
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ မြကန်ကျေးရွာကို စစ်တပ်ဝင်ရောက်စဉ် ဒေသခံ ၂ ဦးကို မီးရှို့သတ်ဖြတ်သွားသည်ဟု ဒေသခံ ရွာသားများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။
ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် အထိုင်ချထားသည့် စစ်စခန်းနှစ်ခုမှ စစ်သားများက ဇူလိုင် ၈ ရက်နေ့ နံနက်ပိုင်းက ထိုရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် အချိန်မီ တိမ်းရှောင်နိုင်ခြင်းမရှိခဲ့သည့် ရွာသား ၂ ဦး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
မြကန်ရွာအတွင်း ဝင်လာစဉ် အသက် ၅၄ နှစ်အရွယ် ဦးတင်ထူး၊ ၂၆ နှစ်အရွယ် ကိုသန်းထိုက်တို့ကို မူးတိမ်ချောင်းတံတား စစ်စခန်းနှင့် မြင်ဒေါင်းရွာရှိ ရေသန့်စက်ရုံ စစ်စခန်းမှ စစ်သားများက သတ်ဖြတ်သွားခြင်းဟု မြင်ဒေါင်းကျေးရွာကာကွယ်ရေးတာဝန်ခံနှင့် မြကန်ရွာဒေသခံတို့က ပြောသည်။
“ရွာထဲက အိမ် ၄ လုံးကို မီးရှို့တဲ့အထဲက ဒေါ်မာစိန်ဆိုတဲ့ အမျိုးသမီးကြီးရဲ့ အိမ်ထဲမှာ ဖမ်းခံရသူ ၂ ဦးကို မီးရှို့သတ်ဖြတ်သွားတာ” ဟု ကျေးရွာကာကွယ်ရေးတာဝန်ခံ ကိုလင်းက ဆိုသည်။
စစ်ကောင်စီတပ်သားများသည် ဒေသခံတို့၏ စားနပ်ရိက္ခာပစ္စည်းများနှင့် လူသုံးပစ္စည်းများကို ညနေပိုင်းတွင် ဆိုင်ကယ် ၆ စီးဖြင့် သယ်ဆောင်ကာ ၎င်းတို့၏ စခန်းများသို့ ပြန်လည်ထွက်ခွာသွားကြသည်၊ ယင်းတို့ ထွက်သွားပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးရာ မီးကျွမ်းနေသည့် ရုပ်အလောင်းတစ်လောင်းကို ကာကွယ်ရေးအဖွဲ့ဝင်များ တွေ့ခဲ့ရသည်ဟု ဆိုသည်။
ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများရှိရာ မြကန်ကျေးရွာအတွင်းသို့ စစ်စခန်းနှစ်ခုအတွင်းမှ စစ်သားများက စက်သေနတ်၊ စိန်ပြောင်းများဖြင့် ပစ်ခတ်သည့်အတွက် ထပ်မံ ထွက်ပြေးကြသည်၊ ည ၉ နာရီခန့်တွင်မှ ပြန်လည်ဝင်ရောက်ကာ ရှင်းလင်းရေးလုပ်ဆောင်စဉ် မီးရှို့ခံထားရသည့် နောက်ထပ် ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ခဲ့ရသည်ဟုလည်း ပြောသည်။
ခင်ဦးမြို့နယ်ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် ရှိသည့် အင်းပတ်ကွေ့ဈေးတန်းနေရာ၊ ရွာသစ်ကုန်းကျေးရွာအတွင်း၊ မြင်ဒေါင်းကျေးရွာရှိ ရေသန့်စက်ရုံနှင့် ယင်းအနီးမှာပင် ရှိသည့် မူးတိမ်ချောင်းတံတားတို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (၂၂၉) မှ တပ်သားများက စခန်းထိုင် နေရာယူထားသည်။
ယင်းစစ်စခန်းများသည် မူးမြစ်တစ်ဖက်ကမ်း ရေဦးမြို့ရှိ စစ်အင်အားများက ခင်ဦးနယ်နှင့် ရွှေဘိုနယ်များသို့ စစ်ကြောင်းထိုးချိန်များ၊ ခင်ဦးနယ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင်ရှိသည့် စစ်စခန်းများထံ ထောက်ပံ့ပို့ဆောင်ရေး စစ်ကြောင်းများလာသည့်အခါများတွင် လုံခြုံရေးယူပေးလေ့ရှိသည်။
ယင်းအထိုင်ချ စစ်စခန်းများကို ရေဦးမြို့ရှိ ရိက္ခာနှင့် ခဲယမ်းမီးကျောက်များကို အဓိက ထောက်ပံ့လေ့ရှိသည်။ ၂၀၂၂ ခုနှစ်အတွင်းမှ စတင်ကာ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရမှုများကြောင့် ထောက်ပံ့ရေးယာဉ်တန်းများ လာရောက်နိုင်ခြင်းမရှိတော့ပေ။
ထို့ကြောင့် ရွာသစ်ကုန်းစစ်စခန်းမှ စစ်သားများက ချမ်းသာကုန်းကျေးရွာ၊ မူးတိမ်ချောင်းတံတားနှင့် ရေသန့်စက်ရုံစခန်းများမှ စစ်သားများက မြကန်ကျေးရွာများအတွင်း စီးနင်းဝင်ရောက်ကာ စားနပ်ရိက္ခာများကို ရယူနေကြရခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ယူဆထားသည်။
ဇူလိုင် ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ တမာကျေးရွာမှ နေအိမ် ၅ လုံး၊ ဇူလိုင် ၆ တွင် ကုန်းကြီးရွာမှ နေအိမ် ၂၀ ကျော်၊ ကုန်းကြီးရွာနှင့် လယ်သစ်တောရွာမှ ဒေသခံများ ပိုင်ဆိုင်သည့် ကြက်မွေးမြူရေးခြံ ၁၂ ခြံ၊ ဇူလိုင် ၇ တွင် ဝက်သဲကျေးရွာမှ နေအိမ် ၅ လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးသည်။
ကုန်းကြီးကျေးရွာတွင် မီးရှို့ခံထားရသည့် နေအိမ်တစ်ခုအတွင်းမှ ဦးခေါင်းပြတ်နေသော၊ ရင်ဘတ်တွင် ကျည်သင့်ဒဏ်ရာရှိသော ရုပ်အလောင်းတစ်လောင်းကို တွေ့ခဲ့ရသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ အရာတော်နဲ့ ဝက်လက်မြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ အဆိုပါ မြို့နယ်များသို့ စစ်ကောင်စီတပ်သားများက ရာနှင့်ချီသည့် အင်အားဖြင့် စစ်ကြောင်းထိုးလေ့ရှိပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးတတ်ကြရာ ဒေသခံထောင်ပေါင်းများစွာလည်း တိမ်းရှောင်နေကြရသည်။
နေအိမ်များ ဖျက်ဆီးခံရမှု အချက်အလက်များကို ကောက်ယူနေသည့် Data for Myanmar ၏ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ နေအိမ်ပေါင်း ၇၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်၊ ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်းမှ မီးရှို့ခံရသည့် နေအိမ်ပေါင်း ၅၄,၀၀၀ ဖြင့် အများဆုံးဖြစ်သည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်အရေအတွက် ၁,၈၂၇,၀၀၀ ရှိနေသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်းသည် စစ်ပြေးဒုက္ခသည်အရေအတွက် အများဆုံးဖြစ်နေပြီး ၇၆၃,၁၀၀ ရှိသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)