ဆောင်းပါးရွေးကောက်ပွဲ

၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ အခရာကျတဲ့ Facebook ရဲ့အခန်းကဏ္ဍ

မြန်မာနိုင်ငံမှာ အသုံးပြုသူ ၂၂ သန်းကျော်အထိရှိလာတဲ့ Facebook လူမှုကွန်ရက်ဟာ အသုံးပြုသူတွေရဲ့ နေ့စဉ်လူမှုဘဝအတွက် အရေးပါလာသလို ဒီကွန်ရက်ပေါ်က အမုန်းစကား လှုံ့ဆော်မှုတွေနဲ့ သတင်းတု သတင်းမှားတွေဟာလည်း လူမှုဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ပြန်ရှိလာပါတယ်။

အမုန်းစကားနဲ့ သတင်းတု သတင်းအမှားတွေဟာ ရွေးကောက်ပွဲကာလ နီးလာချိန်ဆိုရင် ပိုပြီးသတိပြုရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အမုန်းစကားနဲ့ သတင်းတု သတင်းမှားတွေကို Facebook ပေါ် ဖြန့်ဝေပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

Cambridge Analytica ဆိုတဲ့ ဗြိတိန်အခြေစိုက် သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီကတစ်ဆင့် Facebook လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရုရှားဟက်ကာတွေက ရယူပြီး ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ ပါတီတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေခြင်းနဲ့ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံရေးအရ စွက်ဖက်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်က အကြီးမားဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။

Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကုမ္ပဏီက လုံခြုံအောင် မကာကွယ်ပေးထားတဲ့အတွက် ရွေးကောက်ပွဲကာလလိုမျိုးမှာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက အလွယ်တကူ စွက်ဖက်နိုင်ခဲ့တာကြောင့် Facebook အနေနဲ့ တာဝန်ရှိတယ်လို့ဆိုပြီး Facebook ရဲ့ CEO Mark Zuckerberg ဟာ အမေရိကန် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံခဲ့ရပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီလိုမျိုး စွပ်စွဲခံခဲ့ရတဲ့ Facebook ဟာ မြန်မာနိုင်ငံမှာလည်း လွှမ်းမိုးမှုအများဆုံး လူမှုကွန်ရက်ဖြစ်ပေမယ့် အမုန်းစကားဖြန့်ဝေမှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ဘူးလို့ အပြင်းအထန် ဝေဖန်ခံထားရပါတယ်။ မကြာခင်ရောက်လာတော့မယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေရဲ့ အလားတူ ဝင်ရောက်စွက်ဖက်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဘက်လိုက်မှု

Facebook က သူတို့ချမှတ်ထားတဲ့ လူမှုစံနှုန်းနဲ့ မညီတဲ့ အကြောင်းအရာတွေကို ဖြုတ်ချအရေးယူမှုတွေမှာ နိုင်ငံ‌ရေး၊ လူမှုရေးနဲ့ ဘာသာရေးအရ ဘက်လိုက်မှုတွေရှိတယ်လို့ အတိုက်အခံနိုင်ငံရေးသမားတချို့နဲ့ နိုင်ငံရေးပါတီတချို့က ပြောဆိုနေကြပါတယ်။

အစိုးရအဖွဲ့ဝင်တွေရဲ့ ဘွဲ့အတု၊ ဆုအတုတွေအကြောင်းနဲ့ ရာထူးဝန်အဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ တက္ကသိုလ်အတုတွေအကြောင်း ရေးသားခဲ့တဲ့ ကိုနေယံဦးက ဒီလိုမျိုး ဘွဲ့အတုတွေအကြောင်းနဲ့ အစိုးရကို Facebook ပေါ်မှာ ဝေဖန်ရေးသားတဲ့အခါ ဖြုတ်ချခံရတာ၊ ပြသမှုနှုန်းတွေလျှော့ချခံရတာတွေ ရှိတယ်လို့ Myanmar Now ကို ပြောပါတယ်။

