့သော် ယခုနှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အခြေခံကျကျပြုလုပ်ရန် ၎င်းတို့၏ ရွေးကောက်ပွဲကတိကဝတ်များကြောင့် ထိုင်းလူငယ် မျိုးဆက်သစ်နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားသော Move Forward ပါတီ မဲအများဆုံးဖြင့် အနိုင်ရခဲ့ချိန်မှ အစိုးရမဖွဲ့နိုင်သော နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
Move Forward ပါတီ၏ ရွေးကောက်ပွဲမူဝါဒများက အဆိုပါ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်စေသော အကြောင်းတရား တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ Move Forward ပါတီသည် အစိုးရဖွဲ့ပြီးပါက ပထမဦးစားပေး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ ပြည်သူ့ကိုယ်စားလှယ်များက ဦးဆောင်ရေးဆွဲပြဋ္ဌာန်းသော ဒီမိုကရေစီစစ်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ပြန်လည်ရေးဆွဲပြဋ္ဌာန်းရေးဖြစ်သည်။
ထို့ပြင် စစ်တပ်ပြုပြင်ပြောင်းလဲရေးနှင့် Lese Mejeste Law ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေးတို့သည် ထိပ်တန်းဦးစားပေး အစီအစဉ်များထဲ ပါဝင်နေသည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် ထိုင်းပြည်သူများ၏ တစ်ခဲနက် မဲပေးထောက်ခံမှုကို Move Forward ရရှိခဲ့သည်။
ထို့နောက် ဒုတိယမဲအများဆုံးအနိုင်ရသော Pheu Thai ပါတီအပြင်၊ အခြားပါတီငယ် ၆ ခု ပါဝင်သော ၈ ပါတီညွှန့်ပေါင်းဖွဲ့ပြီး၊ အောက်လွှတ်တော်တွင် ၃၁၃ နေရာဖြင့် စိုးမိုးထားနိုင်ပြီဖြစ်၍ အစိုးရဖွဲ့ရန်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သော အကောင်းဆုံးအခြေအနေကို ရရှိထားခဲ့သည်။
အောက်လွှတ်တော် နေရာအများစုရရှိထားမှသာ လူများစုကို ကိုယ်စားပြုသော၊ တည်ငြိမ်သော အစိုးရ ဖြစ်နိုင်မည်ဖြစ်ရာ သာမန်အားဖြင့်ကြည့်လျှင် Move Forward ဦးဆောင်သော အစိုးရသစ်သည် ခိုင်မာအားကောင်းစွာ ပေါ်ပေါက်လာမည့် အလားအလာများ မြင့်မားနေခဲ့သည်။
သို့သော် အာဏာလက်ကိုင်ရှိနေသော စစ်ခေါင်းဆောင်များ၊ လက်ရှိညွန့်ပေါင်း အိမ်စောင့်အစိုးရထဲမှ ရွေးကောက်ပွဲတွင် မရှုမလှရှုံးနိမ့်ခဲ့သော ပါတီများက Move Forward ဦးဆောင်သော ၈ ပါတီညွန့်ပေါင်း ပြိုကွဲစေရန် စနစ်တကျ ကြံစည်ကြိုးပမ်းခဲ့ကြသည်။
Move Forward ပါဝင်နေသရွှေ့ Pheu Thai ဦးဆောင်ပြီး အစိုးရဖွဲ့လျှင်လည်း ကန့်ကွက်သွားမည်ဟု အထက်လွှတ်တော်အမတ်များက ငြာသံပေးခဲ့ကြသလို၊ အာဏာရညွန့်ပေါင်းအဖွဲ့ထဲမှ ပါတီများကလည်း ငြာသံပေးခဲ့ကြသဖြင့် Phue Thai သည် နောက်ဆုံးတွင် ၈ ပါတီညွန့်ပေါင်းမှ ခွဲထွက်သွားခဲ့သည်။
ယင်းသည် ရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်ခဲ့သော စစ်ခေါင်းဆောင်များနှင့် အာဏာရညွန့်ပေါင်းပါတီများ လိုချင်သော အခြေအနေဖြစ်သည်။ ယခုအခါ Pheu Thai သည် ၎င်းတို့ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်ရေးအတွက် အာဏာရညွန့်ပေါင်းပါတီများနှင့် ညှိနှိုင်းအပေးအယူလုပ်နေရပြီ ဖြစ်သည်။
ထိုင်းနိုင်ငံရေး၏ ဒီမိုကရေစီအရေခြုံ မျက်နှာဖုံးကွာကျခြင်းပင် ဖြစ်သည်။ စစ်တပ်က စိတ်တိုင်းကျ ရွေးချယ်ခန့်အပ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀၊ စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်၊ စစ်တပ်ခန့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ ဘုရင်စနစ်ကို အကာအကွယ်ယူတတ်သော နိုင်ငံရေးပါတီများကြောင့် ထိုင်းနိုင်ငံကို ဒီမိုကရေစီစစ်စစ် ထူထောင်လိုသော Move Forward ပါတီဦးဆောင်သော ၈ ပါတီညွန့်ပေါင်း ဖြိုခွင်းခံခဲ့ရပြီ ဖြစ်သည်။
သို့သော် ထိုင်းပြည်သူများ အမှန်တကယ်လိုလားတောင့်တသော ဆန္ဒမှာ သန့်ရှင်းသော နိုင်ငံရေးနှင့် စစ်မှန်သော ဒီမိုကရေစီသာ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)