ဘုန်းကြီးကျောင်းငရဲခန်းမှာ လပေါင်းများစွာ

မတရားကျင့်ခံခဲ့ရသည်ဟူသော မိန်းကလေးတစ်ဦးကို မကြာသေးခင်က သူ၏ နေအိမ်အနီး တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)
မတရားကျင့်ခံခဲ့ရသည်ဟူသော မိန်းကလေးတစ်ဦးကို မကြာသေးခင်က သူ၏ နေအိမ်အနီး တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

ပုသိမ် — ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့သွားရာလမ်းဘေးရှိ အိမ်လေးတစ်လုံးတွင် ကျေးရွာ အုပ်ချုပ်ရေးခေါင်းဆောင်များနှင့် အမျိုးသမီးတချို့ ကြမ်းပြင်ပေါ်တွင် ထိုင်နေကြသည်။  သားရေကွင်းကို လက်ချောင်းများတွင် ရစ်ပတ် ဆော့ကစားနေသော ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း သူတို့နှင့်အတူ ရှိနေသည်။

ဤကလေး အပါအဝင် မူလတန်းကျောင်းသူ ၄ ဦး ရွာ၏ တစ်ပါးတည်းသောဘုန်းကြီး၏ ကျောင်းတွင် လပေါင်းအတန်ကြာ သွားရောက်နေထိုင်စဉ် လိင်ကျွန်ပမာ ပြုမူခံရမှုများ အကြောင်းကို ၎င်းတို့က ဝမ်းနည်းတုန်လှုပ်စွာ ပြောပြနေကြသည်။

ကလေးများ နေ့ခင်းဘက်တွင် စာသင်ကျောင်းသွား၊ ကျောင်းဆင်းလျှင် အနီးရှိ ဘုန်းကြီးကျောင်းသို့ ပြန်ကာ ဝေယျာဝစ္စ လုပ်ကိုင်၊ စာကျက်၊ အိပ်စက်နေသည်ဟု တစ်မိုင်ခန့်အကွာမှ မိဘများက ယူဆခဲ့ကြသည်။ အံ့သြထိတ်လန့်ဖွယ် ဖြစ်ရပ်များအကြောင်းက ကလေးများ နွေကျောင်းပိတ်ရက်အိမ်ပြန်ရောက်ပြီး ရက်အတန်ကြာမှ ပေါ်ပေါက်လာသည်။

ကလေးတို့၏ဖြစ်ရပ်အကြောင်း ရုတ်တရက် ကြားလိုက်ရသည့်နေ့ကဆိုလျှင် လွန်စွာ စိတ်ဆိုး၊ ဒေါသ ဖြစ်ခဲ့ရပြီး ဘုန်းကြီးကျောင်းသို့ အရောက်ပြေးသွားရန်ပင် စဉ်းစားမိသည်ဟု ဆယ်နှစ်သမီး၏မိခင်က ဆိုသည်။

“လူဆိုရင်တော့ အဲ့ဒီနေ့ကတည်းက ဓားနဲ့ တက်ခုတ်တယ်။ ဘုန်းကြီးဆိုတော့ လုပ်လို့မရဘူးလေ” ဟု ဆယ်နှစ်သမီး၏ မိခင်က မချိတင်ကဲပြောသည်။

မူလတန်းကျောင်းတက်နေသည့် မိန်းကလေးများ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းမှာ မိသားစုများ ဆင်းရဲနွမ်းပါးမှု၊ ယုံလွယ်မှုတို့ကြောင့် ဖြစ်ကြောင်း ထိုကလေးတို့၏ မိဘအုပ်ထိန်းသူများက ပြောကြသည်။

ချို့တဲ့၊ ပညာမဲ့ခြင်း

ဆယ်နှစ်သမီး၏ အိမ်သည် စာသင်ကျောင်းနှင့် တစ်မိုင်ဝန်းကျင် ကွာဝေးသည်။ စက်ဘီးဝယ်စီးနိုင်လျှင်ပင် ထိုလမ်းမှာ ကုန်းတက်ကုန်းဆင်းများသဖြင့် သွားလာရ ခက်ခဲလှသည်။ မိသားစုတစ်နေ့ဝင်ငွေမှာ ထောင်ဂဏန်းအနည်းငယ်မျှဖြစ်သောကြောင့်  ဆိုင်ကယ်တက္ကစီဖြင့် ကျောင်းပို့ရန် မစဉ်းစားကြချေ။

