စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က ရက်သတ္တပတ်တစ်ပတ်ကြာ စီးနင်းစဉ် ဒေသခံတစ်ဦး အသတ်ခံရသလို နေအိမ်အများအပြားနှင့် မွေးမြူရေးကြက်ခြံများ မီးရှို့ခံရကြောင်း သိရသည်။
လက်နက်ကိုင်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၈ ရက်နေ့ကတည်းက ခင်ဦးအနောက်ခြမ်းသို့ ဝင်ရောက်လာသည်၊ အရှေ့ခြမ်းကျေးရွာများကို ဇူလိုင်လဆန်းမှ စတင်၍ စီးနင်းခဲ့သည်ဟု ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ဇူလိုင် ၅ တွင် တမာကျေးရွာမှ နေအိမ် ၅ လုံး၊ ဇူလိုင် ၆ တွင် ကုန်းကြီးရွာမှ နေအိမ် ၂၀ ကျော်၊ ကုန်းကြီးရွာနှင့် လယ်သစ်တောရွာမှ ဒေသခံများ ပိုင်ဆိုင်သည့် ကြက်မွေးမြူရေးခြံ ၁၂ ခြံ၊ ဇူလိုင် ၇ တွင် ဝက်သဲကျေးရွာမှ နေအိမ် ၅ လုံး မီးရှို့ခံရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
(ဓားစာခံ သေဆုံးမှုနှင့် ပတ်သက်ပြီး စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်)
“ကြက်ခြံတွေကတော့ ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပဲ၊ အဲ့ဒါတွေကို ဖျက်ဆီးသွားတာ၊ မွေးထားတဲ့ ကြက်တွေလည်း အကောင်ရေ လေးသောင်းလောက် ဆုံးရှုံးသွားတယ်” ဟု သူက ဆိုသည်။
ကုန်းကြီးကျေးရွာတွင် မီးရှို့ခံထားရသည့် နေအိမ်တစ်ခုအတွင်းမှ ဦးခေါင်းပြတ်နေသော၊ ရင်ဘတ်တွင် ကျည်သင့်ဒဏ်ရာရှိသော ရုပ်အလောင်းတစ်ခုကို တွေ့ခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီတပ် ဖမ်းလာသူ ဒေသခံတစ်ဦး၏ အလောင်းဖြစ်သည်ဟု မြို့နယ်ပကဖအဖွဲ့ တာဝန်ခံက ယူဆသည်။
“ဒီစစ်ကြောင်းတစ်လျှောက်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၁၀ ဦးကျော်လောက် ပါတယ်၊ အခု သေဆုံးသူက အဲဒီလို ဖမ်းဆီးခံထားရသူတွေထဲက ဖြစ်နိုင်တယ်။ ဖမ်းခံရသူတွေ လွတ်လာတာ မရှိသေးတော့ သတ်ဖြတ်ခံရသူက ဘယ်သူဖြစ်မလဲ မသိရသေးဘူး။ ကုန်းကြီးရွာဒေသခံလို့တော့ ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။
အသားစားကြက်ခြံများမှာ မန္တလေး၊ ရွှေဘိုမြို့တို့မှ ကြက်မွေးမြူရေးကုမ္ပဏီများနှင့် အကျိုးတူလုပ်ကိုင်နေသည့် လုပ်ငန်းများ ဖြစ်သည်။
ကုမ္ပဏီများက ငွေကြေးအရင်းအနှီး မတည်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း တာဝန်ယူပြီး တောင်သူများက မြေနေရာ ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့အတွက် တာဝန်ယူခဲ့သည်မှာ ၇ နှစ် ကြာပြီ ဖြစ်သည်။
ကြက်ခြံလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု ပမာဏကို မသိရသေးပါ။
လိုက်လံမီးရှို့သည့် စစ်ကြောင်းသည် အိမ်နီးချင်း ရေဦးမြို့နယ်မှ ထွက်ခွာလာခြင်း ဖြစ်သည်။
လမ်းတွင် ထိုစစ်ကြောင်းသည် မူးမြစ်ကမ်းဘေး ယာတော်ကျေးရွာမှ ကျွန်းတောကြီး၊ ရှင်းမင်းဒွေ၊ သရက်ကုန်း၊ မြင်းဒေါင်း၊ ကုန်းတိုင်းကြီး၊ အလယ်လျို၊ အိုင်ပေါက်ကြီး၊ တမုတ်၊ ကုန်းကြီး စသည့် ကျေးရွာများတွင် ညအိပ် စခန်းချခဲ့သည်ဟု သိရသည်။
၎င်းတို့ သွားလာရာတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ကာကွယ်ရန်အတွက် ရွာစဉ်၊ လက်ပံကုန်း၊ ကုန်းတိုင်း၊ ခင်ဦးမြို့၊ ယာတော်၊ ကျွန်းတောကြီး၊ မရမ်းအင်း စသည့် ကျေးရွာများမှ ဒေသခံ ၁၀ ဦးခန့်ကို ဓားစာခံများအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းထိုးရာတစ်လျှောက် ခေါ်ဆောင်သွားသည်။
ယနေ့ (ဇူလိုင် ၇) နံနက်အစောတွင် ဝက်သဲကျေးရွာမှ နေအိမ် ၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးပြီးနောက် ရွှေဘိုမြို့နယ်အတွင်းရှိ ကိုးပင်ရွာ စစ်စခန်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။
၎င်းတို့ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ၅၀၀၀ ခန့်မှာ အန္တရာယ်ကင်းစေရန် ထွက်ပြေးတိမ်းရှောင်ကြရပြီး၊ ထိပ်တိုက်တိုးသည့် ဒေသခံတချို့သည် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရသည်။
ထိုစစ်ကြောင်းထိုးမှု အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
ခင်ဦးနယ်သည် တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက်တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ စစ်ကြောင်းများက မကြာခဏ ဝင်ရောက်လေ့ရှိသည်။
ယမန်နှစ် နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းထက်မနည်း ခင်ဦးမြို့နယ် အနောက်ခြမ်းမှတစ်ဆင့် ဝင်ရောက်လာသောကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးခဲ့ရကာ နေအိမ်အများအပြား မီးရှို့ခံခဲ့ရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)