ရာထူးဝန်အဖွဲ့ကြောင့် ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ လွှတ်တော်ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာ ထွက်လာခဲ့ပြီးတဲ့နောက်မှာ ကိုနေယံဦးအနေနဲ့ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ရာထူးဝန်ဥက္ကဋ္ဌကို အစိုးရအဖွဲ့ဆီနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့‌ပေမယ့် အရေးမယူခဲ့တာကြောင့် တရားစွဲဖို့ အွန်လိုင်းကနေ လက်မှတ်ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုလက်မှတ်ကောက်ခံတာနဲ့ ပတ်သက်ပြီး ကိုနေယံဦးတင်ထားတဲ့ အကြောင်းအရာကို Facebook က ဖြုတ်ချခဲ့တယ်လို့ ဆိုပါတယ်။

“Facebook က ဘာလုပ်လဲဆိုတော့ ဦးဝင်းသိန်းကို တရားစွဲမယ်ဆိုတဲ့ ပို့စ်ကိုဖြုတ်ချလိုက်တယ်ပေါ့။ သူတို့ရဲ့ လူမှုစံနှုန်းနဲ့ မညီဘူးဆိုပြီး ဖြုတ်ချလိုက်တယ်။ ပိုဆိုးတာက ဘာပါထပ်လုပ်လည်းဆိုတော့ ကျွန်တော့ရဲ့ Page ကို လူတွေကို ပေးမပြတော့ဘူး။ နဂိုတုန်းက သိန်းနဲ့ချီ သောင်းနဲ့ချီရောက်နေတဲ့ Page က အခု ထောင်ဂဏန်းမပြောနဲ့ ရာဂဏန်းရောက်ဖို့တောင် တော်တော်ကြိုးစားရတယ်” လို့ ကိုနေယံဦးက ပြောပါတယ်။

ကိုနေယံဦးကတော့ Facebook ရဲ့ ဘက်လိုက်မှုရှိနိုင်တဲ့ ဒီလိုမျိုး သံသယဝင်စရာ အဖြစ်အပျက် ကြုံတွေ့ခဲ့ရပြီး သူကိုယ်တိုင် အတိုက်အခံ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အရွေးခံဖို့လည်း ရှိတာကြောင့် ရွေးကောက်ပွဲမှာ Facebook ရဲ့ ဘက်လိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေပါတယ်။

“အတိုက်အခံနိုင်ငံရေးသမားတွေကို သူတို့ လူမှုစံနှုန်းနဲ့မညီဘူး ဆိုပြီးတော့ ဖြုတ်ချတယ်။ သူတို့ရေးတဲ့စာတွေကို လူတွေဆီပေးမပြဘူး။ အစိုးရအဖွဲ့ကို ဝေဖန်တဲ့သူတွေရဲ့ ပါးစပ်ကို ပိတ်တယ်ဆိုရင်တော့ ဘက်လိုက်မှုတွေ ရှိနိုင်တာဖြစ်တဲ့အတွက် Facebook အဖွဲ့ကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ကြိုးစားပေးဖို့ လိုတယ်လို့ထင်တယ် ” လို့ ကိုနေယံဦးက ပြောပါတယ်။

ဒီစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး Facebook ကို Myanmar Now က  အီးမေးကတစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ Facebook က ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ပါတယ်။

“ဒီပြောကြားချက်တွေက မမှန်ပါဘူး။ ကျွန်တော်တို့ရဲ့ လူမှုစံနှုန်းတွေက Facebook ပေါ်မှာ ဘယ်အရာကို ခွင့်ပြုတယ် ဘယ်အရာကိုတော့ ခွင့်မပြုဘူးဆိုတာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပါ။ ဒီလူမှုစံနှုန်းကို ချိုးဖောက်တဲ့အကြောင်းအရာဆိုရင် ဖယ်ရှားသွားမှာပါ” လို့ Facebook က Email ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

