သတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဆင်တူသောဆင်းတုကို ကျမ်းဂန်နှင့်အညီ ဆောင်ရွက်မည် 

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မျက်နှာစာရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာနှင့် ဆင်တူသော ကျောက်စိမ်းဘုရားဆင်းတုတော်အပါအဝင် ထေရဝါဒဗုဒ္ဓသာသနာနှင့် မလျော်ညီသည့် ရုပ်ပွားတော်များကို ကျမ်းဂန်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားလိုက်သည်။ 

အဆိုပါကျောက်စိမ်းဆင်းတုတော်ကို ရွှေတိဂုံဘုရားရင်ပြင်ရှိ ပုညကုသလဗဟုကာရတန်ဆောင်းအတွင်း ထုလုပ်ကိုးကွယ်ထားခြင်းဖြစ်သည်။ ယတြာသဘောဖြင့် ပြုလုပ်ထားသည်ဟု ဝေဖန်ခံနေရသည့် အဆိုပါဆင်းတုတော်အပါအဝင် ထေရဝါဒဗုဒ္ဓသာသနာနှင့် မလျော်ညီသည့် ရုပ်ပွားတော်များကို ဖြေရှင်းမည်ဖြစ်သည်။ 

“ကျွန်တော်တို့က အနာဂတ်မှာ ကျမ်းဂန်နဲ့ မညီညွတ်တာတွေ၊ ဘယ်ဘုရားပဲဖြစ်ဖြစ်ပေါ့နော်။ သိတဲ့အခါကျရင် ညီညွတ်အောင် ဘယ်လိုလုပ်မလဲ၊ လုံးဝလုပ်မရရင်တော့ ဖယ်ရှားရှင်းလင်းရမှာဖြစ်ပါတယ်”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက Myanmar Now ကို ပြောသည်။

အဆိုပါကျောက်စိမ်းဆင်းတုကို မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံတကာခေါင်းဆောင်များလည်း ဖူးမြော်ခဲ့ဖူးပြီး၊ ထိုအထဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂမ်ဘာရီ၊ လက်ရှိတရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့လည်း ပါဝင်သည်။ 

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၂၀၀၈ ခုနှစ်အတွင်း လာရောက်ခဲ့သည့် ခရီးစဉ်နှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းအပြီး တပ်မတော်ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံခဲ့သည့် ကုလအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ၏ ခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်သို့ သွားရောက်ခဲ့ရာတွင် ထိုဆင်းတုကို ဖူးမြော်ခဲ့ကြောင်း ထိုခေတ်အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ဒုသမ္မတအဖြစ်ရှိနေချိန် ၎င်း၏ ဒီဇင်ဘာ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးအတွင်း ကျောက်စိမ်းရုပ်တုအား ဖူးမြော်ခဲ့ကြောင်း အစိုးရထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။  

နိုင်ငံတကာဧည့်သည်တော်များက ကျောက်စိမ်းဆင်းတုကို ဖူးမြော်နေကြစဉ်

အငြင်းပွားဖွယ်ရာ ထိုကျောက်စိမ်းဆင်းတုကို ဖားကန့်ခရိုင်၊ လုံးခင်းမြို့နယ်မှ ရရှိသည့် ကျောက်စိမ်းတုံးဖြင့် ထုလုပ်ထားပြီး အောက်ခံအပါအဝင် အလေးချိန် ၃၂၄ ကီလိုဂရမ် (၁၅၃ ဒသမ ၀၉ ကျပ်သား) ပတ္တမြား ၉၁ ပွင့်၊ စိန် ၉ ပွင့်နှင့် ရွှေ ၂၅၀၀ ဂရမ် ထည့်သွင်းသွင်းပူဇော်ထားကြောင်း ဆင်းတုတော်ရှိရာ တန်ဆောင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ 