ဤအခြေအနေတွင် ဘုန်းကြီးက ၎င်းထံသို့ ကလေးပို့ထားရန် ကမ်းလှမ်းခဲ့ရာ မိဘတို့က  ရင်သွေး ၅ ဦးထဲမှ အကြီးဆုံးဖြစ်သော ဆယ်နှစ်သမီးကို ဘုန်းကြီးကျောင်းသို့ ဝမ်းသာအားရ ပို့လိုက်သည်။

ပုသိမ်မြို့မှ ၁၉ မိုင်ခန့် ဝေးကွာသည့် ရေသိုးရွာရှိ  ၎င်းတို့၏ ဆယ်ပေပတ်လည် တဲအိမ်ငယ်သည် အမိုးအကာ စုံလင်ခြင်း မရှိပေ။ ဒေသခံ အများစုကဲ့သို့ ထင်းခုတ်၊ မီးသွေးဖုတ်  အပါအဝင် ကျပန်းအလုပ်မျိုးစုံ လုပ်ကိုင်ကြသည်။  အလုပ်အကိုင် စုံလင်သော်လည်း ဝင်ငွေနည်းလှသောကြောင့် ပင်လယ်ငါးဟင်း ချက်သည့်နေ့သည် မိသားစုအတွက် အပျော်ရွှင်ဆုံးနေ့များထဲတွင် ပါဝင်သည်။  

နောက်ထပ်ကလေးတစ်ဦးမှာ ရေသိုးမှပင် ဖြစ်ပြီး ၁၂ နှစ်အရွယ် ရှိပြီဖြစ်သည်။ မိသားစုဝင် ၄ ဦးသာရှိသော သူတို့အိမ်သည် တခြားအိမ်များထက် ပိုမို အမြင်တင့်တယ်နေသောကြောင့် ဝင်ငွေပိုကောင်းသည့် မိသားစုဟု ထင်စရာရှိသည်။ သို့သော်လည်း သူ၏ မိဘများသည် အခြားသော ဒေသခံများနည်းတူ ရုန်းကန်နေရသူများပင်။

အိမ်နှင့် ဝေးကွာစဉ် ကြမ္မာဆိုးကြုံခဲ့ရသူများထဲမှ  အခြား နှစ်ဦးမှာ ရေသိုးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် နေရာတွင် နေထိုင်ကြသူများ ဖြစ်သည်။ မဒေါ့ကုန်းရွာမှ အဆိုပါ ၁၄ နှစ်နှင့် ဆယ်နှစ်အရွယ် ညီအစ်မ၏ မိသားစုသည်လည်း နေ့စဉ် ဝင်ငွေ ၃,ဝဝဝ မှ ၅,ဝဝဝ  ကြားသာရှိသည့်အတွက် ၎င်းတို့ကျောင်းတက်စရိတ် မလွယ်ကူပေ။

၎င်းတို့၏မိဘများက ဦးနန္ဒသီရိကို ဘုန်းကြီးမဖြစ်ခင်က ရင်းနှီးခဲ့ဖူးခြင်း၊  ကျောင်းစရိတ်တာဝန်ယူမည်ဟု သဘောတူခြင်းတို့ကြောင့် သမီးနှစ်ဦးကို ယုံကြည်စွာ အပ်နှံခဲ့သည်ဟု ဆိုသည်။

ဤသို့ဖြင့် မိန်းကလေးများသည် ပညာရေးအတွက် မိဘအိမ်မှ စိတ္တသုခဘုန်းကြီးကျောင်းသို့ သွားရောက်နေထိုင်ကြသူများ ဖြစ်လာသည်။  

ရွာထိပ် ရေသိုးချောင်းအနီး မြေနှစ်ဧက ပေါ်တွင်တည်ရှိသည့် ထိုကျောင်းအတွင်း ပေ ၂ဝ ပတ်လည်ခန့်ရှိမည့်  သစ်သား ကျောင်းဆောင်တွင် သူတို့ နေထိုင်ကြသည်။ ပျဉ်ခင်းထားသော ထိုကျောင်းဆောင်တွင် သီးသန့်ဖွဲ့ထားသော အခန်းတစ်ခန်းရှိရာ ကျက်သရေခန်းဟု ခေါ်ကြသည်။ ညဘက်ရောက်လျှင် ဘုန်းကြီးက ထိုအခန်းအတွင်း၊ မိန်းကလေးများက အခန်းအနီး၊ ကိုရင်တစ်ပါးနှင့် ယောကျ်ားလေးများက မလှမ်းမကမ်းတွင် အိပ်စက်ကြသည်ဟု ဆိုသည်။

ကျက်သရေခန်း ဆိုသည်မှာ ဘုန်းကြီးကျောင်းတွင် အစားအစာနှင့် အခြား အလှူခံရရှိထားသော ပစ္စည်းတချို့ သိုလှောင်သည့်နေရာဖြစ်သည်။ သို့သော်လည်း မိန်းကလေးများအတွက်မူ ထိုအခန်းသည် မကြာခဏဆိုသလိုပင် ငရဲခန်း ဖြစ်လာခဲ့သည်။  

ငရဲခန်း

၂ဝ၁၇ ဇွန်လ ကျောင်းစတက်ကြပြီးတစ်ပတ်ခန့်အကြာတွင် ဘုန်းကြီးက ၎င်းတို့ကို စတင် လိင်ဆက်ဆံခဲ့သည်ဟု ဆိုသည်။ နေ့ညမရွေး ၎င်းလိင်ဆက်ဆံလိုသည့်အခါတိုင်း “ရဲဘော်တို့..မာဆတ်” ဟုဆိုကာ နှစ်ယောက်သုံးယောက်ခန့်ကို ခေါ်နှိပ်ခိုင်းသည်၊ ထိုတစ်ကြိမ်အတွက် သူ၏ သားကောင် ဖြစ်လာမည့်သူမှာ အခန်းထဲမှ နောက်ဆုံးထွက်ရသူဖြစ်သည်ဟု မိန်းကလေးတို့၏ ပြောဆိုချက်အရ သိရသည်။

နေ့ခင်းဘက် အနိုင်ကျင့်မှုများမှာ ယောက်ျားလေးတို့ ကျောင်းအပြင်ဘက်တွင် ဆော့ကစားလေ့ရှိသည့် အချိန်တွင် ဖြစ်ပေါ်တတ်ပြီး ကျောင်းဆောင်အတွင်း ဝင်လာပါကလည်း နှင်ထုတ်ခံ ရသည်ဟု ဆယ်နှစ်သမီးက ပြောသည်။

“ကျောင်းပေါ်တက်လာရင် မင်းတို့ခြေထောက်က သဲတွေနဲ့၊ ကျောင်းပေါ်မတက်နဲ့၊ သွား … မင်းက ထမင်းသွားချက်၊ ရေသွားခပ်ဆိုပြီး သူလုပ်ချင်တဲ့တစ်ယောက်ကို ခေါ်ထားတယ်” ဟု ဆယ်နှစ်သမီးက ပြောပြပြီး  သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

အဓမ္မပြုကျင့်စဉ် အခြားတစ်ဦးကို ကင်းစောင့်ခိုင်းထားကြောင်း၊ မိဘများကို အသိပေးပါက အရိုက်ခံရမည်ဟု ခြိမ်းခြောက်ကြောင်း၊ အဓမ္မပြုကျင့်စဉ် ကွန်ဒုံး အသုံးပြုခြင်းမရှိကြောင်း ကလေးများက ပြောသည်။

၁၄ နှစ် သမီးသည်လည်း ကျောင်းရောက်ပြီး  တစ်ပတ်ခန့် အကြာတွင် အဓမ္မကျင့်ခံရသည်ဟု ဆိုသည်။

“ဆရာတော့် မျက်နှာမှာချွေးတွေနဲ့။ သမီးက ဘာလုပ်မလို့လဲဘုန်းဘုန်းလို့ မေးတော့ သမီးကို ဘာမှမပြောဘူး။ ပြီးတော့ ဆရာတော်က သင်းပိုင်မချွတ်ဘဲ သမီးကိုလုပ်တယ်”  ဟု ၁၄ နှစ် သမီးက ဒူးနှစ်ဖက်ကို လက်နှင့်သိုင်းကာ ခြေဖဖိုးပေါ်မှထဘီစလေးကို ဆွဲလိမ်ကာ ပြောပြသည်။