Facebook ရဲ့ ပြည်သူ့ရေးရာမူဝါဒ အရှေ့တောင်အာရှရေးရာ ဒါရိုက်တာ မစ္စတာရက်ဖေးလ်ဖရန်ကယ် (Rafael Frankel) ကလည်း Facebook လူမှုကွန်ရက်စံနှုန်းအနေနဲ့ အားလုံးအတွက် အတူတူပဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံတကာအဖွဲ့တွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ လုပ်နေတဲ့အတွက် ဘယ်သူ့ကိုမဆို အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သုံးသပ်စစ်ဆေးတာ ဖြုတ်ချတာတွေဟာ အတူတူပဲဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးကော်မတီက Facebook တွင် တင်ထားသည့်အကြောင်းအရာတစ်ခု (ဓာတ်ပုံ- ဖြိုးထက်အောင်/ Myanmar Now)

Facebook အနေနဲ့ကတော့ မြန်မာနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေအတွက် သီးသန့်မူဝါဒချ လုပ်‌ဆောင်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ လည်း ပူးပေါင်းဆောင်ရွက်နေပြီး ကော်မရှင်အတွက် အထောက်အကူဖြစ်မယ့် နည်းပညာတွေ အသုံးချတတ်စေဖို့ လမ်းညွှန်ပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအတွက်လည်း Facebook က “အထူးအဖွဲ့” တစ်ဖွဲ့ကို တာဝန်ပေးထားပြီး အပတ်စဉ် ဒါမှမဟုတ် ပိုပြီးတော့လည်း အဖွဲ့ဝင်တွေအနေနဲ့ တွေ့ဆုံမှုတွေ ရှိတယ်လို့ မစ္စတာရက်ဖေးလ်ဖရန်ကယ်က ပြောပါတယ်။

“ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ပူးပေါင်းပြီးတော့ နိုင်ငံရေးသမားတွေ စိုးရိမ်မှုရှိတဲ့၊ အများပြည်သူ စိုးရိမ်မှုရှိတဲ့ အကြောင်းအရာတွေကတော့ ကြော်ငြာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ အပါအဝင် ကြော်ငြာတွေကို Facebook ကနေ ဘယ်လိုစီမံခန့်ခွဲလဲဆိုတဲ့ကိစ္စ ပါဝင်ပါတယ်” လို့ မစ္စတာ ရက်ဖေးလ်ဖရန်ကယ်က Myanmar Now ကို ပြောပါတယ်။

နိုင်ငံရေးပါတီတွေကိုလည်း Facebook ရဲ့ လူမှုစံနှုန်းတွေအကြောင်းနဲ့ Facebook ကို တာဝန်ခံမှုရှိစွာ အကျိုးရှိရှိ အသုံးချနိုင်ဖို့ သင်တန်းပို့ချတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ နိုင်ငံရေးပါတီပေါင်း ၄၀ ရဲ့ Facebook စာမျက်နှာတွေကို ပါတီရဲ့ Facebook စာမျက်နှာအစစ်ဖြစ်ကြောင်း အပြာရောင်အမှန်ခြစ်နဲ့ အတည်ပြုပေးထားတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေရဲ့ Facebook စာမျက်နှာတွေကိုလည်း ဆက်လက်အတည်ပြုပေးသွားမယ်လို့ မစ္စတာ ရက်ဖေးလ်ဖရန်ကယ်က ပြောပါတယ်။

နိုင်ငံရေးကြော်ငြာ

အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ အင်တာနက်ပေါ်မှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေကိုလည်း မြင်တွေ့လာရပါပြီ။ လတ်တလောမှာတော့ Facebook ပေါ်မှာ အခကြေးငွေပေးပြီး ကြော်ငြာမယ်ဆိုရင် သာမန်စီးပွားရေးကြော်ငြာတွေနည်းတူ All Ads ဖြင့်သာ ကြော်ငြာနိုင်သေးတာပါ။ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဆိုင်ရာကြော်ငြာမျိုးတွေအတွက် သီးသန့်ဖြစ်တဲ့ Electoral or Political Ads ကိုတော့  သုံးလို့မရသေးပါဘူး။

