
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်ခံရသူနှစ်ဦးကို မတ် ၂၃ က စတင်တွေ့ရှိပြီးနောက် ယခုအခါ သုံးလကျော် ကြာခဲ့ပြီ ဖြစ်သည်။
အခက်ခဲဆုံးနှင့် ရောဂါကူးစက်မှုအများဆုံးကာလများမှာ ဧပြီနှင့် မေလဆန်းအချိန်များ ဖြစ်ခဲ့ပြီးနောက် မေလလယ်ခန့်မှစ၍ ပြည်တွင်းကူးစက်မှုနှုန်း မရှိသလောက်လျော့ကျခဲ့သည်။ လက်ရှိဇွန်လနှောင်းပိုင်းတွင်မူ အသွားအလာများ ပုံမှန်နီးပါး ပြန်ဖြစ်လာခဲ့သည်။ စားသောက်ဆိုင်များ၊ ဆိုင်ခန်းများနှင့် စက်ရုံအလုပ်ရုံများလည်း ကူးစက်မှုကာကွယ်ရေး အစီအမံများဖြင့် ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်သည်။
ဇွန် ၂၉ အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း အတည်ပြုလူနာပေါင်း ၂၉၉ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦး သေဆုံးခဲ့သည်။
အခြေအနေသစ်တွင် နေသားကျရန် ကြိုးစားရင်း ပြည်သူများ ပြန်လည်သွားလာလှုပ်ရှားနေချိန်တွင် ကိုဗစ်နိုင်တင်းကာကွယ်ဆေးများမှာလည်း စမ်းသပ်ဆဲသာ ဖြစ်သဖြင့် ကူးစက်မှုလှိုင်း ထပ်ဖြစ်မည်ကို ကျန်းမာရေးပညာရှင်များနှင့် အာဏာပိုင်များက စိုးရိမ်နေကြသည်။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးကမူ ပြည်တွင်းကူးစက်မှုလျော့ကျသွားခြင်းသာဖြစ်ပြီး ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု ပြီးဆုံးသွားခြင်း မဟုတ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မမေ့လျော့သင့်ကြောင်း ပြောသည်။
“ဒီစည်းကမ်းတွေကို လိုက်နာပြီးတော့ ဒီလိုမျိုးနေထိုင်ဖို့အတွက် အလေ့အကျင့်က တော်တော်ကြီး လုပ်ခဲ့ရတာလေ။ ဖျက်ပစ်တာကသာ၊ ရပ်လိုက်တာကသာ လွယ်တာ။ ပြန်စဖို့ကျတော့ တော်တော်ခက်တယ်” ဟု ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောသည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန၌ ကိုဗစ်နိုင်တင်းလူနာများကို လက်ခံကုသရန် လက်ရှိ ပြင်ဆင်ထားမှုများမှာ ရောဂါပိုးကူးစက်မှု များပြားသည့် အချိန်ကကဲ့သို့ပင် ဖြစ်ပြီး ရုပ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဆေးရုံတွေကနေပြီးတော့ ရုပ်တယ်ဆိုရင်တော့ လူနာတကယ်နည်းသွားလို့ပဲ ဖြစ်လိမ့်မယ်။ အဲဒီလိုမျိုး အချိန်ကျရင်တော့ ပြန်ပြီးတော့ လွတ်လွတ်လပ်လပ် ပြန်ထွက်လို့ ရကောင်းရနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းလူနာတစ်ဦးကို ကုသပေးရင်း ဧပြီလက ရောဂါပိုးကူးစက်ခံခဲ့ရပြီး မေလနှောင်းပိုင်းတွင် ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံဆင်းလာခဲ့သူ ပြည်မြို့အထွေထွေရောဂါကုဆေးရုံမှ မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်ကလည်း လက်ရှိအခြေအနေအရ ၎င်းကို ရောဂါပိုးထပ်မံကူးစက်ခံရမည်ကို ပူပန်နေသည်ဟု ဆိုသည်။
“(ပြည်တွင်းကူးစက်မှု) က ပိုကြောက်ရတယ်။ ဘယ်ကမှ လာတာမဟုတ်ဘဲနဲ့ အထဲမှာပဲ ငုံနေတာ။ ပိုကြောက်ရတယ်” ဟု ဒေါ်မြင့်မြင့်စိန်က ပြောသည်။
ကိုဗစ်နိုင်တင်းစည်းကမ်းချက်များ တကယ်လိုက်နာကြရဲ့လား
