
နှစ် ၆၀ ကျော် သက်တမ်းရှိသည့် သမ္ဘာရင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် နှစ် ၇၀ ကျော် တော်လှန်ရေးအတွေ့အကြုံရှိသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေးတွင် ကာလရှည် ဗိုလ်ကျစိုးမိုးနေသည့် စစ်တပ်သည် ကျဆုံးချိန် နီးနေပြီဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နယ်စပ် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် အခြေပြုသည့် KIO ဥက္ကဋ္ဌက သူ၏ သဘောထားကို ယနေ့ (ဩဂုတ် ၁၀) ကျရောက်သည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းကို KIO ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်လွတ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ဖတ်ကြား၍ ရုပ်သံဖိုင်ဖြင့် ဖြန့်ချိခြင်းဖြစ်သည်။
မြန်မာပြည်တောင်ပိုင်း ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အခြေပြုသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များကမူ ယနေ့ (ဩဂုတ် ၁၀) တွင် အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုကြခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းတွင် “ပြည်သူတွေ အကုန်လုံး ခွန်အားစိုက် ကြိုးစားရင် အချိန်တိုအတွင်း အောင်မြင်နိုင်မယ်ဖြစ်တယ်။ စစ်ကောင်စီကလည်း နေ့စဉ်နဲ့အမျှ ကျဆုံးလာပြီ ဖြစ်တဲ့အတွက် အမျိုးသားရေးအောင်မြင်ပန်းတိုင်ကို ရောက်တော့မယ်” ဟု ပါရှိသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် စစ်တပ်ကို တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်း အပါအဝင် နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်အဟုန် မြင့်သည်ထက်မြင့်နေသည်ကို ဗိုလ်ချုပ်ကြီးအင်ဘန်လက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ထိုအခြေအနေကြောင့် အာဏာသိမ်းစစ်တပ်မှာ စစ်ရေး၊ နိုင်ငံရေးအရ ကျဉ်းထဲကျပ်ထဲ ကျရောက်နေပြီဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောသည်။
KNU ၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသောက စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်မှစ၍ မြေပြင်တပ်များ အင်အားဖြည့်တင်းမှု၊ လှုပ်ရှားမှုအရှိန်အဟုန် ယခင်ထက် လျော့ကျလာပြီး ခံစစ်အသွင် ပြောင်းလာကာ လေကြောင်းတိုက်ခိုက်မှုကိုသာ အားကိုးနေရပြီဖြစ်ကြောင်း ပြောသည်။
“(စစ်ကောင်စီ) တပ်စခန်း တစ်ခုနဲ့ တစ်ခု လှုပ်ရှားနိုင်မှု စွမ်းအားကလည်း ကျဆင်းနေပါတယ်။ နောက်ပြီးတော့ အဓိက သူတို့တပ်စခန်းဖြစ်တဲ့ ခြေကုပ်စခန်းတွေ၊ မဖြစ်မနေ သူတို့ကာကွယ်ရမယ့် စခန်းတွေကို လေယာဉ်နဲ့ ရိက္ခာသယ်နေရတယ်။ နောက်ပြီးတော့ ဒီစခန်းကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်၊ ရဟတ်ယာဉ် သုံးပြီးတော့ ကာကွယ်နေရပါတယ်” ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။
KIA နှင့် KNU အဖွဲ့များသည် ၂၀၂၁ နောက်ပိုင်းတွင် စစ်ကောင်စီကို တော်လှန်ရန် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်အဖွဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများရှိနေသဖြင့် စစ်ကောင်စီက မကြာခဏ ကန့်ကွက်ပြောဆိုနေသည်။

KIA
KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့နှင့် လက်တစ်ကမ်းမှ နန်ဆန်ယန်တွင် တပ်စွဲနိုင်ရန် စစ်ကောင်စီတပ်က ဇူလိုင်လဆန်းမှ စတင်ပြီး အပြင်းအထန်ကြိုးပမ်းနေရာ ထိုဒေသတွင်း၌ တိုက်ပွဲများဆက်နေသည်။ KIA ကလည်း ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သိမ်းပိုက်ထားသည်။
KIA တပ်မဟာ ၉ အခြေစိုက်ရာ ဖားကန့်မြို့နယ် အနမ့်ပါဒေသ၌ ပြုလုပ်သည့် တေးဂီတဖြေဖျော်ပွဲကို ၂၀၂၂ အောက်တိုဘာလကုန်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူ ၁၀၀ ဝန်းကျင် သေဆုံးခဲ့ရဖူးသည်။
KIA ၏ တပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ NUG ၏ PDF တပ်ဖွဲ့များ၊ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုလေ့ရှိသည်။
KIA ဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီတွင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ KIA က တိုက်ရိုက် စစ်သင်တန်းပေးထားသည့် PDF ၄,၀၀၀ ကျော်ရှိကြောင်း ၂၀၂၂ နှစ်ကုန် RFA နှင့် အင်တာဗျူးတွင် ပြောထားသည်။

