
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ (မတ် ၁၅) က စစ်တပ်က မီးဝင်ရှို့သောကြောင့် အိမ်ခြေ ၁၀၀ နီးပါးရှိ ကျေးရွာတစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) အဖွဲ့ဝင်နှင့် ရွာသားအချို့ထံမှ သိရသည်။
ခင်ဦးမြို့အရှေ့ဘက် ၆ မိုင်အကွာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် အနီးအနားရှိ တမုတ်ကျေးရွာကို စစ်သားများက မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရွှေဘို – မြစ်ကြီးနားဗျူဟာလမ်းအတိုင်း မြောက်ဘက်သို့ ဦးတည်လာနေသည့် စစ်ကားတစ်စီးကို ဒေသခံ ပကဖအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်နေစဉ်အတွင်း ခင်ဦးမြို့ပေါ်မှ စစ်ကားလေးစီး စစ်ကူရောက်လာသည်ဟု ပကဖအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“နှစ်ဖက်ထိတွေ့မှုက လမ်းပေါ် ခဏဖြစ်လိုက်တာ။ အဲဒီမှာ သူတို့ဘက်က အရာရှိပိုင်းတစ်ယောက် ရှော့ဂန်း (လက်လုပ်သေနတ်) မှန်တယ်လို့ ပြန်သိရတယ်။ အဲဒါကြောင့်ဖြစ်နိုင်တယ်။ တပ်ကူ ချက်ချင်းခေါ်တယ်။ ခင်ဦးကနေ အင်အားအပြည့်နဲ့ လေးစီးရောက်လာတာ” ဟု ၎င်းက ဆိုသည်။
ဒေသခံ ပကဖအဖွဲ့ဝင်များ ပြန်ဆုတ်ခွာသွားချိန်တွင် စစ်သားများက အနီးရှိ တမုတ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် အချက် ၂၀ ကျော် ပစ်ခတ်သောကြောင့် နေအိမ်များ မီးလောင်ကျွမ်းခဲ့သည်ဟု တမုတ်ဒေသခံ ရွာသားတစ်ဦးက ပြောသည်။
“ပထမဆုံး ဗျူဟာလမ်းပေါ်ကနေ ရွာဘက်ကို လက်နက်ကြီးနဲ့ အချက်၂၀ ကျော် ထုတယ်။ အဲဒါနဲ့ တစ်ရွာလုံး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ်ရာ ပြေးခဲ့ကြရတာပေါ့ဗျာ။ အဲဒီခွေးတွေ အခုမနက်တော့ ပြန်သွားကြပြီ ကြားလို့ ရွာပြန်ကပ်ကြည့်တာ ဘာတစ်ခုမှမကျန်အောင် မီးရှို့သွားကြတာ” ဟု ထိုဒေသခံက ဆက်ပြောသည်။
လက်နက်ကြီးနှင့် ပစ်ခတ်ပြီးနောက် ရွာသားများထွက်ပြေးချိန်တွင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ယူဆသည်။
နေအိမ် ၁၀၀ ခန့်ရှိ ရွာတွင် ၉၃ လုံး ပြာကျသွားပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၂ လုံးသာ ကျန်တော့သည်ဟု ရွာခံများက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များမရှိသောရွာကို စစ်သားများက အကြောင်းမဲ့မီးရှို့ခြင်းဖြစ်သည်ဟု ပကဖအဖွဲ့ဝင်ကလည်း ဆိုသည်။
“လက်နက်ကြီးတွေနဲ့ ပစ်ပြီး မီးတိုက်သွားတာ။ ရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့အိမ်တွေပါ လိုက်ရှို့တာ။ ကူးစက်တဲ့ဟာကို မဟုတ်ဘူး။ မကုန်မချင်း လိုက်ရှို့တဲ့လက္ခဏာပဲ” ဟု သူက ပြောသည်။
စစ်သားများသည် ည ၇ နာရီအထိ မီးရှို့ခဲ့ပြီး တမုတ်ရွာမှ ၁၂ ဘီးကားတစ်စီးပါ သိမ်းယူကာ အခြားပစ္စည်းများလည်း ယူဆောင်သွားကြောင်း၊ နွားသုံးကောင်၊ ဆိတ်ငါးကောင်၊ ဝက်တစ်ကောင်ကို သတ်ဖြတ်ထားခဲ့သလို အိမ်ကားတစ်စီး၊ ဆိုင်ကယ်ခုနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပကဖအဖွဲ့ခေါင်းဆောင်က ဆိုသည်။
“သူတို့က ရွာထဲက ၁၂ ဘီးကားတစ်စီးကို မောင်းယူသွားတာ။ ယူလို့ရတဲ့ပစ္စည်းတွေ ယူသွားတာ။ ဆန်တွေကိုတော့ မီးရှို့ထားခဲ့တာ။ ညပိုင်းကျတော့ ခင်ဦးကို ပြန်သွားကြတာ” ဟု စစ်တပ်ပြန်သွားပြီးနောက် ရွာအတွင်း ဝင်ရောက်ကြည့်ရှုခဲ့သော အထက်ပါ ပကဖခေါင်းဆောင်က ပြောသည်။
နီးစပ်ရာ ရွာများတွင် တိမ်းရှောင်နေသော တမုတ်ကျေးရွာ ဒေသခံ ၃၀၀ ကျော်မှာ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာသဖြင့် ထပ်မံထွက်ပြေးနေရကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များကို ယခုလအစောပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ပြီး မြေပြင်စစ်ကြောင်းအပြင် နည်းမျိုးစုံဖြင့် အပြင်းအထန်ဖိနှိပ်နေသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ရာနေရာအနီးမှ ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့မှုများ၊ အရပ်သားသတ်ဖြတ်မှုများ စစ်ကောင်စီတပ်က ဆက်တိုက်ပြုလုပ်လေ့ရှိသည်။
စစ်ကောင်စီသည် မိုဘိုင်းအင်တာနက်ဖြတ်တောက်ပြီးနောက် ခင်ဦးမြို့နယ်အတွင်း ရွာပေါင်းငါးရွာတွင် အိမ်ခြေ ၁၉၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် ပြည်သူ ၁၈ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ခင်ဦးမြို့နယ်ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)