ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း လက်နက်ကြီးကျည် ကျသဖြင့် တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၎င်း၏ ဖခင်ဖြစ်သူနှင့် နှစ်နှစ်အရွယ် သမီးငယ်လည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ပြိုင်းတောင် (ခေါ်) ဇင်းခါမကျေးရွာအုပ်စုရှိ ဒေသအခေါ် အဇာလာ မွတ်စလင်ကျေးရွာတွင် ဇွန် ၂၅ ည ၇ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများသည် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလအောင် က Myanmar Now ကိုပြောသည်။
“လက်နက်ကြီးက ဘယ်ကနေပစ်တယ်ဆိုတာက ညဆိုတော့ မမြင်ရဘူးလေ။ ဘယ်ဘက်ကပစ်တယ်ဆိုတာကို ပြောဖို့ခက်တယ်။ သူတို့ပြောတာက အပေါ်ကကျလာတယ်လို့ ပြောပါတယ်။ အဲဒီနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူးလို့ပြောတယ်” ဟု ၎င်းက ပြောသည်။
ကျည်စထိမှန်ပြီးသေဆုံးသွားသည့် ကလေးငယ်မှာ အသက် တစ်နှစ်ခွဲခန့်အရွယ် မိုဟာမတ်အီနုရ်ဖြစ်ပြီး၊ ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် ဖခင်ဖြစ်သူမှာ ၂၈ နှစ်အရွယ် မာမတ်အီနုစ်ဖြစ်ကာ ၎င်း၏ အသက်နှစ်နှစ်အရွယ် သမီးငယ်သည်လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ဆိုသည်။
လမ်းလျှောက်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ခဲ့ရာ သားဖြစ်သူကလေးငယ်မှာ ထိုနေရာ၌ပင် သေဆုံးခဲ့သည်။ ဖခင်ဖြစ်သူမှာ ညာဘက်ပေါင်တွင် ဒဏ်ရာပြင်းထန်သောကြောင့် သတိလစ်သွားခဲ့သည်ဟု အဆိုပါအဇာလာကျေးရွာ ဒေသခံများက ပြောသည်။
ဒဏ်ရာရရှိသွားသူကို ညတွင်းချင်း ဆေးရုံပို့ဆောင်ရန် ကြိုးစားခဲ့သော်လည်း ဘူးသီးတောင်မြို့ပေါ်နှင့် ပြိုင်းတောင်ကျေးရွာအုပ်စုမှာ ၁၆ မိုင်ခန့်ဝေးပြီး လမ်းခရီးအဆင်မပြေမှုကြောင့် ဇွန် ၂၆ နံနက်မှသာ ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အဇာလာကျေးရွာမှ အမည်မဖော်လိုသည့် ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“ကျနော်တို့က အသံကြားလို့ သွားကြည့်တာ။ အိမ်ခေါင်မိုးမှာလည်း အပေါက်ရှိတယ်။ လက်နက်ကြီးက နေအိမ်ပျဉ်ကိုဖောက်သွားတယ်။ ကျနော်တို့ဓာတ်ပုံလည်း ရိုက်ထားပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါပြိုင်းတောင်ကျေးရွာအုပ်စုတွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ ပထမဆုံးအကြိမ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟုလည်း အဆိုပါကျေးရွာရပ်မိရပ်ဖက ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ကျေးရွာမှ ရပ်မိရပ်ဖများနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာသားအချို့ကို ညောင်ချောင်းနယ်ခြားစောင့်ရဲကင်းစခန်းက ဇွန် ၂၆ တွင် ခေါ်ယူစစ်ဆေးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွှတ်မပေးသေးကြောင်းလည်း သိရသည်။
“သူတို့ကခေါ်ပြီးတော့ လက်နက်ကြီးအစတွေ ဘယ်မှာလည်းဆိုပြီးတော့ မေးတယ်။ မင်းတို့မှာ လက်နက်ကြီးကျည်ကျလို့ ပေါက်ကွဲတယ်ဆိုရင် လက်နက်ကြီးအစတွေကို ပေးရမယ်။ မပေးလို့မရဘူး။ မင်းတို့လိမ်တယ် ဘာညာဆိုပြီးတော့ ညအချိန်လည်း ရဲစခန်းမှာထားတယ်။ အခုလည်း ရဲစခန်းမှာထားတယ်။ အခု ထမင်းစားဖို့ လွှတ်တဲ့အချိန် ညောင်ချောင်းစျေးကိုရောက်လို့ ဖုန်းပြောလို့ရတာပါ” ဟု အမည်မဖော်လိုသည့် အဆိုပါ အဇာလာကျေးရွာသားက Myanmar Now ကို ပြောသည်။
ဘူးသီတောင်မြို့နယ် ခမီချောင်းကျေးရွာရှိ မူလတန်း(လွန်) စာသင်ကျောင်းအတွင်း ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်နေသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၁ ဦးဒဏ်ရာရရှိခဲ့သည်။