KNU
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများကို လူသားချင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုများ ပေးခဲ့သည့် KNU အဖွဲ့သည်လည်း လွန်ခဲ့သည့် နှစ်နှစ်ဝန်းကျင်မှစ၍ စစ်တပ်ကို လက်နက်ကိုင် ပြန်တိုက်ရန် စိတ်အားထက်သန်လာကြသည့် ပြည်တွင်းမှ လူငယ်အဖွဲ့များ၊ NUG, NUCC တို့နှင့် အစဉ်တစိုက် ပူးပေါင်းလုပ်ဆောင်နေသည်။
ယနေ့အချိန်တွင် နေပြည်တော်အနီး ပဲခူးရိုးမတောင်ကြောမှစ၍ ပဲခူးတိုင်း၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်တစ်လျှောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတစ်လျှောက် စစ်ဆင်ရေးလုပ်နိုင်နေပြီဟု ဗိုလ်မှူးချုပ် စောတာမလာသောက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ နေပြည်တော်မှ ထားဝယ်အထိ မိုင် ၆၀၀ ဝန်းကျင် ဧရိယာရှိသည်။
KNU က နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) တွင် ပါဝင် လက်မှတ်ထိုးပြီးနောက် ၂၀၂၁ စစ်တပ်က အာဏာမသိမ်းမီတွင် သတ်မှတ်နေရာများတွင်သာ လှုပ်ရှားနိုင်သည့် အခြေအနေရှိခဲ့သည်။
ယခုအခါ NCA စာချုပ် ပျက်ပြယ်ပြီးပြီဟု ဆုံးဖြတ်ထားကြောင်း လွန်ခဲ့သော သုံးလဝန်းကျင်မှ စကာ ညီလာခံက ခန့်အပ်၍ တာဝန်ယူထားသည့် KNU ခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်တွေ့တွင်လည်း မြန်မာပြည်တောင်ပိုင်းတွင် စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော လမ်း၊ တံတားများ၊ စစ်ကောင်စီ၏ တောတွင်းအခြေပြုစခန်းအချို့နှင့် မြို့ပေါ်ရှိ ရဲစခန်း၊ စစ်စခန်း၊ ရုံးဌာနများကိုပါ KNU နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နိုင်စွမ်းရှိလာသည်။
အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံအနှံ့ စစ်မီးဝိုင်းနေသည့် စစ်ကောင်စီသည် ကချင်၊ ကရင်၊ ကယား(ကရင်နီ) ဒေသများအတွင်း မြေပြင်တပ်များ အရေးမလှဖြစ်လာသည်။ ဤအခြေအနေတွင် နိုင်ငံအလယ်ပိုင်းမှ ဒေသများကိုပင်မချန် တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းကိုသာ အားပြုတိုက်ခိုက်နေရာ အရပ်သားထိခိုက်သေဆုံးမှု မြင့်မားလာနေသည်။

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း လွန်စွာ တန်ခိုးထွားလာသည့် ရက္ခိုင့်တပ်တော် (AA) နှင့် ယာယီစစ်ပြေငြိမ်းမှု တည်တံ့နေစေရန် စစ်ကောင်စီ အသည်းအသန် ကြိုးစားထားရသည်။
မြောက်ပိုင်းမဟာမိတ်ဟု လူသိများသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တို့၏ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ငြိမ်းချမ်းရေးစကားပြောရန် စစ်ကောင်စီက တရုတ်အကူအညီဖြင့် ကြိုးပမ်းနေရသည်။
သို့သော် တရုတ်အစိုးရကိုယ်စားလှယ်၊ ယူနန်ပြည်နယ်မှ နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်ကိုယ်တိုင် တက်သည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆွေးနွေးပွဲမှာ ရလဒ်မထွက်ဘဲ ရပ်တန့်ခဲ့ရဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)