သတင်း

ကိုဗစ်နိုင်တင်းချေးငွေ လျှောက်ထားသည့် လုပ်ငန်း ၉၀၀ ကျော် အပယ်ခံရ

အစိုးရ၏ ကိုဗစ်နိုင်တင်းချေးငွေဆိုင်ရာ သတ်မှတ်ချက်များနှင့် မကိုက်ညီသောကြောင့် ပထမအကြိမ်အစီအစဉ်တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ ချေးငွေလျှောက်လွှာ ၄,၀၀၀ ကျော်အနက် ၉၀၀ ကျော်ကို ပယ်ချခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားမှုကြောင့် အစိုးရက မတည်ထူထောင်ထားသည့် ကိုဗစ်နိုင်တင်းရန်ပုံငွေ ကျပ် ၁၀၀ ဘီလျံကို အထိနာဆုံး စီးပွားရေးကဏ္ဍသုံးခုမှ လုပ်ငန်းရှင်များအတွက် ချေးငွေထုတ်ပေးရန် အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

ချေးငွေလျှောက်လွှာ ၄,၂၅၀ ကျော်ကို စိစစ်ခဲ့ပြီး သတ်မှတ်ချက်နှင့်ညီသည့် လျှောက်လွှာ ၃,၃၀၀ ကျော်ကို ချေးငွေထုတ်ပေးခဲ့ကာ လျှောက်လွှာ ၉၅၀ ခန့်ကို ပယ်ချခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့ ထုတ်ပြန်ကြေညာထားတဲ့အထဲမှာ အချက် ၁၀ ချက်ရှိတယ်။ အဲ့ဒါနဲ့မကိုက်ရင် ပယ်တာပဲဗျ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။ 

ကိုဗစ်နိုင်တင်းချေးငွေ ပထမအကြိမ် အစီအစဉ်အတွက် စီးပွားရေးထိခိုက်မှုအများဆုံးဖြစ်သည့် လက်ခစား အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များကို အတိုးနှုန်း ၁ % ဖြင့် ချေးငွေသက်တမ်း တစ်နှစ်သတ်မှတ်ကာ ချေး‌ငွေထုတ်ပေးခဲ့ခြင်းဖြစ်သည်။ 

သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ချေးငွေလျှောက်လွှာ ၃,၃၀၀ ကျော်အတွက် စုစုပေါင်းကျပ် ၁၀၁ ဘီလျံ ထုတ်ချေးခဲ့ပြီး ဒုတိယအကြိမ် ချေးငွေလျှောက်လွှာများကို ထပ်မံခေါ်ယူရန် ပြင်ဆင်နေကြောင်းလည်း ဦးအောင်နိုင်ဦးက ပြောသည်။

ဒုတိယအကြိမ် ချေးငွေလျှောက်လွှာများ ထပ်မံခေါ်ယူမည့်ရက်အတိအကျကို မသိရသေးကြောင်းလည်း ၎င်းက ပြောသည်။ 

ကိုဗစ်နိုင်တင်းချေးငွေ လျှောက်ထားမည့်လုပ်ငန်းသည် သတ်မှတ်လုပ်ငန်းနယ်ပယ်သုံးခုနှင့် အကျုံးဝင်ရမည်ဖြစ်ပြီး နိုင်ငံသားပိုင်လုပ်ငန်း၊ သုံးလအတွင်း လုပ်ငန်းရပ်စဲထားပြီး ချေးငွေရရှိပါက လုပ်ငန်းပြန်လည် လည်ပတ်နိုင်သည့်လုပ်ငန်း၊ သတ်မှတ်လိုင်စင်များ ရရှိသည့်လုပ်ငန်း၊ အခွန်ပေးဆောင်ထားသောလုပ်ငန်း၊ လူမှုဖူလုံရေးကြေးထည့်ဝင်သော လုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းမှတ်ပုံတင် ဆိုင်းငံ့ပယ်ဖျက် မခံထားရသောလုပ်ငန်း စသည့်သတ်မှတ်ချက်များဖြင့် ကိုက်ညီရမည်ဖြစ်သည်။

ချေးငွေလျှောက်လွှာများကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အစိုးရဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့က ပဏာမစိစစ်ရသည်။

လျှောက်လွှာများကို UMFCCI က ပဏာမအဆင့် စိစစ်ကာ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) တို့ ပါဝင်သည့် ချေးငွေအသေးစိတ်စိစစ်ရေးကော်မတီကို တင်ပြရပြီး နောက်ဆုံးအဆင့်တွင် ကိုဗစ်နိုင်တင်းကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ဆုံးဖြတ်ခြင်းဖြစ်ကြောင်း UMFCCI အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းက ပြောသည်။

လျှောက်ထားသည့် လုပ်ငန်းများအနက် လိုင်စင်သက်တမ်းကုန်နေသော သို့မဟုတ် အစိုးရကသတ်မှတ်သည့် လုပ်ငန်းနယ်ပယ်များနှင့် ဘောင်မဝင်သောလုပ်ငန်းများကို ပယ်ချခဲ့သည်ဟု ဦးအေးဝင်းက Myanmar Now ကိုပြောသည်။