ထိုကဲ့သို့ ပြုကျင့်ခံရပြီးတိုင်း မိန်းမကိုယ်မှ သွေးထွက်ကာ အလွန်နာကျင်ရသည်ဟု မျက်ရည်ဝဲနေသော ၁၄ နှစ် သမီးက ဆိုသည်။

“တစ်ခါတလေ လမ်မလျှောက်နိုင်ဘူး။ ခြေထောက်တွေက တန်းနေတယ်” ဟု သူက မျက်လွှာချကာ ပြောပြသည်။ သူ့စကားသံက တစ်ချက်တစ်ချက် သိသိသာသာ တိမ်ဝင်သွားတတ် သည်။

စတုတ္ထတန်း တစ်နှစ်လုံး  အတန်းဖော်များ အပါအဝင် မည်သူ့ကိုမျှ ဖွင့်မပြောခဲ့ဟု ဆိုသည်။ သူက သူ့ထက် ၄ နှစ် ငယ်သော ညီမဖြစ်သူလည်း စော်ကားခံခဲ့ရသည်ဟု ပြောသည်။ 

ကာယကံရှင်ကို ဆက်လက် တွေ့ဆုံ မေးမြန်းရာတွင်မူ မေးခွန်းများကို ပြန်လည် ဖြေဆိုခြင်း မရှိပေ။

အဓမ္မကျင့်ခံခဲ့ရသည့် ကလေးများအနက် အဖွံ့ထွားဆုံး ဖြစ်သော ၁၄ နှစ် သမီးတွင်  ကိုယ်ဝန်ရှိသည့်လက္ခဏာ မတွေ့ရကြောင်း ၎င်း၏ ဖခင်ထံမှ သိရသည်။

“သူ့မြေးအရွယ် ကလေးငယ်လေးတွေပါ။ ဒီအရွယ်ကလေးတွေကိုတော့ သူ ဒီလို မလုပ်သင့်ပါဘူး” ဟု ၎င်းက ဆို့နင့်စွာ ပြောသည်။

၁၄ နှစ် သမီးသည် တခြားသူနှင့်မျက်လုံးချင်းဆုံ စကားမပြောရဲသည်မှာ အတန်ကြာပြီဟု အစ်မဖြစ်သူက ဆိုသည်။

“ကျောင်းပိတ်ရက်ပြန်လာလို့ သူ့ကြည့်ရင် ထိုင်းမှိုင်းနေတာပဲ။ အပျိုစဖြစ်လို့ ဒီလိုဖြစ်တယ်လို့ပဲ ကိုယ်တွေကတော့ ထင်ခဲ့တာပေါ့” ဟု သူက ဆိုသည်။

မကြာသေးခင်က ထိုဒေသသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ကျန်မိန်းကလေး နှစ်ဦးကို ဆက်သွယ် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

ကျောင်းတွင် နေထိုင်ခဲ့သော ယောက်ျားလေးများအနက်မှ တစ်ဦးကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ ကျက်သရေခန်းအတွင်း မတရားကျင့်မှုများ ပေါ်ပေါက်ခဲ့သည် ဟူသော မိန်းကလေးများ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး မသိရှိကြောင်း ၎င်းက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးစောဝင်းက ကျောင်းတွင် ယောကျာ်းလေး၊ မိန်းကလေး စုစုပေါင်း ၁၁ ဦး နေထိုင်ခဲ့ကြောင်း ပြောသည်။ ယခုအခါ ကျောင်းတွင် မည်သူမျှ နေထိုင်ခြင်း မရှိဘဲ ခြံတံခါးကို ရွာလူကြီးတို့က သော့ခတ်ထားသည်။

ဦးနန္ဒသီရိ ဘယ်သူလဲ

ဦးနန္ဒသီရိ ရေသိုးကျေးရွာသို့ ရောက်နေသည်မှာ ဆယ်နှစ်ဝန်းကျင်ခန့် ရှိပြီဟု ဒေသခံတို့က ခန့်မှန်းသည်။

