သတင်း

မြင်းခြံ၊ ဒိုက်ဦးထောင်တို့မှ အရာရှိများ၊ ဝန်ထမ်းများကို စစ်ကောင်စီဖမ်းဆီး

မြင်းခြံထောင်၊ ဒိုက်ဦးထောင်တို့မှ အရာရှိနှင့် ဝန်ထမ်းတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရင်းမြစ် ၄ ခုက Myanmar Now ကို ပြောသည်။

မန္တလေးတိုင်း မြင်းခြံထောင်အတွင်း လက်ကိုင်ဖုန်းအများအပြား ရှာဖွေတွေ့ရှိသည်ဟု သိရကြောင်း၊ ထောင်ပိုင် အပါအဝင် ဝန်ထမ်း ၈ ဦးခန့်ကို နိုင်ငံရေးအကျဉ်းသားများ ပြင်ပနှင့် အဆက်အသွယ်ရနိုင်ရန် ကူညီပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် အရေးယူထားကြောင်း ထောင်တွင်းသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

အခြားသတင်းအရင်းမြစ်နှစ်ခုကလည်း ထိုစွပ်စွဲချက်များဖြင့် ထောင်ဝန်ထမ်း ၃ ဦး အကျဉ်းချခံထားရသည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ကြောင်း၊ အရေးယူခံရသည့် အရေအတွက်မှာ ၃ ဦးထက် ပိုနိုင်ကြောင်း ပြောသည်။

အသက် (၄၀) အရွယ် တပ်ကြပ် နေမျိုးသိန်း၊ အသက် (၄၅) ဝန်းကျင်အရွယ် ဒုတပ်ကြပ် ရခိုင်ကြီးနှင့် အသက် (၃၅) အရွယ် တပ်ကြပ် ကိုစိုးသူရိန်တို့သည် ထောင်တွင်း၌ပင် ပြန်လည် အကျဉ်းချခံထားရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထောင်နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ဝန်ထမ်းတွေကို သူတို့ထိုက်တဲ့အပြစ်ပေးတာလို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ကိုရခိုင်ဆိုသူကတော့ စွပ်စွဲခံရတာ။ ဒီလူက လူမှန်။ ဖုန်းသွင်းတဲ့ကိစ္စတွေလည်း သူနဲ့မဆိုင်ဘူး။ သူက နိုင်ကျဉ်းတွေကို စိတ်ရင်းနဲ့ ကူညီတဲ့သူ။ ဖုန်းသွင်းတဲ့ထဲတော့ သူမပါဘူး” ဟု ၎င်းက Myanmar Now ကို ယနေ့ (ဇူလိုင် ၁၂) နံနက်တွင် ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူ ကိုရှင်းသန့်ကလည်း မြင်းခြံထောင်ဝန်ထမ်းများ အရေးယူခံရသည့်အခြေအနေကို ကြားသိရသော်လည်း ၎င်းတို့ကို မည့်သည့်ပုဒ်မများဖြင့် အရေးယူထားကြောင်း မသိရသေးဟု ပြောသည်။

ဖုံးအသုံးပြုမှု စွပ်စွဲချက်

အကျဉ်းသားများ ပြင်ပသို့ ဆက်သွယ်ခြင်းကို တားမြစ်ထားသဖြင့် လက်ကိုင်ဖုန်းကဲ့သို့သော ဆက်သွယ်ရေးပစ္စည်းကို ထောင်ထဲသို့ သွင်းခွင့်မရှိပေ။

မေ ၂၁ ရက်နေ့က မြင်းခြံထောင်တွင် ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို ဖုန်းသုံးစွဲသည်ဟု စွပ်စွဲကာ ထောင်အာဏာပိုင်တို့က ရိုက်နှက်စစ်ဆေးခဲ့ကြသည်။ ထိုအထဲမှ ၁၄ ဦးကို မြင်းခြံမြို့အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်း စစ်ကြောရေးစခန်းသို့ နှစ်သုတ်ခွဲပို့ကာ ဆက်လက်စစ်ကြောခဲ့သည်ဟု သိရသည်။

အဆိုပါ ၁၄ ဦးအနက် ၁၃ ဦးသာ ထောင်သို့ ပြန်ရောက်ခဲ့ပြီး တစ်ဦးမှာ စစ်ကြောရေးစခန်း၌ သေဆုံးသွားသည်။ ထောင်သို့ ပြန်ရောက်လာသူ ၁၃ ဦးကို စစ်ကောင်စီတပ်က မိသားစုထံမှ ပစ္စည်းလက်ခံခွင့် ပိတ်ပင်လိုက်သည်၊ ထို့ပြင် လေနှင့် အလင်းရောင် ဝင်ရောက်မှု မရှိသလောက် နည်းပါးသော အခန်းကျဉ်းများထဲတွင် ပိတ်လှောင်ထားပြီးနောက် အခြားအကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည်။

ထောင်ပြင်ပတွင် ပြည်သူအများအပြား နေ့စဉ် သတ်ဖြတ်ခံနေရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသည့် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသားများ ရိုက်နှက်၊ သတ်ဖြတ်ခံရမှုကိုလည်း သတင်းအမှောင်ချထားသည်။

