
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသား ၅ ဦးကို ယခုလ ၂၁ ရက်တွင် စစ်ကောင်စီ၏ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ထပ်ချလိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှိ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ ကုန်ထုတ်ဓာတုဗေဒ)၊ ကိုသီဟအောင် (ဒုတိယနှစ်၊ ဥပဒေ)၊ ကိုဟိန်းထက်ဇော် (ဒုတိယနှစ် ၊ မြန်မာစာ)၊ ကိုဖြိုးကောင်းထိုက် (ဘွဲ့ရ)၊ ကိုအေးမင်းထိုက် (တတိယနှစ်၊ ဓာတုဗေဒ) တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၀ (စျ)၊ ၅၄ တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်ချလိုက်ခြင်းဖြစ်သည်။
“မတရားသဖြင့် ထောင်ဒဏ်ကျခံရတဲ့အတွက် စကစတွေအပေါ် ပိုပြီးနာကြည်းပါတယ်။ ရတဲ့ဘက်ကနေ ဆက်ပြီး တော်လှန်နေဦးမှာပါ။ အဓိက အထဲက နိုင်ကျဉ်း (နိုင်ငံရေးအကျဉ်းသား) အားလုံး နေကောင်းကျန်းမာနေဖို့ပါပဲ” ဟု ကျောင်းသားများနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောင်းသားသမဂ္ဂ မြေပြင်သပိတ်ကော်မတီ တာဝန်ခံ ကိုကောင်းခန့်နိုင်၊ ကိုသီဟအောင်၊ ကိုဟိန်းထက်ဇော်၊ ကိုဖြိုးကောင်းထိုက်တို့ကို ၂၀၂၂ ဒီဇင်ဘာ ၂၆ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ -က (စျ)၊ ၅၁-ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၂၆ နှစ်စီ ချမှတ်ခဲ့သည်။
ယင်းနေ့မှာပင် ကိုအေးမင်းထိုက်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆-၁ တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
ထိုကျောင်းသား ၅ ဦးမှာ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း ရန်ကုန်မြို့၊ ဒေါပုံဘောလုံးကွင်းအနီး ဖမ်းဆီးခံရခြင်းဖြစ်ကာ စစ်ကြောရေးစခန်းတွင် နှစ်ပတ်ခန့်ကြာ ချုပ်နှောင်ခံခဲ့ရသည်။

၎င်းတို့ငါးဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်ကြောင်း ကြားသိရသော်လည်း အသေးစိတ် မသိရဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ (ဇူလိုင် ၂၅) ပြောသည်။
“ချမှတ်လိုက်တာ ဟုတ်တယ်လို့ သိရပါတယ်။ ၅၀ ဈ၊ ၅၄ ပုဒ်မ တွေနဲ့လို့ သိရပါတယ်။ ကျန်တဲ့အချက်အလက်ကို သေချာမသိရပါဘူး”
သက်ဆိုင်ရာ ကျောင်းသားများ၏ မိသားစုဝင်များနှင့် လတ်တလောတွင် အဆက်အသွယ် မရသေးပေ။
အလားတူ ထောင်ဒဏ် ၁၅ နှစ် ချခံထားရသော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား၊ ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဖြစ်သူ ကိုဉာဏ်ဝင်းထက်ကို ဇူလိုင် ၂၀ တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင် ၅ နှစ်စီ ထပ်မံ ချမှတ်ခဲ့သည်။
၎င်းသည် ယမန်နှစ် ဇွန်လအတွင်း ဖမ်းဆီးခံရပြီးနောက် ၆ လအကြာတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၈ နှစ်၊ ပုဒ်မ (၃) တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရကာ လက်ရှိတွင် စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသူများဖြစ်သော မရွှေရည်ဝင်း (ဒုတိယနှစ်၊ ဥပဒေပညာ) ကို ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မဆုရည်လင်းကို ပုဒ်မ ၅၀၅(က) ဖြင့် ထောင် ၃ နှစ်အပြင် ပုဒ်မ ၄၂၀(က) နှင့် ၄၆၈ တို့အတွက် တစ်ပေါင်းတည်း ၂ နှစ်ကျခံစေရန် ယမန်နှစ် ဒီဇင်ဘာအတွင်း ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်။
အာဏာသိမ်းသည့် ၂ နှစ်ကျော်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် ဗကသကျောင်းသား ၁၃ ဦး သေဆုံးခဲ့ရပြီး ထောင်ချခံထားရသူ ကျောင်းသား ၃၀ ကျော်ရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ထံမှ သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခုနှစ် ဇူလိုင် ၂၄ အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃၉၉၀ ရှိပြီး ထိုအထဲမှ ၁၉၆၀၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၆၉၂၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)