ရွာရောက်ပြီး ၃ နှစ်ကြာသည့်အခါ စိတ္တသုခကျောင်းတွင် ရဟန်းခံသည်။ လွန်ခဲ့သည့် ၅ နှစ်က ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားရာ သူက ထိုကျောင်း၏ တာဝန်ခံ အလိုအလျောက် ဖြစ်သွားကြောင်း၊ သူ့လက်ထက်တွင် ကျောင်းသို့ လှူဒါန်းကြသည့် ဆွမ်းနှင့် ဝတ္ထုပစ္စည်း လျော့နည်းသွားကြောင်း ဒေသခံတချို့က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရွာသားတချို့ကို မေးမြန်းကြည့်ရာ ဦးနန္ဒသီရိ မည်သည့်ဒေသမှ ရောက်လာမှန်း မသိကြဟု ဆိုကြသည်။

Myanmar Now က ဖတ်ရှုရသော ရဲမှတ်တမ်းတစ်ခုတွင် ဦးနန္ဒသီရိ၏ အမည်ကွဲများနှင့် အသက်ကို "ဥူးနန္ဒသီရိ (ခ) ဦးလူလေး (ခ) ဦးခင်မောင်ဦး အသက် (၅၆) နှစ်" ဟု ဖော်ပြထားသည်။

ထိုမှတ်တမ်းမှာ သူ့ကို တွေ့သည့်နေရာတွင် ဖမ်းဆီးရန် ရဲစခန်းအများအပြားသို့ အကြောင်းကြားသော ပေးစာ ဖြစ်သည်။ ထိုစခန်းတို့မှာ ပုသိမ်ဝန်းကျင်ရဲစခန်းများအပြင် စစ်ကိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲစခန်းလည်း ပါဝင်သည်။ စုံစမ်းဆဲ ကာလတွင် ဦးနန္ဒသီရိအကြောင်း ဖြေကြားရန် အဆင်သင့်မဖြစ်သေးဟု ပုသိမ်ဝန်းကျင်မှ တာဝန်ကျ ရဲအရာရှိများက ပြောကြသည်။

ဦးနန္ဒသီရိသည် ကျောင်းမြေတွင်ရှိနေသော ဆက်သွယ်ရေးတာဝါတိုင်ကြောင့် ပုံမှန်ဝင်ငွေ ရနေပြီး နှစ်စဉ် ကထိန်ပွဲတော်ကာလ  ရောက်တိုင်း ငွေဆောင်မြို့ဘက်မှ လှူဒါန်းငွေမှာ ၁ဝ သိန်းကျော်အထိ ရှိတတ်သည်ဟု ထိုကျောင်းတွင် ၂ နှစ်ကြာ သာသနာ့ဘောင် ဝင်ဖူးသည့် ဒေသခံ ဦးလှအေးက ပြောသည်။

တိုင်းရင်းဆေးဆရာလက်မှတ်ကိုင်ဆောင်ထားသည်ဟုဆိုသော ဦးနန္ဒသီရိထံ ရပ်နီးရပ်ဝေးမှ လာရောက်ပြီး ကုသမှုခံယူသူများ ရှိသည်ဟု သူက ဆက်ပြောသည်။

မိန်းကလေးများ ကျောင်းသို့ လာရောက် နေထိုင်ပြီး ရက်များမကြာမီ သူ၏ အခန်းထဲတွင် မိန်းကလေးတချို့ကို တွေ့ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်နေသည်ကို တွေ့ရသဖြင့် ကန့်ကွက်ခဲ့ဖူးကြောင်း ဦးလှအေးက ဆိုသည်။

“ကလေးနှစ်ယောက်ရဲ့ နို့သီးခေါင်းကို တစ်ယောက်တစ်ဖက်စီ သူ့လက်နဲ့ ပွတ်နေတာ၊ ဦးဇင်း ဒီလိုနေလို့ မသင့်တော်ဘူးပြောတော့ ငါ့အကြောင်းနဲ့ငါ၊ မင်းနဲ့မဆိုင်ဘူးလို့ ပြောတယ်” ဟု ဦးလှအေးက ရှင်းပြသည်။

နောက်ပိုင်းတွင် ဦးနန္ဒသီရိက သူ့ကို  ကျောင်းအသစ်ရှာပြီး ပြောင်းရွှေ့နေထိုင်စေခဲ့ရာ သူက တစ်ခါတည်း လူထွက်လိုက်သည်။

