အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗကသ ခေါင်းဆောင်ဟောင်း ကိုဂျိမ်းစ်ကို ထောင် ၅ နှစ်ထပ်ချ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ကိုဂျိမ်းစ် (ခေါ်) ကိုလင်းထက်နိုင်ကို ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) တွင် စစ်ကောင်စီလက်အောက်ခံ ဗိုလ်တထောင်ခရိုင်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ) အမှုအတွက် အလုပ်ကြမ်းပါရှိခြင်း၊ မပါရှိခြင်းနှင့် ယခင်ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့် ရှိ၊ မရှိတို့ကို မသိရသေးကြောင်း ကိုဂျိမ်းစ်၏ ဇနီးသည် မဖြိုးဖြိုးအောင်က ဆိုသည်။ 

“ဒီမိုကရေစီရေးကာကွယ်လှုပ်ရှားတဲ့သူ၊ တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေးဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင်၊ အကြမ်းဖက်ပုဒ်မအမှုနဲ့ပါ မတရားအမှုဆင် ဖမ်းဆီးထောင်ချတာပဲဖြစ်တယ်” ဟု မဖြိုးဖြိုးအောင်က ပြောသည်။ 

ယခုလ ၆ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အပြီးသတ်အမိန့်ချမှတ်ရန် စီစဉ်ထားခဲ့သော်လည်း ထို့နေ့တွင် ရုံးထုတ်လာခြင်းမရှိဘဲ အကြောင်းပြချက်မရှိ ရက်ရွှေ့လိုက်ပြီး တစ်ပတ်အကြာတွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

၂၀၂၂၊ ဒီဇင်ဘာလ ၇ ရက်နေ့က ကျောက်တံတားမြို့နယ်၊ အင်းစိန်ထောင်တွင်းတရားရုံးက ကိုလင်းထက်နိုင်ကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းမပါ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပြီးဖြစ်သည်။

ထို့အတွက် ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကျခံရမည့် ထောင်ဒဏ်မှာ စုစုပေါင်း ၈ နှစ်ဖြစ်လာသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်အတွင်း ကိုလင်းထက်နိုင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးက ၎င်းကို စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းစ်၏ နိုင်ငံရေးဖြတ်သန်းမှု

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ကိုလင်းထက်နိုင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၁၄၃၊ ၁၄၅၊ အသင်းအဖွဲ့ဥပဒေပါ ပုဒ်မ ၆၊ ၇ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရကာ ၂၀၁၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် ကိုလင်းထက်နိုင်သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၅၀၅ (ခ) ဖြင့် ၆ လကြာ တရားရင်ဆိုင်ခဲ့ရသည်။

၂၀၂၀ ခုနှစ်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သည်ဆိုကာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ထောင်ဒဏ် ၆ လ ကျခံခဲ့ရပြီး စစ်တပ်က အာဏာသိမ်းရန် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် လွတ်မြောက်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ကိုလင်းထက်နိုင် ထပ်မံဖမ်းဆီးခံခဲ့ရသည်။

အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရသည့် သားဖြစ်သူ ကိုဂျိမ်းစ်ကို ထောင်ဝင်စာသွားပို့သည့် မိခင်သည်လည်း ထောင်တွင်း ဗုံးပေါက်ခြင်းကြောင့် နေရာတွင်ပင် သေဆုံးခဲ့ရသည်။

၂၀၂၂ အောက်တိုဘာ ၁၉ နံနက် ၉ နာရီခန့်က ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာဌာနတွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားဖွယ် ပေါက်ကွဲမှုတွင် ထောင်ဝင်စာ လာရောက်ပို့ဆောင်သူ ပြည်သူ ၅ ဦးနှင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး သေဆုံးခဲ့သည်။ ထိုသေဆုံးမှုတွင် ကိုဂျိမ်းစ်၏ မိခင် ဒေါ်ကြည်ကြည်မြင့် (ခေါ်) ဒေါ်ကြီးမြင့် ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၁၃ ထုတ်ပြန်ချက်အရ စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားသူ ၁၅၁၁၇ ဦးရှိသည်။၊ ၎င်းတို့အနက်မှ ၃၇၁၃ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button