သတင်း

ဒေါပုံမြို့နယ် ဗကသဥက္ကဋ္ဌကျောင်းသားကို ထောင် ၁၅ နှစ်ချ

အင်းစိန်ထောင်တွင် အကျဉ်းချခံနေရသည့် ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုဉာဏ်ဝင်းထက်ကို အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲဆိုပြီးနောက် စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ် ချလိုက်သည်။

အသက် ၂၁ နှစ်အရွယ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြစ်သည့် ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၈ နှစ်၊ ပုဒ်မ ၃ ဖြင့် ၇ နှစ် ကျခံရန် ယမန်နေ့ (ဒီဇင်ဘာ ၂၇) အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် စိတ်ပညာဌာနတွင် ဒုတိယနှစ် တက်ရောက်နေသူဖြစ်ပြီး ယခုနှစ် ဇွန်လကုန်ပိုင်းက ဒေါပုံမြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သူနှင့်အတူ အဖမ်းခံရသူ အခြားကျောင်းသား ၃ ဦးလည်း စစ်ကောင်စီက ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်သည်။

“စစ်သုံးစစ်အမြစ်ပြတ်ရေး၊ ဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် ဗကသများအဖွဲ့ချုပ်အနေနဲ့ လူထုတိုက်ပွဲတွေကို အရှိန်မြှင့်ဖော်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားတစ်ဦးက ယခုအမိန့်ချခံရမှုနှင့် ပတ်သက်၍ ပြောသည်။

ကိုဉာဏ်ဝင်းထက်သည် ယခုအမိန့်ချခံရသည့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်ပင် ဖောက်ခွဲရေးဆိုင်ရာဥပဒေပုဒ်မ ၃ ဖြင့် ထပ်မံတရားရင်ဆိုင်နေရသည်ဟု ဗကသများအဖွဲ့ချုပ်ဘက်က ဆိုသည်။ ပေါက်ကွဲစေတက်သော ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ သည် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသား ၄၀ ကျော်ကို ဖမ်းဆီးထားပြီး ထောင်ဒဏ် ၂ နှစ်မှ ၁၅ နှစ်ထိ ချမှတ်ခံထားရသူများရှိသည်။

နိုဝင်ဘာ ၃၀ ကလည်း ကမ္ဘာ့ဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်သည်ဆိုကာ ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးကို သေဒဏ်အမိန့်ချမှတ်ထားသည်။ ထိုကျောင်းသားများ၏မိသားစုဝင်များက ပြစ်ဒဏ်လျော့ပေါ့ပေးပါရန် အသနားခံစာများတင်ထားသော်လည်း ယနေ့အထိ အကြောင်းမထူးသေးပေ။

ကျောင်းသားများ ဖမ်းဆီးခံရမှု၊ သေဒဏ်ပေးခံရမှုများနှင့် ပတ်သက်၍ “ဖက်ဆစ်စစ်တပ်ရဲ့ ဒီလုပ်ရပ်ဟာ မတရားအကြမ်းဖက် ဖမ်းဆီးထောင်ချတာပဲ ကျွန်တော်တို့ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖို့ အားစိုက်လုပ်သွားမယ်” ဟု ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button