“ကျွန်တော်ရှိနေရင် ကျောင်းထဲက အကြောင်းတွေ တစ်နေ့မပေါ် တစ်နေ့ပေါ်မယ်ဆိုတာ သူသိတယ် ” ဟု ဦးလှအေးက မချိတင်ကဲပြောသည်။   

ဦးနန္ဒသီရိထံမှ  နေ့စဉ် ကျောင်းမုန့်ဖိုး ၂ဝဝ စီ ရရှိကြောင်း၊  ရံဖန်ရံခါတွင် မုန့်ဖိုး တစ်ထောင်မှ နှစ်သောင်းအထိ ပေးတတ်ကြောင်း အဓမ္မပြုကျင့်ခံရသည်ဆိုသည့် ကလေးများက ပြောသည်။ ကလေးတို့ မုန့်ဖိုးရသည်ကိုလည်း သိရှိကြောင်း ၎င်းတို့၏ မိဘများ၊ ရွာလူကြီးများက ပြောကြသည်။

တိမ်းရှောင်

စာမေးပွဲများအပြီး နွေကျောင်းပိတ်ရှည်ရောက်သည့်အခါ ကလေးများအားလုံး အိမ်သို့ ပြန်ကြသည်။

ရက်များမကြာမီ ဦးနန္ဒသီရိ ရွာထဲသို့လာပြီး ဆယ်နှစ်သမီး၏မိခင်နှင့် တွေ့ရာ ကလေးများကို သတိရကြောင်း၊ သမီးဖြစ်သူကို ကျောင်းဝေယျာဝစ္စလုပ်ဆောင်ရန် စေလွှတ်စေလိုကြောင်း မှာကြားလိုက်သည်။

မိခင်က ဆယ်နှစ်သမီးကို ကျောင်းသို့သွားခိုင်းရာမှ ကလေးက ကျက်သရေခန်းအတွင်း ကြုံတွေ့ခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်ဟု ဆိုသည်။

"နောက်တစ်ခါ မေကြီး သွားခိုင်းမှာစိုးလို့ ဖွင့်ပြောလိုက်တာ" ဟု ဆယ်နှစ်သမီးက Myanmar Now ကို ပြောသည်။

ထိုသို့ဖွင့်ပြောလိုက်သည့် နံနက်မှာပင် သူ၏ မိခင်က တခြားမိန်းကလေးများ၏အိမ်သို့ သွားရောက် မေးမြန်း တိုင်ပင်ရာ ရွာကလေးရှိမိသားစုတချို့ကြား ပွက်လောရိုက်သွားလေသည်။

တစ်နေကုန်မေးမြန်းဆွေးနွေးပြီးနောက် သန်းခေါင်ယံတွင် မိဘများသည် ထိုဖြစ်ရပ်ကို တိုင်ကြားရန်  ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ သလပ်ခွာရဲစခန်းသို့ သွားရောက်ခဲ့ကြသည်။

ထိုအချိန်တွင် ဦးနန္ဒသီရိလည်း  သူ၏ကျောင်းမှ ထွက်ခွာသွားပြီဖြစ်သည်။ ညတွင်းချင်း သွားရောက်သည့် နေရာမှာ အနီးဆုံး ဘုန်းကြီးကျောင်းတစ်ခုဖြစ်သည့် သလပ်ခွာကျောင်းတိုက် ဖြစ်ကြောင်း သိရသည်။

မကြာသေးမီရက်ပိုင်းအတွင်း Myanmar Now က သလပ်ခွာ ကျောင်းထိုင်ဆရာတော်ဦးကောဝိဒကို တွေ့ဆုံ မေးမြန်းခဲ့သည်။ ဦးနန္ဒသီရိသည် သလပ်ခွာကျောင်းတွင် တစ်ညသာ တည်းခိုနေထိုင်သွားသည်ဟု ဆရာတော်က မိန့်သည်။ နောက်တစ်နေ့နံနက်တွင်မူ ပုသိမ်မြို့သို့ သွားရောက်မည်ဟု ဆိုကာ ထွက်ခွာသွားပြီး ပြန်ရောက်လာခြင်း မရှိတော့ဟု ဆိုသည်။