၁၉၉၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကို အကြီးစားပြင်ဆင်မွမ်းမံချိန်တွင် ထိုကျောက်စိမ်းရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ခြင်းဖြစ်ကာ ရွှေတိဂုံဘုရားသို့ နိုင်ငံတကာခေါင်းဆောင်များ လာရောက်သည့်အခါတိုင်း ထိုဆင်းတုကို ဝင်ရောက်ဖူးမြော်လေ့ရှိသည်။ 

ထိုဆင်းတုကို စာပေကျမ်းဂန်နှင့်အညီ ဆောင်ရွက်ရန် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆုံးဖြတ်ထားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးဖြစ်သူ ဦးစိန်မော်ထံ ဆက်သွယ်မေးမြန်းရာတွင် မသိရှိသေးကြောင်း ပြောသည်။ 

ထို့ပြင် ဆင်းတုတော်နှင့် ပတ်သက်၍ ညွှန်ကြားချက်တစ်စုံတစ်ရာ ရှိမရှိ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံ Myanmar Now က ယနေ့ (ဇူလိုင် ၇) တွင် သွားရောက်မေးမြန်းရာ၌လည်း “အဲ့စာကိစ္စတော့ မကြားမိသေးဘူး။ သာသနာရေးဘက်က ဘာစာမှမဝင်ပါဘူး” ဟု ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ဓာတ်ပုံနှင့် ထိုကျောက်စိမ်းဆင်းတုကို ယှဉ်ပြထားစဉ် (ဓာတ်ပုံ – Myanmar Now)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် လုပ်ငန်းတာဝန်များကို သိမ်မွေ့နူးညံ့စွာဆောင်ရွက်ရပြီး ထိလွယ်ရှလွယ်သည့်ကိစ္စများ ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သဖြင့် အသေးစိတ်ထုတ်ဖော်မပြောဆိုနိုင်ကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။ 

“လက်လွတ်စပယ်ဆောင်ရွက်လို့ မရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်ခဲ့ရင်လည်း ဖြည့်စွက်နားလည်ပေးဖို့ ပန်ကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်အသိုင်းအဝိုင်းက ပြုလုပ်ကိုးကွယ်ထားသည့် ‘အာဏာတည်စေ’၊ ‘ပလ္လင်မြဲစေ’ စေတီများရှိရာ နေပြည်တော်ပျဉ်းမနားအနီး မင်းဝင်တောင်ရှိ စိန္တာမုနိကျောင်းတိုက်အတွင်းမှ ထေရဝါဒဗုဒ္ဓသာသနာနှင့် ကိုက်ညီခြင်းမရှိသည့် ပုံပျက်ပန်းပျက်ဆင်းတုများ ဖယ်ရှားရန် ညွှန်ကြားချက်ကို ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗေဒင်နှင့် နတ်ဆရာများ၏ အခါတော်ပေးချက်အရ မကြာခဏ ယတြာများစီရင် ဆောင်ရွက်လေ့ရှိပြီး အထူးသဖြင့် အာဏာတည်မြဲရေးအတွက် ထိုသို့စေခိုင်းသမျှ လိုက်လံဆောင်ရွက်လေ့ရှိကြောင်း စာရေးဆရာတင်ညွန့်ရေးသားသည့် ‘ဦးသန်းရွှေ၏ ယတြာများနှင့် အခြားစိတ်ဝင်စားဖွယ်အဖြစ်အပျက်များ’ စာအုပ်တွင် ဖော်ပြထားသည်။ 

“ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကြီးပေါ်တွင် သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) နှင့် မျက်နှာချင်းတူသော ကျောက်စိမ်းရုပ်ပွားတော်ကြီးကို ထုလုပ်ကိုးကွယ်ခြင်းမှာ အထင်ရှားဆုံးယတြာဖြစ်သည်” ဟု ထိုစာအုပ်တွင် ရေးသားဖော်ပြထားသည်။ 

Show More

Related Articles

Back to top button