ဩဂုတ်လထဲမှာတော့ Electoral or Political Ads ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်လိမ့်မယ်လို့ Facebook က မီဒီယာတွေနဲ့ ဇွန် ၁၆ အွန်လိုင်းတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်အသုံးစရိတ်ကို ကန့်သတ်ထားပြီး ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်တင်ပြရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် ကိုယ်စားလှယ်လောင်းတစ်ဦးက Facebook ပေါ်မှာ Electoral or Political Ads နဲ့ ကြော်ငြာမယ်ဆိုရင် သူတို့ သုံးစွဲထားတဲ့ ငွေကြေးပမာဏ၊ လူဦးရေနဲ့ ဘယ်ဒေသက လူတွေကို ဦးတည်ကြော်ငြာထားတယ်ဆိုတာကို  Facebook အသုံးပြုသူတိုင်း Ad Library မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေကြေးသုံးစွဲခဲ့တဲ့ နိုင်ငံရေးကြော်ငြာပို့စ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ခုနစ်နှစ်ကြာတဲ့အထိ Ad Library ထဲမှာ Facebook က ဖော်ပြထားမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံရေးကြော်ငြာများအတွက် အသုံးပြုထားသည့် ငွေကြေးပမာဏ နမူနာ

အမုန်းစကား

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်‌တော်မှာ ကြားနာတဲ့အခါမှာလည်း မြန်မာနိုင်ငံမှာ အမုန်းစကားပျံ့နှံ့မှုစေခဲ့မှုအပေါ် Facebook ရဲ့ တာဝန်ရှိမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။

Facebook က ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့စစ်တမ်း တစ်ခုအရ မြန်မာနိုင်ငံအတွင်း မြေပြင်ပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် သူ့ရဲ့ ကွန်ရက်ကို အသုံးချ လှုံ့ဆော်သွေးထိုးနေတာတွေကို Facebook ကိုယ်တိုင်က ၂၀၁၈ မတိုင်ခင်အထိ အကာအကွယ် မပေးနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို လွတ်လပ်ပြီး အကျိုးအမြတ်မဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BSR (Business for Social Responsibility) ကို တာဝန်ပေးပြီး Facebook က ဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို Facebook က သဘောတူ လက်ခံပြီး ဒီကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်လို့ ဝန်ခံထားပါတယ်။

အွန်လိုင်းပေါ်က အမုန်းစကားတွေကြောင့် မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိပါတယ်။ အမုန်းစကားနဲ့ သတင်းတု သတင်းမှားတွေဟာ ပဋိပက္ခတွေဖြစ်စေဖို့ အန္တရာယ်ရှိရုံတင်မကဘဲ ရွေးကောက်ပွဲကို ထိခိုက်စေကြောင်း ရွေးကောက်ပွဲကော်မရှင်ကလည်း လက်ခံထားပါတယ်။

အမုန်းစကား၊ သတင်းတု၊ သတင်းမှားတွေ ဖြစ်လာရင် ၂၀၂၀ ရွေးကောက်ပွဲ ချောချောမောမော အောင်မြင်ဖို့ ခက်ခဲလာမယ်လို့လည်း ဖော်ဖော်ဝါရီ ၁ မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် မဲပေးမယ့်လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောဆိုခဲ့ပါတယ်။

“ဆိုရှယ်မီဒီယာပေါ်က တိုက်ခိုက်မှုတွေက ဒီမိုကရေစီဖြစ်စဉ်များကို ဆိုးဝါးစွာ ထိခိုက်စေတယ်ဆိုတာကို အားလုံးတွေ့ကြရမှာ ဖြစ်ပါတယ်။ မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအမုန်းစကားနဲ့ တိုက်ခိုက်မှုတွေ သတင်းအမှားထုတ်လွှင့်မှုတွေရှိခဲ့ရင် ရွေးကောက်ပွဲအပေါ်လည်း သက်ရောက်နိုင်တဲ့အတွက် ဝိုင်းဝန်းတားမြစ်ပေးကြဖို့ အားလုံးကိုမေတ္တာရပ်ခံအပ်ပါတယ်” လို့ သူကပြောပါတယ်။