“ကုမ္ပဏီအနေနဲ့ လျှောက်ပြီးတော့ လိုင်စင်မရှိတာမျိုးပေါ့။ ပဏာမစိစစ်တဲ့အခါ ဒါမျိုးတွေတွေ့ရင် ပယ်တာပေါ့။ ဒါလေးတွေက နည်းပါတယ်။ တချို့ဆိုရင်လည်း SME ဆိုပြီး လျှောက်တယ်။ ဒါပေမယ့် သူ့လုပ်ငန်းက SME မဟုတ်ဘူး။ SME သတ်မှတ်ချက်နဲ့ဘောင်မဝင်ဘူး” ဟု ၎င်းက ပြောသည်။

ချေးငွေလျှောက်ထားခဲ့ပြီး ပယ်ချခံရသည့် လုပ်ငန်းများအနက် နိုင်ငံတကာခရီးသွားများကို ပစ်မှတ်ထားသည့် အမှတ်တရပစ္စည်းအရောင်းဆိုင် “မြတ်သက်ကြွယ်” လည်း ပါဝင်သည်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့၌ ဖွင့်လှစ်ထားသည့် “မြတ်သက်ကြွယ်” အမှတ်တရပစ္စည်းအရောင်းဆိုင်သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအနေဖြင့် ကျပ်သိန်း ၂၀၀ ချေးယူရန် လျှောက်ထားခဲ့သော်လည်း ချေးငွေရသည့်လုပ်ငန်းစာရင်းတွင် မပါဝင်ခဲ့ကြောင်း ဆိုင်ပိုင်ရှင် ဒေါ်ချောကလျာမြတ်က Myanmar Now ကို ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ စီးပွားရေးထိခိုက်နေချိန် ဖြစ်သဖြင့် နိုင်ငံခြားသားများ၏ ဝယ်လိုအားကို အလေးထားရပ်တည်ရသည့် အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် ပန်းထိမ်၊ ပန်းပု အစရှိသည့် ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများမှာ အကြီးအကျယ်လုပ်ငန်းထိခိုက်ရသည့်အပြင် ချေးငွေမရရှိသဖြင့် လုပ်ငန်းရှေ့ဆက်ရန် အခက်အခဲရှိကြောင်း ဒေါ်ချောကလျာမြတ်က ဆိုသည်။

ပထမအကြိမ် ချေးငွေမရခဲ့သဖြင့် ဒုတိယအကြိမ် ချေးငွေထပ်မံလျှောက်ထားရန် မသေချာသေးကြောင်း ၎င်းကဆိုသည်။

“မြတ်သက်ကြွယ်” အမှတ်တရပစ္စည်းအရောင်းဆိုင်မှာ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းမှတ်ပုံတင်လက်မှတ် ရရှိထားသည်ဟု ပိုင်ရှင်ဒေါ်ချောကလျာမြတ်က ပြောသည်။ 

ကိုဗစ်ချေးငွေလျှောက်ထားရာတွင် သတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် အချို့လုပ်ငန်းများ အပယ်ခံရသည့်အပြင် ချေးငွေရရှိသူများမှာလည်း လျှောက်ထားသည့် ချေးငွေပမာဏထက်များစွာ လျော့နည်းနေခြင်း၊ ချေးငွေထုတ်ယူခွင့်ရရန် ကြန့်ကြာခြင်းများလည်းရှိနေကြောင်း ချေးငွေလျှောက်ထားသူအချို့က Myanmar Now ကို ပြောသည်။ 

ကိုဗစ်နိုင်တင်းအရေးပေါ်ရန်ပုံငွေကို နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) ကျပ် ၅၀ ဘီလျံ၊ လူမှုဖူလုံရေးရန်ပုံငွေ ကျပ် ၅၀ ဘီလျံ စုစုပေါင်း ၁၀၀ ဘီလျံဖြင့် ကနဦးထူထောင်၍ ချေးငွေထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအသုတ် ချေးငွေအစီအစဉ်အတွက် ကျပ် ၁၀၀ ဘီလျံ ထပ်မံဖြည့်ဆည်းမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇူလိုင် ၃ တွင် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံငွေ (General Reserve Fund) ၁၅၀ ဘီလျံအနက် ကျပ် ၁၀၀ ဘီလျံကို ကိုဗစ်နိုင်တင်းအရေးပေါ်ရန်ပုံငွေအတွက် ထပ်မံဖြည့်ဆည်းမည်ဖြစ်ပြီး ကျန်ကျပ် ၅၀ ဘီလျံကို ကိုဗစ်နိုင်တင်းရန်ပုံငွေ စတင်ထူထောင်စဉ် ရယူသုံးစွဲခဲ့သည့် လူမှုဖူလုံရေးရန်ပုံငွေ ကျပ် ၅၀ ဘီလျံအတွက် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးမည့်အစီအစဉ်တွင် ယခင်သတ်မှတ်ထားသည့် လုပ်ငန်းနယ်ပယ်သုံးခုအပြင် အခြားလုပ်ငန်းများကိုပါ တိုးချဲ့ထုတ်ချေးမည်ဖြစ်ပြီး မည်သည့်လုပ်ငန်းနယ်ပယ်များ ပါဝင်မည်ကိုမူ ဆုံးဖြတ်ချက်အတည်မဖြစ်သေးသဖြင့် မပြောနိုင်သေးကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

Show More

Related Articles

Back to top button