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင်လည်း ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၈ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ထိုထောင်တွင်ပင် စစ်ဆေးလျက်ရှိကြောင်း ထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇွန်လကုန်ပိုင်းက ဒိုက်ဦးထောင်မှ အရာရှိငယ်တစ်ဦးဖြစ်သည့် ဦးမျိုးထိုက်ဆိုသူမှာ နိုင်ကျဉ်းများ ထောင်ပြင်ပနှင့် ဆက်သွယ်ရန် ကူညီသည်ဟူသော စွပ်စွဲချက်ဖြင့် စတင်ဖမ်းဆီး စစ်ဆေးခံရစဉ် သေဆုံးသွားသည်၊ ထောင်ပိုင် ခေါ် လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် အခြားခြောက်ဦး အလားတူ စွပ်စွဲ ဖမ်းဆီး စစ်ဆေးခံရသည်ဟု RFA သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဒိုက်ဦးထောင်နှင့် နီးစပ်သူတစ်ဦးကလည်း ထောင်ပိုင်နှင့် ဝန်ထမ်းများ စစ်ဆေးခံရသည်ဟု ပြောသည်။

ဇွန် ၂၇ တွင် ဒိုက်ဦးထောင်မှ နိုင်ကျဉ်းတချို့ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်သတ်လိုက်သည်ဟု စစ်ကောင်စီက မိသားစုတချို့ကို ဆက်သွယ် အသိပေးခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကို ဖုံးကွယ်လိုသဖြင့် ဝန်ထမ်းများကို စစ်ဆေး၊ အရေးယူပြခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“(ထောင်အရာရှိ ဦးမျိုးထိုက်) ဆုံးတာတော့ မသိဘူး။ အစစ်ဆေးခံတာတော့ သိတယ်။ ဒါပေမဲ့ ကလေးတွေကိစ္စနဲ့ ပတ်သက်ပြီး သူတို့ဝန်ထမ်းအချင်းချင်း တစ်ဖက်လှည့်နဲ့ လုပ်တာလားလို့တော့ သံသယရှိတယ်။ သူတို့လူအချင်းချင်း ကာဗာပေးပြီးတော့ ဆိုက်ဝါးဖြန့်ပေးတာလားပေါ့။ ဒီကလေးတွေ အသတ်ခံရတဲ့ဂယက်က ရိုက်မှာကိုး” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း မြင်းခြံမြို့တွင် ရှိသည့် မြင်းခြံထောင်။ (ဓာတ်ပုံ – ပေးပို့)

ထောင်မှ ခေါ်ထုတ်ခံရပြီး သေဆုံးသွားသည့် နိုင်ကျဉ်းများ

ဇွန် ၂၇ တွင် ဒိုက်ဦးထောင်မှ နိုင်ကျဉ်း ၃၇ ဦး ပြင်ပသို့ ခေါ်ထုတ်ခံရသည်။ ထိုအထဲမှ အများအပြား မည်သည့်နေရာသို့ ပို့ဆောင်ခံရသည်ကို စုံစမ်း၍ မရသေးပေ။

ထိုသူများအနက် ၄ ဦးကို စစ်တပ်က သတ်ပစ်လိုက်ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ အတည်ပြုချက် ရရှိထားသည်။

ထိုအထဲတွင် ကိုခန့်လင်းနိုင် ခေါ် ကိုခန့်၊ ကိုပြည့်ဖြိုးဟိန်း ခေါ် ကိုပြည့်တို့မှာ ထောင်ပြောင်းရွှေ့ရာတွင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်ဦးစီးအရာရှိ ကျော်ဇေယျက မိသားစုများထံ စာပို့ အကြောင်းကြားထားသည်။

သေဆုံးမှုအကြောင်းပြချက်နှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများအရေး လှုပ်ရှားတက်ကြွသူများက အယုံအကြည်မရှိကြောင်း ပြောဆိုကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို ပြင်ပသို့ ခေါ်ထုတ် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ ကန့်ကွက်ထားသည်။

နိုင်ငံရေးအကျဉ်းသားများကို ပြင်ပသို့ ခေါ်ထုတ်သွားပြီး အကြောင်းမျိုးစုံပြ၍ သတ်ဖြတ်နေမှုနှင့် ပတ်သက်၍ အရေးယူပေးရန် ဩစတြေးလျဖက်ဒရယ်လွှတ်တော်၊ ဗစ်တိုးရီးယားပြည်နယ်၊ ဂိုးစတိန်းမဲဆန္ဒနယ် တစ်သီးပုဂ္ဂလအမတ်မစ္စ ဇိုးဒန်နီရယ်က တောင်းဆိုထားသည်။ လတ်တလော အကျဉ်းထောင်တွင်းအခြေအနေနှင့် ပတ်သက်ပြီး ပိုမိုသိရှိ ဖော်ပြနိုင်ရန် သတင်းဌာနများက စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာနတို့ကို မေးမြန်းရန် ကြိုးပမ်းကြသော်လည်း ဆက်သွယ်၍ မရကြသေးပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button