Facebook ပေါ်မှာ မြန်မာဘာသာနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကို အဓိက စိစစ်ဖို့ မိခင်ဘာသာစကားအဖြစ် မြန်မာစကားပြောသူ အယောက် ၁၀၀ ခန့်ကို ၂၀၁၈ နောက်ပိုင်းမှာ ခန့်အပ်ထားတယ်လို့ Facebook က ဆိုပါတယ်။ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ အမုန်းစကားမြောက်တဲ့ အကြောင်းအရာပေါင်း ၅၁,၀၀၀ ခန့်ကို Facebook ပေါ်ကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအထဲက ၈၃ ရာခိုင်နှုန်းဟာ အသုံးပြုသူတွေက Report မလုပ်ခင်ကတည်းက Facebook ရဲ့ အကြောင်းအရာစိစစ်သူတွေက ရှာဖွေဖယ်ရှားပစ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မြေပြင်မှာတော့ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေတဲ့အထိ လှုံ့ဆော်ရေးသားနေတဲ့ အကြောင်းအရာတွေက Facebook ပေါ်မှာ ရှိနေဆဲပါ။ အကြောင်းအရာစိစစ်သူတွေက မြန်မာနိုင်ငံရဲ့ နောက်ခံအကြောင်းအရာတွေကို ခြုံငုံနားလည် သဘောမပေါက်ထားဘူးဆိုရင် အကြောင်းအရာတစ်ခုက အမုန်းစကား မြောက်မမြောက် ပဋိပက္ခကို ဦးတည်မတည် ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Facebook ရဲ့ လူမှုစံနှုန်းကို ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ လူမှုကွန်ရက်ပေါ် လှုပ်ရှားမှုတွေကို စောင့်ကြည့်သုတေသနလုပ်နေတဲ့ ကိုမြတ်သူက ပြောပါတယ်။

“ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့အရာတွေ၊ လှုံ့ဆော်နေတဲ့ account တွေကို အရေးယူဖို့ဆိုရင် သူ့ရဲ့ လူမှုစံနှုန်းတွေက မလုံလောက်ဘူး။ နိုင်ငံအလိုက် သီးသန့်သတ်မှတ်ထားတဲ့ မူဝါဒ ရှိသင့်တယ်။ ဘာကြောင့်လဲဆို ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေက မတူလို့။ ထိုင်းမှာ ပြဿနာဖြစ်စေနိုင်တဲ့ အကြောင်းအရာနဲ့ မြန်မာနိုင်ငံမှာ ပြဿနာဖြစ်စေနိုင်တဲ့ အကြောင်းအရာက မတူဘူး” လို့ ကိုမြတ်သူက ပြောပါတယ်။

တိုင်းရင်းသား ဘာသာစကားတွေ၊ ဗန်းစကားတွေနဲ့ ရေးသားတဲ့ အမုန်းစကားတွေနဲ့ ပတ်သက်လို့ Myanmar Now က Facebook ကို မေးမြန်းတဲ့အခါမှာတော့ ရှမ်းနဲ့ ကချင် တိုင်းရင်းသားဘာသာစကားတွေ အပါအဝင် မြန်မာနိုင်ငံက အခြားတိုင်းရင်းသား ဘာသာစကားတွေနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကို စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။ တိုင်းရင်းသား ဘာသာစကားအားလုံးကို စိစစ်နိုင်ခြင်း ရှိမရှိကိုတော့ ပြည့်ပြည့်စုံစုံ တိတိကျကျ မပြောပါဘူး။

