
ကချင်ပြည်နယ်ရှိ ဖားကန့်ကျောက်စိမ်းနယ်မြေတွင် ယနေ့နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ ကျော်မျောပါပြီး ယနေ့ (ဇူလိုင် ၂ ) ညနေပိုင်းအချိန်အထိ ရုပ်အလောင်း ၁၂၅ လောင်းခန့် ရှာဖွေတွေ့ရှိထားသည်။
ယနေ့ နံနက် ၆ နာရီခွဲခန့်အချိန်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝေခါကျေးရွာရှိ မြန်မာတကောင်းကုမ္ပဏီ ကျောက်လုပ်ကွက်အတွင်းရှိ ပေတစ်ထောင်ခန့် မတ်စောက်မြင့်မားသည့် မြေစာပုံ ပြိုကျခဲ့ခြင်းဖြစ်သည်။
မြေစာပုံပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၅၀ ခန့် ကို ဝေခါတိုက်နယ်ဆေးရုံနှင့် သုခအလင်းသစ်ဆေးခန်းများသို့ ပို့ဆောင်ထားသည်ဟု မြေပြိုကျရာ နေရာသို့ ရောက်ရှိနေသည့် ဒေသခံ ကိုနေမျိုးလင်းက Myanmar Now ကို ပြောသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များအနေဖြင့် ဇူလိုင် ၁ မှစ၍ သုံးလအထိ ပိတ်သိမ်းရန်နှင့် ခိုးယူတူးဖော်ခြင်းမပြုရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဇွန် ၂၆ တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
မြေပြိုကျမှုဖြစ်ပွားရာနေရာ၌ ယနေ့ညနေပိုင်းတွင် မြေထပ်မံပြိုကျနေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားသည်ဟု ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။
“မှော်(ကျောက်လုပ်ကွက်)တွေက ပိတ်ထားပေမယ့် မြေပြင်မှာတော့ တူးကြတယ်။ ရေမဆေးတွေက ညရော၊ နေ့ရော တူးကြတယ်။ ဝေခါမှာ ရှိတဲ့ ကျွန်တော်တို့ပါတီဝင်တွေလည်း ရေမဆေးလုပ်နေတာတွေ ရှိတယ်။ ဒီနေ့ ကမ်းပါးပြိုတော့ ၂၀၀ လောက် ပါသွားတယ်ဆိုတာက အသက်ဘေးက လွတ်လာတဲ့သူတွေပြောတာ”ဟု ဦးရွှေသိန်းက ပြောသည်။
မြေပြိုမှုအကြောင်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သို့သော်လည်း ဖားကန့်ကျောက်စိမ်းနယ်မြေတွင် ပြီးခဲ့သည့်ဇွန်လအတွင်း မြေပြိုမှု အနည်းဆုံး နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ဇွန် ၈ တွင် ဆိပ်မူကျေးရွာအုပ်စု၊ စမုံကျေးရွာတွင် ရွှံ့ကန်ပေါက်ပြီး ယာဉ်နှင့် စက်ယန္တရားများနစ်မြုပ်ခဲ့သည်။
ဇွန် ၂၃ ရက်ကဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် ရေမဆေးသမား ၂၀ ဦး မျောပါခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ဦးနှင့် ရုပ်အလောင်း နှစ်လောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ဖားကန့်ကျောက်စိမ်းနယ်မြေအတွင်း အဆိုးရွားဆုံးမြေပြိုမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကဖြစ်ပြီး လူ ၁၁၄ ဦးအထိ သေဆုံးသည်။
ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်လအတွင်းကလည်း နှစ်ကြိမ်တိုင် မြေပြိုမှုဖြစ်ပွားခဲ့သည်။ ဇူလိုင် ၁၄ တောင်ကမ်းပါးယံပြိုကျမှုတွင် လူ ၁၇ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် ၂၄ ရက်တွင် ထပ်မံဖြစ်ပွားသည့် ကမ်းပါးယံပြိုကျမှုတွင် လူ ၂၇ ဦး သေဆုံးခဲ့သည်။
Humanity Institute အဖွဲ့နှင့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ဖားကန့်)တို့ ရေးသားပြုစုထားသည့် “ဘဝနှင့်ရင်းသော ကျောက်စိမ်း” အမည်ရှိ အစီရင်ခံစာတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ငန်းလုပ်ကွက်များအတွင်း ၂၀၁၄ မှ ၂၀၁၈ အတွင်း မြေပြိုမှုများကြောင့် လူဦးရေ ၅၀၀ နီးပါး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
(ယနေ့ညနေပိုင်း ထပ်မံသိရှိရသော သတင်းအချက်အလက်များအရ ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းအရေအတွက်ကို ပြင်ဆင်ထားပါသည်)