ကလေးများကို ကျောင်းတွင် လက်ခံထားခြင်းမှာ သူ၏ ပရဟိတလုပ်ငန်းဟု နားလည်ခဲ့ကြောင်း၊ ယခု ဖြစ်ရပ်ကြောင့် သံဃာထုကို တိုက်ခိုက်လှုံ့ဆော်နေသူတို့ ပိုမို ထိုးနှက်ဖွယ် အနေအထား ဖြစ်နိုင်သောကြောင့် တိမ်းရှောင်နေသူနှင့် ပတ်သက်ပြီး သတင်းရလျှင် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မည် ဖြစ်ကြောင်း ဦးကောဝိဒက မှတ်ချက်ပေးသည်။

“အခုကလည်း သာသနာကို အဖက်ဖက်က ထိုးနှက်နေတဲ့အချိန်။ ကလေးငယ်လေးတွေပေါ်မှာတော့ အမှန်တကယ်ကြီး ဖြစ်နေတာဆိုတော့ သတင်းကြားတာနဲ့ ကြားသလိုပေးမှာပါ” ဟု ဦးကောဝိဒက မိန့်သည်။

မုဒိမ်းကျင့်သည်ဟု စွပ်စွဲခံရသူကို  ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု  ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

"အခုက တစ်လပတ်ဝန်းကျင်လောက်ပဲရှိသေးတယ် ဆိုတော့ တခြား ဘုန်းကြီးချင်းရော၊ စည်းရုံးရေးနဲ့ရော ကြိုးတော့ ကြိုးစားကြည့်နေပါတယ်၊ လေးငါးလလောက် ပတ်ဝန်းကျင် ရှိလို့မှ လိုက်စုံစမ်းလို့ မမိရင် ကျွန်တော်တို့က တခြား အထောက်အထားတွေနဲ့ တရားခံပြေးအဖြစ် တရားစွဲတင်တာပေါ့" ဟု ရဲမှူးကြီးက မေ ၂၃ ရက်နေ့တွင် ပြောသည်။

တိုင်ချက်ဖွင့်ပြီးနှစ်ရက်အကြာတွင် ကလေးများကို ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အပြစ်တင်ခြင်း

ယခုအခါ ဘုန်းကြီးကျောင်းသို့ သွားရန် မလိုအပ်တော့သဖြင့် စိတ်ချမ်းသာကြသော်လည်း ဖြစ်ရပ်ဆိုးများ လွန်မြောက်ခဲ့သည်မှာ လအနည်းငယ်သာရှိသေးသောကြောင့် ကလေးများ စိတ်မသက်မသာ ဖြစ်နေဆဲပင်။

ပြောရဲဆိုရဲသော ဆယ်နှစ်သမီး၏ ထုတ်ဖော်ချက် ပေါ်ပေါက်မလာပါက မတရားမှု ဆက်လက် ဖြစ်ပေါ်နေမည်ဟု ဆယ်အိမ်မှူး တစ်ဦးဖြစ်သည့် ဦးကိုလတ်က မှတ်ချက်ချသည်။

ချီးကျူးသူများရှိသလို ကဲ့ရဲ့ပြစ်တင်သူလည်း ရှိသည်ဟု ဆယ်နှစ်သမီးက ပြောသည်။

“မနေ့က သူတို့အိမ်ရှေ့က ဖြတ်သွားတာကို ဘုန်းကြီးမယားက ဘာလို့ အိမ်ရှေ့ဖြတ်သွားတာလဲ လို့လည်း ပြောတယ်” ဟု ဆယ်နှစ်သမီးက ပြောသည်။ ပြောနေစဉ် မျက်ရည်ဝိုင်းလာပြီး အသံတိမ်ဝင်သွားသည်။ ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်ကို ချက်ချင်းသုပ်၊  တံတွေးမျိုချကာ ဆက်ပြောပြသည်။

“သူငယ်ချင်းတွေကတော့ မပြောဘူးပေါ့။ အဖွားကြီးတွေကတော့ သမီးကို ပြောတယ်။ သူ့မြေးတွေနဲ့လည်း မဆော့ခိုင်းဘူး။ သမီးက မေကြီးကို မပြောချင်လို့၊  မေကြီးနဲ့ (သူတို့) ရန်ဖြစ်မှာစိုးလို့ ” ဟု ဆိုကာ ဆက်တိုက် ငိုကြွေးလေသည်။