ကိုဗစ်နိုင်တင်းရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစိုးရအဖွဲ့အစည်းများက ချမှတ်ထားသည့် ညွှန်ကြားချက်များကို ကိုဗစ်နိုင်တင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဇူလိုင် ၁၅ အထိလည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ ပျံသန်းဆင်းသက်ခြင်းကို ဇူလိုင် ၃၁ အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားများပြည်ဝင်ခွင့်ကန့်သတ်ခြင်းကို ဇူလိုင် ၃၁ အထိလည်းကောင်း အသီးသီး ထပ်တိုးသတ်မှတ်ခဲ့သည်။
အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း (Mask) ကို မဖြစ်မနေတပ်ရန် အာဏာပိုင်များနှင့် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသော်လည်း မလိုက်နာသူ အများအပြား ရှိနေသေးသည်။ ကူးစက်မှု၏ သုံးပုံနှစ်ပုံရှိသည့် လူဦးရေအထူထပ်ဆုံး စီးပွားရေးမြို့တော်ရန်ကုန်တွင် နှာခေါင်းစည်းမဝတ်သူများကို ဖမ်းဆီးအရေးယူမှု နေ့စဉ်ရှိနေသည်။

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရန် အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာရေးကော်မတီ ပူးပေါင်းကာ လိုက်လံစစ်ဆေးပြီးမှသာ ဖွင့်ခွင့်ပေးကြောင်း၊ စီးပွားရေးလုပ်ငန်းများ လည်ပတ်နေရန်လိုအပ်သလို ကျန်းမာရေးရှုထောင့်အရလည်း သတိပြုနေထိုင်ကာ သဟဇာတဖြစ်ရန် လိုအပ်သည်ဟု ပြည်သူများနှင့် ဆိုင်ပိုင်ရှင်များ စည်းကမ်းလိုက်နာရန် ဆောင်ရွက်မှုတွင် အဓိကတာဝန်ရှိသူများဖြစ်သည့် နယ်မြေအုပ်ချုပ်ရေးမှူးများက ဆိုသည်။
စည်းကမ်းလိုက်နာမှု မရှိပါက ပထမအကြိမ်တွင် သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် ဒဏ်ရိုက်ခြင်းနှင့် တတိယအကြိမ်တွင် ဆိုင်ကို ၇ ရက် သို့မဟုတ် ၁၀ ရက် ပိတ်သိမ်းခိုင်းသည်ဟု ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောသည်။ နှာခေါင်းစည်းမတပ်သဖြင့် ဗိုလ်တထောင်မြို့နယ်တွင် ဇွန် ၂၆ အထိ လူ ၁၀၆ ဦးကို အရေးယူထားသည်ဟုလည်း ၎င်းက ပြောသည်။
“အနေအထားကတော့ စိုးရိမ်စရာကောင်းပါတယ်။ Mask တပ်ပါဆိုပြီး ဖမ်းဆီးတဲ့အဖွဲ့တွေက လိုက်လံလှုံ့ဆော်ရင် အဲဒီအချိန်လောက်ပဲ။ တော်တော်များများက ဖမ်းဆီးတဲ့အဖွဲ့တွေ ပြန်သွားရင် အေးအေးဆေးဆေး ပြန်နေကြတာပဲ။ ပေါ့ပေါ့ဆဆနဲ့ နေကြတာများတယ်။ ဒီလိုအားနည်းချက်လေးတွေတော့ရှိတယ်” ဟု ၎င်းက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကလည်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ပိုင်ရှင်များသည် မိမိကိုယ်တိုင်အပါအဝင် ပြည်သူအများ၏ ကျန်းမာရေးအတွက် ညွှန်ကြားချက်များ မဖောက်ဖျက်ဘဲ စနစ်တကျ လိုက်နာသင့်သည်ဟု တိုက်တွန်းသည်။
နှာခေါင်းစည်းမတပ်ခြင်းနှင့် ညမထွက်ရအမိန့် ချိုးဖောက်သူများ အပါအဝင် ၎င်း၏ မြို့နယ်အတွင်း ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေးစည်းကမ်းချက်များကို ချိုးဖောက်သူ ၁၈၀ ဦးခန့်ကို အရေးယူခဲ့သည်ဟု ၎င်းက ပြောသည်။
“ဖြေလျှော့ာ့မှုတွေလုပ်တာကို အခွင့်ကောင်းတစ်ရပ်အနေနဲ့ အသုံးချ၊ ကိုယ်ကျိုးစီးပွားကို ဦးစားပေးရောင်းချမယ်ဆိုရင် ပိုပြီးတော့ အခြေအနေဆိုးနိုင်ပါတယ်။ ဒီရောဂါပိုးက မတွေ့တာနဲ့ လုံးဝပျောက်သွားတာ မဟုတ်သေးဘူး” ဟု ဦးအောင်ဝင်းက ပြောသည်။
သုံးလကျော်အတွင်း ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုအခြေအနေ