သတင်း

သက်ငယ်မုဒိမ်းမှုဖြင့် ရဲကအလိုရှိနေသည့်ဘုန်းကြီး နှစ်နှစ်ကျော်အထိ လွတ်မြောက်နေဆဲ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သဇင်ကျေးရွာအုပ်စု၊ ရေသိုးကျေးရွာရှိ စိတ္တသုခဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ကျောင်းတက်နေသည့် မိန်းကလေးငယ်များကို တစ်နှစ်ဝန်းကျင်ကြာသည်အထိ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ဘုန်းကြီးဦးနန္ဒသီရိကို ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့သော်လည်း ယနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

နှစ်နှစ်ကျော်ကြာသည့်တိုင်အောင် ဦးနန္ဒသီရိ လွတ်မြောက်နေခြင်းမှာ ဧရာဝတီတိုင်းအတွင်း ရဲဝန်ထမ်းတစ်ဦးလျှင် ပြည်သူ ၁၄၇၁ ဦး တာဝန်ယူဆောင်ရွက်နေရသဖြင့် ဝန်ထမ်းအင်အားအခက်အခဲကြောင့်ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက Myanmar Now နှင့် ယခုလ ၁၂ ရက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“တရားခံဖမ်းဆီးရေးနဲ့ပတ်သက်လို့ရှိရင် တစ်ခုတင်ပြလို့တာက ရဲတပ်ဖွဲ့မှာ တာဝန်ရှိလားဆိုရင် တာဝန်ရှိပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူတစ်ယောက်ကို ဖမ်းဆီးဖို့ ပြည်သူတစ်ယောက်အနေနဲ့ ဆိုတာကလည်း သတင်းပေးဖို့ တာဝန်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို အဓမ္မပြုကျင့်ခဲ့သည့် ဘုန်းကြီးဦးနန္ဒသီရိကို ကလေးလေး ယောက်၏ မိဘများက ပုသိမ်မြို့နယ် သလပ်ခွာကျေးရွာ ရဲစခန်းတွင် ၂၀၁၈ ခုနှစ် ဧပြီလတွင် အမှုဖွင့်ခဲ့သည်။ စွပ်စွဲခံရသူ ဦးနန္ဒသီရိ(ခ)ဦးလူလေး(ခ)ဦးခင်မောင်ဦးကို တရားခံပြေးအဖြစ် ကြေညာထားကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဝရမ်းထုတ်ရှာဖွေနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံ တာဝန်ရှိသူက ပြောသည်။

အဓမ္မပြုကျင့်ခံခဲ့ရသည့် ကလေးငယ်များမှာ အခင်းဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်း အနီးဝန်းကျင်မှဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့် မိဘများက ကျောင်းမထားနိုင်သဖြင့် ပညာသင်ကြားရန် ဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား လာရောက်နေထိုင်ချိန်တွင် ကျောင်းထိုင်ဘုန်းကြီး ဦးနန္ဒသီရိ၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ကျောင်းရောက်ပြီးတစ်ပတ်ခန့်အကြာ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ကျောင်းထိုင်ဘုန်းကြီး၏ အဓမ္မလိင်ဆက်ဆံခြင်း ခံခဲ့ရသည်။ ကျောင်းထိုင်ဘုန်းကြီး ဦးနန္ဒသီရိက နေ့ညမရွေး ၎င်းဆန္ဒရှိသည့်အခါတိုင်း ‘ရဲဘော်တို့ ..မာဆက်’ ဆိုကာ အနင်းအနှိပ်ခိုင်းရင် အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ဦးနန္ဒသီရိကို အမှုဖွင့်ပြီး ငါးလကြာသည့်အချိန်က ထူးခြားမှုမရှိသဖြင့် အမှုဖွင့်ထားသည့် သလပ်ခွာနယ်မြေ ရဲစခန်းတွင် အမှုတွဲပြန်တောင်းခဲ့သော်လည်း ရဲစခန်းမှ ပေးအပ်ခဲ့ခြင်းမရှိကြောင်း တရားလိုတစ်ဦးဖြစ်သူ မသင်းသင်းက Myanmar Now ကို ပြောသည်။ 

“မမိသေးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရွာ တစ်ရွာလုံးလည်း ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရတာလည်း ပါတာပေါ့။ ဒီရွာမှာ ဒီလိုလုပ်သွားရင် နောင်တစ်ချိန်မှာကျ တစ်နေရာကိုရောက်သွားရင် သူဒီလိုမလုပ်ဘူးလို့ ဒီပုဂ္ဂိုလ်ကပြောလို့ မရဘူးလေ”ဟု ရေသိုးကျေးရွာတာဝန်ခံ ဦးစောဝင်းက ပြောသည်။

အိမ်ခြေ ၁၅၀ ခန့်ရှိ ရေသိုးကျေးရွာသည် အဆိုပါဖြစ်စဉ်အပေါ် စိတ်သဘောထားများ ညှိနှိုင်းမရတော့သဖြင့် ရွာနှစ်ခြမ်းကွဲသွားခဲ့ပြီး နောက်ရောက်လာသည့် ကျောင်းထိုင်ဘုန်းကြီးကိုလည်း အယုံအကြည်မဲ့နေကြသည်ဟု သိရသည်။

Show More

Related Articles

Back to top button