အသက်မပြည့်သေးသည့် ကလေးငယ်များကို အဓမ္မပြုကျင့်မှုအတွက် ကာယကံရှင်မိဘများက ပြင်းထန်သည့် ပြစ်ဒဏ်ကို ချမှတ်ပေးစေချင်ကြသည်ဟု ၁၄ နှစ်သမီး၏ ဖခင်က ပြောသည်။ ကလေးများ မတရား ကျင့်ခံရသည့် အကြောင်းရင်းများတွင် မိဘတို့ ပညာမတတ်မှု၊ ရိုးအမှုတို့လည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

“ဒါမျိုးတော့ နောက်အဖြစ်မခံဘူး။ ကျွန်တော်ပင်ပန်းရင် ပင်ပန်းပါစေ၊ ကျွန်တော့်သားသမီးတွေ ပညာ မတတ်တတ်အောင် ထားမယ်” ဟု သူက  မာန်တင်းရင်းပြောသည်။

ကလေးများကလည်း စာသင်ကျောင်းတွင် ပျော်ကြသည်။

“သမီးက ကျောင်းဆက်တက်မှာ။ အတန်းထဲမှာလည်း စာမေးပွဲဆို တစ်ခါမှမကျဖူးဘူး။ စာမေးပွဲအောင်ရင် ဆရာမ လုပ်မှာ” ဟု ဆယ်နှစ်သမီးက ဆိုသည်။

တိုင်းဒေသကြီးများတွင် ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှုအဖြစ်များဆုံးမှာ ရန်ကုန်ဖြစ်ပြီး ဧရာဝတီက ဒုတိယ အဖြစ်အများဆုံးဟု သိရသည်။

ထိုကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ရဲစခန်းသို့ရောက်ရှိသည့် မုဒိမ်းမှု အရေအတွက် ၂၄၃ မှု ရှိပြီး ၎င်းတို့အနက် ၁၅၆ မှုတွင် ကျူးလွန်ခံရသူမှာ အသက်မပြည့်သေးသူများ ဖြစ်သည်။

စိတ္တသုခကျောင်းတွင် သွားရောက်နေထိုင်ခဲ့ကြသော ထိုမိန်းကလေးတို့တွင် တူညီသည့် အချက်တစ်ခုမှာ မောင်နှမသားချင်း များပြားခြင်းဖြစ်သည်။ မိဘများက သားသမီးကို ကိုယ်နှင့်မကွာ စောင့်ရှောက်လိုသော်လည်း ထိုသို့ စောင့်ရှောက်ရန် အခြေအနေ မပေးကြောင်း၊  ဆင်းရဲမွဲတေမှုသည် ထိုကလေးများ အဖြစ်ဆိုးကြုံရခြင်း၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် အမျိုးသမီးရေးရာ အသင်းအဖွဲ့တစ်ခုဖြစ်သော Triangle Women Support Group မှ ဒါရိုက်တာ ဒေါ်ခင်လေးက သုံးသပ်သည်။  

ပရဟိတ ဂေဟာ၊ အဖွဲ့အစည်းတချို့သည် ခေါ်ယူထားသည့် ကလေးများကို ဗန်းပြပြီး အလှူခံခြင်း၊ နောက်ကွယ်တွင် ကောင်းမွန်စွာ မပြုစုသည့်အပြင် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခြင်းတို့ဖြင့် နာမည်ပျက်နေသည်ဟု သူက ဆိုသည်။

ရေသိုးရွာ မူလတန်းကျောင်းသူ ၄ ဦး၏ ဖြစ်စဉ်ကို သင်ခန်းစာယူပြီး  သက်ဆိုင်ရာ အာဏာပိုင်တို့သည် အသက်မပြည့်သေးသူများ ခိုလှုံနေသည့် နေရာတိုင်းကို အခါအားလျော်စွာ ဝင်ရောက် စစ်ဆေးသင့်သည်ဟု ဒေါ်ခင်လေးက ယူဆသည်။

"ဒါတွေကိုသာ စစ်ဆေးတဲ့ စနစ်လေးတစ်ခု ရှိလာနိုင်မယ်ဆိုရင် ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ လျော့သွားမယ်လို့ ကျွန်မထင်တယ်" ဟု ဒေါ်ခင်လေးက ပြောလိုက်သည်။     ။

 

 

 

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading