သတင်း

AA အကြောင်း သတင်းဖော်ပြမှုကြောင့် သတင်းထောက် ၄ ဦး မီဒီယာကောင်စီထံ တိုင်ကြားခံရ

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ရက္ခိုင့်တပ်တော် (AA) အကြောင်း သတင်းရေးသားဖော်ပြမှုအချို့နှင့် ပတ်သက်ပြီး သတင်းမီဒီယာကျင့်ဝတ် ချိုးဖောက်သည်ဟုဆိုကာ သတင်းထောက် ၄ ဦးကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ထံ ရဲတပ်ဖွဲ့က တိုင်ကြားထားသည်။

တိုင်ကြားခံရသည့် သတင်းထောက် ၄ ဦးမှာ မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်း၊ ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာ၏ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်၊ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်နှင့် အမေရိကန်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ (RFA) ၏ မြန်မာဌာန ရန်ကုန်ရုံးလက်ထောက်ဌာနမှူး ကိုမိုးမြင့်တို့ ဖြစ်သည်။

အဆိုပါ တိုင်ကြားမှုများနှင့် ပတ်သက်ပြီး ကောင်စီက ယင်းသတင်းထောက် ၄ ဦးနှင့် တွေ့ဆုံဆွေးနွေးလိုသဖြင့် ဇွန် ၂၅ တွင် ရန်ကုန်ရှိ ကောင်စီရုံးသို့ လာရောက်ရန် အကြောင်းကြားထားပြီး တိုင်ကြားထားသူများမှာ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးနှင့် ဒုရဲမှူးအဆင့် ရဲအရာရှိများ ဖြစ်ကြောင်း ကောင်စီ၏ အကြောင်းကြားစာများအရ သိရသည်။

AA ကို မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက မတ် ၂၃ တွင် ကြေညာခဲ့သည်။ 

AA နှင့် ပတ်သက်ပြီး ယင်းသတင်းထောက် ၄ ဦး၏ သတင်းရေးသားထုတ်လွှင့်မှုများသည် သတင်းမီဒီယာဥပဒေ ပုဒ်မ (၉) ပုဒ်မခွဲ (ဇ) ပါ “ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကိုအကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း” ဟု ဆိုထားသည့် “သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်သိက္ခာကို ချိုးဖောက်သည့်အတွက်” ကောင်စီက ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားထားခြင်း ဖြစ်ကြောင်း ကောင်စီ၏ အကြောင်းကြားစာများအရ သိရသည်။

တိုင်ကြားခံရသည့် သတင်းဖော်ပြမှုများမှာ RFA က AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဆက်သွယ်မေးမြန်းထားသည့် “ရခိုင်ပြည်နယ် သီးခြားရပ်တည်ဖို့ ဆက်သွားမယ့် AA (အပိုင်း-၁)” ၊ AA ၏ ပြောခွင့်ရ ခိုင်သုခနှင့် VOM က ဆက်သွယ်မေးမြန်းချက်များကို ခေတ်သစ်မီဒီယာက “ကျွန်တော်တို့ကို အကြမ်းဖက်အဖွဲ့အစည်း၊ တရားမဝင်လို့ ကြေညာနေတာတွေက တစ်ဖက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဖျက်ဆီးပစ်တယ်” ခေါင်းစဉ်ဖြင့် ပြန်လည်ဖော်ပြခြင်းတို့ ဖြစ်ကြောင်း ကောင်စီ၏ အကြောင်းကြားစာများအရ သိရသည်။ 

AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားသည့် အင်တာဗျူးတစ်ခုကို မတ် ၂၇ တွင် VOM သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် မတ် ၃၀တွင် မန္တလေးရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ 

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် မငြိစွန်းသည့်အတွက် ဧပြီ ၉ တွင် ကိုနေမျိုးလင်းကို ပြန်လည်လွှတ်ပေးခဲ့ပြီး မီဒီယာကောင်စီက ညှိနှိုင်းပေးရန် သတင်းရဲတပ်ဖွဲ့က ထပ်မံတိုင်ကြားခဲ့ခြင်းဖြစ်သည်။

အချုပ်မှ လွတ်ပြီးနောက်တစ်နေ့ကတည်းက မီဒီယာကောင်စီသို့ လာရောက်ရန် အကြောင်းကြားစာကို ရရှိခဲ့ပြီး ကိုဗစ်နိုင်တင်း (Covid-19) ကာလ ဖြစ်သည့်အတွက် မသွားရောက်နိုင်ခဲ့ကြောင်း ကိုနေမျိုးလင်းက Myanmar Now ကို ပြောသည်။

“ကျွန်တော့်ကိုလည်း CID (မှုခင်းရဲတပ်ဖွဲ့) က ဖုန်းဆက်နေတာ သုံးခါရှိပြီ။ သူတို့နဲ့ မပတ်သက်ပေမယ့် MPC ကို ဘယ်တော့သွားမှာလဲဆိုပြီး မေးနေပုံထောက်ရင် သူတို့ဒါကို လုံးဝလွှတ်ထားတာ မဟုတ်ဘူးဆိုတာ သိသာတယ်” ဟု ကိုနေမျိုးလင်းက Myanmar Now ကို ပြောသည်။

ထို့အပြင် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်ကိုလည်း မတ် ၂၆ တွင် ဖော်ပြခဲ့သည့် AA သတင်းတစ်ပုဒ်နှင့် ဆက်စပ်ပြီး ညှိနှိုင်းဖြေရှင်းရန် မီဒီယာကောင်စီက ခေါ်ယူထားသည်ဟု ၎င်းက ပြောသည်။

နိရဉ္စရာသတင်းဌာန၏ သတင်းထောက် ၃ ဦးကို မတ် ၃၁ ညနေတွင် ရဲတပ်ဖွဲ့က ၆ နာရီကျော်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ဖူးပြီး အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်အကြောင်းနှင့် သတင်းထုတ်လုပ်မှု အစီအစဉ်တို့ကို သီးခြားစီ မေးမြန်းကာ ပြန်လွှတ်ပေးခဲ့သည်။ 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က အဆိုပါ သတင်းဌာန ၄ ခုထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း အတည်ပြုပြီး ရဲတပ်ဖွဲ့က တိုင်ကြားသည့်ပုဒ်မနှင့် ပတ်သက်၍မူ တိုင်ကြားသူ၏ “ထောက်ပြချက်” သာ ဖြစ်သည်ဟု ဆိုသည်။ 

“ဒါကတော့ တိုင်တဲ့သူဘက်က ထောက်ပြချက်ပေါ့လေ။ ကောင်စီက သူပြောတဲ့အတိုင်း လုပ်ရမယ်လို့တော့ မဟုတ်ပါဘူး” ဟု ဦးမြင့်ကျော်က Myanmar Now ကို ပြောသည်။

ထို့အပြင် သတင်းသမားများ၏ သတင်းရေးသားထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အမှုဖွင့်၊ တရားစွဲဆိုခြင်းတို့ မပြုလုပ်ဘဲ ကောင်စီကို ရှေးဦးစွာ တိုင်ကြားရန် ပြည်ထဲရေးအပါအဝင် အစိုးရဌာနဆိုင်ရာများကို မကြာခဏ တိုက်တွန်းထားမှုကြောင့် ယခုကဲ့သို့ ကောင်စီမှတဆင့် တိုင်ကြားလာခြင်း ဖြစ်မည်ဟုလည်း ဦးမြင့်ကျော်က သုံးသပ်သည်။

Show More

Related Articles

Back to top button