သတင်းတု သတင်းမှား

နိုင်ငံရေးပါတီတွေကြား တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးအရ တိုက်ခိုက်နေတဲ့ သတင်းတု သတင်းမှားတွေကို ရွေးကောက်ပွဲကာလ နီးလာတာနဲ့အမျှ ခပ်စိပ်စိပ် တွေ့လာရပြီလို့ ပြည်နယ်ဒေသတွေမှာ အခြေစိုက်ပြီး လူမှုကွန်ရက်အသုံးပြုမှုအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒေသဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ရေးသားနေတာကြောင့် Facebook အနေနဲ့ ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ ရွေးကောက်ပွဲတည်ငြိမ်ရေးကို ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ Facebook လူမှုကွန်ရက်ပေါ်မှာ မွန်ဘာသာစကားနဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေကို စောင့်ကြည့်လေ့လာနေတဲ့ RehMon အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပုဂ္ဂိုလ်ရေးအရ တိုက်တာလည်း တွေ့တယ်။ ကျွန်တော်တို့ Facebook ကို Report လုပ်တယ်။ ဒါ့ပေမယ် တချို့ဟာတွေဆို ဘာကြောင့် ဖြုတ်တယ် မဖြုတ်ဘူး ဆိုတာတောင် အကြောင်းပြန်တာမတွေ့ဘူး။ ကျွန်တော်တို့ ဘာသာစကားကို မစိစစ်နိုင်ဘူးလို့တော့ ကျွန်တော်တို့ ထင်တယ်။ ဒီလို မစိစစ်နိုင်တဲ့အတွက် ရွေးကောက်ပွဲနီးလာရင် ပြဿနာတွေ ရှိနိုင်တယ်” လို့ RehMon အဖွဲ့က ကိုဗညားက Myanmar Now ကို ပြောပါတယ်။

Facebook ပေါ်မှာ သတင်းတု သတင်းမှားတွေ ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ဖို့ နည်းလမ်းအသစ်တစ်ခုကို စမ်းသပ်လုပ်ဆောင်နေတယ်လို့ Facebook က ဆိုပါတယ်။ Facebook က သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်လုနီးဖြစ်နေတဲ့ ဓာတ်ပုံတွေကို Facebook အသုံးပြုသူတွေက မျှဝေဖို့ ကြိုးစားတဲ့အခါ “အသိပေးစာ” ပြသသွားမယ်လို့ Facebook က ဆိုပါတယ်။

ဒီလိုမျိုး အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ၂၀၂၀ နှစ်ဆန်းပိုင်းက စပြီး အချက်အလက်စစ်ဆေးတဲ့ ပြင်ပအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွက် Boom Myanmar, Fact Crescendo Myanmar, AFP Fact-Check (မြန်မာ) အဖွဲ့တွေက Facebook အတွက် သတင်းတု သတင်းမှားတွေကို စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ အဖွဲ့တွေက စစ်ဆေးပြီး သတင်းတု သတင်းမှားလို့ သတ်မှတ်လိုက်တာနဲ့ ယင်းအကြောင်းအရာပေါ်မှာ Facebook က အသိပေးစာ ဖော်ပြတာနဲ့ ပြသမှုနှုန်း လျှော့ချတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သတင်းမှားတွေကို ထပ်ခါတလဲလဲ တင်နေတဲ့ စာမျက်နှာတွေနဲ့ ဝက်ဆိုက်တွေရဲ့ ပြသမှုနှုန်း (Reach) လည်း လျော့သွားပြီး ကြော်ငြာပြသခွင့်နဲ့ ဝင်ငွေရနိုင်တဲ့ အခွင့်အလမ်းတွေလည်း မရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။

Facebook က သတင်းတု သတင်းမှားများကို ထိန်းချုပ်ရန် စမ်းသပ်လုပ်ဆောင်နေသည့် နည်းပညာအသစ် (Source: Facebook)

ကော်မရှင်က ရွေးကောက်ပွဲနေ့ကြေညာပြီး နိုင်ငံရေးပါတီတွေ တရားဝင်မဲဆွယ်စည်းရုံးခွင့် ရလာချိန်ဆိုရင် Facebook လူမှုကွန်ရက်ပေါ်မှာ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာဖွယ် ရှိပါတယ်။ 

ဒီလိုပိုပြင်းထန်လာနဲ့အမျှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကော်မရှင်ရဲ့ အခန်းကဏ္ဍတစ်ခုတည်းတင် မဟုတ်တော့ဘဲ လူမှုကွန်ရက်ပေါ်က သတင်းမှား သတင်းတုတွေ အမုန်းစကားတွေရဲ့ အနှောင့်အယှက်ကင်းကင်းနဲ့ ဘက်လိုက်မှု မရှိဘဲ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်မဖြစ်ကတော့ Facebook ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်စောင့်ကြည့်ရမှာပါ။

Show More

Related Articles

Back to top button