သတင်း

သုံးလအတွင်း အထည်ချုပ်စက်ရုံ ၇၀ ရာခိုင်နှုန်းကျော် ကုန်ပစ္စည်းအမှာမဲ့နိုင်

ကိုဗစ်နိုင်တင်း (Covid-19) ကမ္ဘာ့ကပ်ရောဂါဂယက်ကြောင့် နာမည်ကြီးအဝတ်အထည်ကုမ္ပဏီများအပါအဝင် နိုင်ငံတကာမှ အထည်ချုပ်မှာယူမှု ကျဆင်းခဲ့သဖြင့် လာမည့်သုံးလမှစ၍ ၇၀ ရာခိုင်နှုန်းသော အထည်ချုပ်စက်ရုံများ အော်ဒါ (အထည်ချုပ်အမှာစာ) မရှိနိုင်တော့ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ဆိုသည်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်းလက်အောက်တွင် အသင်းဝင်ကုမ္ပဏီပေါင်း ၆၅၁ ခုရှိပြီး အထည်ချုပ်စက်ရုံ အများစုမှာ ဇူလိုင်လကုန်အထိ ချုပ်လုပ်ရန် အထည်အော်ဒါရှိသော်လည်း စက်တင်ဘာလကုန်ပိုင်းတွင် ၃၀ ရာခိုင်နှုန်းအောက်သာ အော်ဒါရှိနိုင်တော့မည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ဂျာမနီအခြေစိုက် ဖွံ့ဖြိုးရေးအဖွဲ့အစည်း GIZ က ဦးဆောင်၍ ဇွန် ၂၄ ရက်တွင်ပြုလုပ်ခဲ့သည့် ကိုဗစ်နိုင်တင်းနှင့်ပတ်သက်သည့် အလုပ်သမားရေးရာ အွန်လိုင်းစကားဝိုင်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပိုင်ပိုင်နိုင်နိုင်ကိုင်နိုင်တဲ့အော်ဒါဟာ ဇူလိုင်လကုန်အထိပဲရှိတယ်။ ဩဂုတ်လကုန်အထိ အချို့စက်ရုံတွေရှိတယ်။ စက်တင်ဘာမှာ စက်ရုံတော်တော်များများက (အော်ဒါရရန်) မမြင်ကြပါဘူး။ ကျွန်မတို့ Survey (လေ့လာမှု) လုပ်နေတဲ့အခါမှာ ၃၀ ရာခိုင်နှုန်းအောက်စက်ရုံများသာလျှင် ရှေ့ဆက်ပြီးတော့ အော်ဒါရှိဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဒါဟာ တော်တော်စိုးရိမ်စရာကောင်းတဲ့ အနေအထားမျိုးပါ”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် နာမည်ကြီးအမှတ်တံဆိပ် Zara သည် ကမ္ဘာအနှံ့အပြားတွင်ဖွင့်လှစ်ထားသည့် ၎င်းပိုင်ဆိုင်ခွဲပေါင်း ၁၂၀၀ ကျော်ကို ပိတ်လိုက်သိမ်းခဲ့သည့်နည်းတူ အမေရိကန်ဖက်ရှင်ကုမ္ပဏီဖြစ်သည့် Forever 21 သည်လည်း လူမွဲစာရင်းတင်ရသည်အထိ အခက်တွေ့ခဲ့ရသည်။ အဆိုပါကုမ္ပဏီနှစ်ခု၏ အဝတ်အထည်အချို့ကို မြန်မာစက်ရုံများက ချုပ်လုပ်ပေးနေခြင်းဖြစ်သည်။

ကိုဗစ်နိုင်တင်းကြောင့် အထည်အလိပ်ကုန်ကြမ်းရှားပါးသည့်အပြင် နိုင်ငံတကာမှ အမှာအော်ဒါဖျက်သိမ်းခြင်း၊ ရပ်ဆိုင်းခြင်း၊ ချုပ်လုပ်ပြီးအထည်များတင်ပို့ခွင့်မရခြင်း၊ ချုပ်လုပ်ခမရခြင်းများကြောင့် ဝင်ငွေထိခိုက်လာသဖြင့် အလုပ်သမားလျှော့ချလာခဲ့ရသည်ဟု ဆိုသည်။ 

လက်ရှိအချိန်အထိ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီပိုင်စက်ရုံများတွင် အလုပ်သမား ၆၀,၀၀၀ ခန့် လျှော့ချခဲ့ရကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီပိုင်စက်ရုံများတွင် အလုပ်သမားပေါင်း ၄ သိန်း ၅ သောင်းခန့် ရှိသည်ဟု အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အသင်းဝင်မဟုတ်သည့် အခြားအထည်ချုပ်စက်ရုံများ အပါအဝင် မြန်မာနိုင်ငံရှိ ချည်ထည်စက်ရုံ၊ ဖိနပ်စက်ရုံနှင့် ဆက်စပ်ပစ္စည်းစက်ရုံများတွင် အလုပ်လုပ်ကိုင်နေသူ စုစုပေါင်း ၁ ဒသမ ၁ သန်းကျော် ရှိကြောင်း Investment Myanmar Summit 2019 အချက်အလက်များအရ သိရသည်။

လက်ရှိတွင် အထည်ချုပ်အော်ဒါမရရှိခြင်းကြောင့် စက်ရုံငယ်အချို့ပိတ်သိမ်းမှုရှိသော်လည်း စက်ရုံအများစုသည် ဩဂုတ်လအထိ လုပ်ငန်းလည်ပတ်နိုင်ကြောင်း အနာဂတ်အခြေအနေမှာမူ ကိုဗစ်နိုင်တင်းဖြစ်ပွားသည့် အချိန်ကြာမြင့်မှုအပေါ် မူတည်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။ 

မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂကပေးသည့် အကောက်အခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ်(GSP) ရရှိသဖြင့် ချုပ်လုပ်ပြီးအဝတ်အထည် ၇၀ ရာခိုင်နှုန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ ခုသို့ တင်ပို့နေပြီး ယင်းနိုင်ငံများတွင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှုကြာမြင့်သည်နှင့် အော်ဒါအမှာကျဆင်းနိုင်ပြီး မြန်မာ့အထည်ချုပ်လုပ်ငန်းအပေါ် ထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။

ကိုဗစ်နိုင်တင်းသက်ရောက်မှုကို ကုစားရန် အစိုးရက မတည်ထူထောင်သည့် အရေးပေါ်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလျံမှ လက်ခစားအထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးနေပြီး ချေးငွေလျှောက်လွှာပေါင်း ၄၂၀၀ ကျော်အနက် လုပ်ငန်း ၃၀၀၀ ကို ကျပ် ၈၆ ဘီလျံ ထုတ်ချေးပေးထားသည်။ 

ချေးငွေလျှောက်သည့် အထည်ချုပ်လုပ်ငန်းမည်မျှရှိသည်ကို အတိအကျမသိသော်လည်း‌ လက်ရှိအချိန်အထိ လက်ခစားအထည်ချုပ်လုပ်ငန်း ၃၉ ခုအတွက် ကျပ် ၅ ဒသမ ၆၆၂ ဘီလျံ ထုတ်ချေးပေးထားပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်ဆွေက Myanmar NOW ကို ပြောသည်။

ယင်းချေးငွေသည် အလုပ်သမားများလုပ်ခလစာပေးရန် စက်ရုံများလည်းရှေ့ဆက်လည်ပတ်နိုင်ရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်သည်။

နိုင်ငံတကာဝယ်လိုအားကျဆင်းသဖြင့် ပြည်တွင်းအထည်ချုပ်စက်ရုံအချို့သည် စျေးကွက်သစ်ရှာဖွေလာပြီး အဝတ်အထည်များချုပ်လုပ်ရာမှ ကပ်ဘေးကာလတွင် အသုံးတွင်ကျယ်လာသည့် နှာခေါင်းစည်း၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံစသည်တို့ကို ချုပ်လုပ်ရောင်းချမှုရှိကြောင်း လှိုင်သာယာစက်မှုဇုန် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးက Myanmar NOW ကိုပြောသည်။

သို့သော် နိုင်ငံတကာနည်းတူ မခန့်မှန်းနိုင်သည့်အခြေအနေကြောင့် ပြည်တွင်းစျေးကွက်တွင်လည်း ဝယ်လိုအားကျဆင်းနေသဖြင့် မည်မျှအထိ အကျိုးဖြစ်ထွန်းသည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းကဆိုသည်။

“စျေးကွက်ဝယ်လိုအားအပေါ်မှာ မူတည်မှာပဲခင်ဗျ။ စျေးကွက်ဝယ်လိုအားက တောက်လျှောက်ကျဆင်းနေရင် အလုပ်လက်မဲ့ပြဿနာကဖြစ်လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ကိုဗစ်နိုင်တင်းအကျပ်အတည်းကြောင့် နိုင်ငံတကာမှ အမှာလျှော့ချခံရသည့် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများအတွက် ဥရောပသမဂ္ဂက ယူရို ၅ သန်း(ကျပ် ၇ ဒသမ ၉ ဘီလျံ) ထောက်ပံ့ပေးမည်ဖြစ်ပြီး အလုပ်သမား ၃၀၀၀ မှ ၈၀၀၀ အထိ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၇၅,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ အထိ ပေးအပ်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလျံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button