ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာနှင့် ၁၂ မိုင်ခန့်သာ ဝေးသည့် နမ်ဆန်ယန်ကျေးရွာအနီးတွင် ဇူလိုင် ၃ ရက် နံနက်မှ စတင်ကာ တိုက်ပွဲအပြင်းအထန် ဖြစ်နေသည်ဟု သိရသည်။
ဇူလိုင် ၃ ရက်နေ့ နံနက် ၅ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် နမ်ဆန်ယန်ရွာ တံတားအနီးမှ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယနေ့ (ဇူလိုင် ၄ ရက်) နံနက်တွင်လည်း ဗန်းမော်မြို့မှ စစ်ကားများနှင့် စစ်အင်အားဖြည့်တင်းလာသည်၊ နံနက် ၈ နာရီခန့်မှ စတင်ကာ စက်သေနတ်များ၊ ၆၀ မမ မော်တာများ၊ ၁၀၅ မမ၊ ၁၂၀ မမ အမြောက်ကြီးများနှင့် ပစ်ခတ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ကျွန်တော်တို့ဘက်ကလည်း အပြန်အလှန် တုံ့ပြန်ပြီးတော့ လက်နက်ကြီးလို့ ပြောရမှာပေါ့၊ မော်တာပြောင်းနဲ့ ပစ်ခတ်တာတော့ ရှိတယ်၊ နေ့လယ်ပိုင်းလောက်မှာတော့ သူတို့ဘက်ကနေ ၁၀၅ လို့ ယူဆရတာနဲ့ အဲဒီဘက်ကနေ ပစ်တာတော့ ရှိပါတယ်” ဟု သူက ပြောသည်။
“မြေပြင်မှာ ထိတွေ့တာမျိုးတော့ မကြားသေးဘူးဆိုပေမဲ့ အခုလည်း စစ်ရေးအခြေအနေကတော့ တင်းမာတဲ့အနေအထား ဆက်ဖြစ်နေပါတယ်”
ယနေ့နံနက် ဗန်းမော်မြို့မှ လာသော စစ်ကောင်စီတပ်ယာဉ်တန်းတွင် စစ်ကား ၁၀ စီးခန့် ပါဝင်သည်၊ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းကို ပိတ်ဆို့ထားသည်ဟု ဒေသတွင်း သတင်းဌာနတချို့က ရေးသားကြသည်။
နမ်ဆန်ယန်ရွာအနီးရှိ ဒွမ်ဘမ်တောင်နှင့် ခယာတောင်တို့တွင် စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲလိုသည့်အတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတချို့ကို ပြောသည်။
စစ်ရှောင်များ နမ်ဆန်ယန်ရွာတွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် နှစ်ဖက်တပ်များ ထိုဒေသတွင် တပ်ထိုင်ခြင်း မပြုလုပ်ရန် KIA နှင့် စစ်ကောင်စီတို့ သဘောတူညီမှုရထားသော်လည်း စစ်ကောင်စီက ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ကချင်ဒေသခံအချို့က ဆိုသည်။
တိုက်ပွဲဖြစ်နေသည့် နမ်ဆန်ယန်ရွာသည် ဌာနချုပ် လိုင်ဇာနှင့် နီးကပ်နေသောကြောင့် လိုင်ဇာခရိုင်အတွင်း လုံခြုံရေးကို သတိထား သွားလာကြရန်၊ မလိုအပ်ဘဲ ခရီးမသွားရန်၊ တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ မသွားလာကြရန်၊ စစ်ကောင်စီနှင့် မပူးပေါင်းရန်၊ စစ်တပ်၏ အသုံးချခံ မဖြစ်စေရန် အသိပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက ဇူလိုင်၄ ရက်တွင် ကချင်ဘာသာဖြင့် ထုတ်ပြန်ထားသည်။
နမ်ဆန်ယန်ကျေးရွာသည် မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်တွင် ရှိပြီး KIA ဌာနချုပ် လိုင်ဇာမြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။
စစ်တပ်ထောက်ခံသည့် Telegram Channal များတွင် လိုင်ဇာကို သိမ်းပိုက်မည့်အကြောင်း ဝါဒဖြန့် ရေးသားနေကြသည်ကို တွေ့ရသည်။
ဇွန်လ ၂၆ ရက်နေ့ကလည်း ဝိုင်းမော်မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာ ဆဒုံး-ကန်ပိုက်တီလမ်းကြောင်းပေါ်ရှိ KIA တပ်ရင်း (၃) နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
မေ ၁၆ တွင် ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA ၏ အမှတ် (၄၄) တပ်ရင်းက ဖားကန့်နှင့် မိုင် ၂၀ ခန့်အကွာ တံတားညီနောင်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ် PDF များ နိုင်ငံအနှံ့ ပေါ်ပေါက်လာရာ PDF တပ်ထဲတွင် KIA က လေ့ကျင့်ပေးလိုက်သည့် လက်နက်ကိုင် အများအပြားရှိနေသည်။ KIA တပ်မှူးများကိုလည်း PDF နှင့် ပူးပေါင်းကာ စစ်ဆင်ရေးလုပ်ဆောင်စေခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း KIA က စေလွှတ်ထားသည့် ကောလင်းခရိုင် PDF တပ်ရင်းမှူး ဇော်ဆိုင်း ဧပြီ ၂၆ ရက်နေ့ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။
နိုင်ငံ၏ မြောက်ဘက်ဆုံး ကချင်ပြည်နယ်အတွင်း စစ်ရေးအရှိန် မြင့်မားနေချိန်တွင် နိုင်ငံတောင်ပိုင်းတွင်လည်း တန်ပြန်ထိုးစစ်ဆင်နိုင်ရန် လမ်းမကြီးများပေါ်တွင် ယာဉ်သွားလာခွင့်ကို ဇူလိုင် ၁ မှ စတင်ကန့်သတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲက ကြေညာထားသည်။
နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီကြား ပဲခူးတိုင်းအတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်း၊ ပဲခူး – စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်း ရန်ကုန် – မုတ္တမ၊ ကရင်ပြည်နယ်အတွင်း ရန်ကုန် – ဖားအံလမ်းပိုင်းတို့တွင် ယာဉ်များ သွားလာခြင်းမပြုရန် တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲက ကန့်သတ်ထားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ဗျူဟာကျကျ စစ်ရေးအရှိန် မြှင့်တင်နေသည်ဟု Myanmar Now ကို ပြောသည်။
“ကနဦး ကျွန်တော်တို့ ရင်ဘတ်ကြီးနဲ့ စခဲ့ရတဲ့ ခုခံတော်လှန်စစ်ဟာ အခုအချိန်မှာ ထိုးစစ်ကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ပါပြီ။ တစ်ပြိုင်တည်းမှာပဲ စိုးမိုးနယ်မြေ အမြောက်အမြားကို စိုးမိုးပြီးတော့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေပါပြီ” ဟု ဦးမောင်မောင်ဆွေက ပြောသည်။
နိုင်ငံတောင်ပိုင်းတွင် ထိုးစစ်ရပ်ထားသည့် စစ်ကောင်စီကလည်း လက်နက်ကိုင်တော်လှန်မှု အားကောင်းရာ ဒေသများကို ဖြတ်လေးဖြတ်ပုံစံမျိုးဖြင့် ပိတ်ဆို့နေကာ ကရင်ပြည်နယ် ကော့ကရိတ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်များတွင် လမ်းမများကို ဖျက်ဆီးခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)