သတင်း

တိုက်ပွဲမရှိသော ရေဦးမြောက်ပိုင်း လူနေကျေးရွာကို လေတပ်ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မြောက်ပိုင်း၊ ရေမျက်ကျေးရွာကို ယနေ့ (ဇူလိုင် ၁၀) နံနက်တွင် လေတပ်က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။

မြို့နယ်မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ ထိုရွာကို နံနက် ၁၀ နာရီခန့်တွင် တိုက်ခိုက်ရေးလေယာဉ်တစ်စီးက အကြိမ်ကြိမ် ပျံဝဲပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို မိနစ် ၂၀ ကျော်ကြာ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်းတာဝန်ခံ ကိုဇွဲ၊ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဦးမြင့်ထွေးတို့က ပြောသည်။​

“ဗုံးတွေ ကြဲချတယ်၊ စက်သေနတ်တွေနဲ့လည်း ပစ်တယ်၊ ပြည်သူ အထိအခိုက်မရှိသေးဘူး။ (စာသင်ကျောင်း) အဆောက်အအုံတွေတော့ ပျက်စီးတာ ရှိတယ်” ဟု ကိုဇွဲက ဆိုသည်။

ရေမျက်ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကြားတွင် ဗုံး ၁ လုံး၊ ရွာအတွင်း ၁ လုံး၊ ရွာမြောက်ဘက်ကပ်လျက် ၁ လုံး၊ လယ်ကွင်းများထဲတွင် ၅ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သည်၊ ဘုန်းကြီးကျောင်းပင်မကျောင်းဆောင်ရှေ့နှင့် ရွာအတွင်းတွင် ၁ လုံးစီ မပေါက်ကွဲဘဲ ရှိနေသည်ဟု ခရိုင်ပကဖတာဝန်ခံ ဦးမြင့်ထွေးက ပြောသည်။

“ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကြား ကျတဲ့တစ်လုံးရဲ့ ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းဆောင်ရဲ့ နံရံတွေ၊ မှန်တွေနဲ့ မျက်နှာကြက်တွေ ပြိုကျ ပျက်စီးသွားတာ တွေ့ရတယ်။ ဘုန်းကြီးကျောင်းထဲက မကွဲတဲ့တစ်လုံးကိုတော့ ကျွန်တော်တို့အနေနဲ့ ကိုင်တွယ်နိုင်ခြင်းမရှိတဲ့အတွက် ကျွမ်းကျင်တဲ့သူတွေ လာရှင်းပေးဖို့ ချိတ်ဆက်နေတာ ရှိတယ်” ဟု သူက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသော ဘုန်းကြီးကျောင်းဝန်းကျင်ကို ယနေ့ နေ့လယ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ရေဦးမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း တိုက်ခိုက်ခံရသည့် နေရာတွင် တော်လှန်ရေးအဖွဲ့ဝင်များ မရှိကြောင်း ပြောသည်။

“စာသင်ကျောင်းပတ်ပတ်လည်နဲ့ ကျေးရွာကို ပစ်သွားတာ။ စာသင်ကျောင်းကို ပစ်မှတ်ထားတယ်လို့ ယူဆရတာပဲ။ ကာကွယ်ရေးအဖွဲ့တွေ နေတာနဲ့ ရေမျက်ရွာနဲ့လည်း လှမ်းတော့ ဘယ်လိုကြောင့်ပစ်တာလဲ မသိတော့ဘူး၊ အပျက်အစီးတွေကတော့ စိစစ်နေတုန်း ရှိသေးတယ်ဗျ” ဟု ထိုသူက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ရေဦးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ မြေပြင်စစ်ကြောင်းများ မရှိသည့်အတွက် တိုက်ပွဲကင်းမဲ့နေချိန် ဗုံးကျခြင်း ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“စစ်ကြောင်းက တန့်ဆည်ဘက်မှာပဲ ရှိတာ၊ ရေဦးထဲမှာ မရှိဘူး။ အခု လေကြောင်းတိုက်ခိုက်တာက စစ်လော်ဘီချန်နယ်တွေကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရေမျက်ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ရှိတယ်ဆိုပြီး နေ့စဉ်ရက်ဆက် ဝါဒဖြန့်နေတာ ရှိတဲ့အတွက် အခုလို လာပစ်တာလို့ပဲ ယူဆရပါတယ်” ဟု ရေဦးအခြေစိုက် PDF တပ်ရင်း အမှတ် (၁၄) တာဝန်ခံ ကိုဇွဲက ယူဆသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

၂၀၂၁ ဒီဇင်ဘာ ၂၀ တွင်လည်း အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိ ရေမျက်ကျေးရွာ အကြီးအကျယ် တိုက်ခိုက်ခံရဖူးသည်။

ရဟတ်ယာဉ် ၅ စီး ရောက်လာ တိုက်ခိုက်ပြီးနောက် စစ်တပ်က တပ်စွဲကာ မီးရှို့ခဲ့သည့်အတွက် အိမ်ခြေအများအပြား မီးလောင်ခဲ့ကာ အနီးအနားကျေးရွာ ၁၀ ရွာမှ ဒေသခံ ၅,၀၀၀ ခန့် ထွက်ပြေးခဲ့ရသည်။

ထိုစဉ်က စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ရွာအတွင်း အကြမ်းဖက်သမားများ ရှိသဖြင့် ဝင်ရောက်ဖမ်းဆီးပြီး မီးငြှိမ်းသတ်ခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

၂၀၂၁ ဒီဇင်ဘာတိုက်ခိုက်မှု ပေါ်ပေါက်စဉ်ကမူ ရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့များရှိနေသည်ဟု ရွှေဘိုခရိုင်ပကဖ တာဝန်ခံ ဦးမြင့်ထွေးက ပြောသည်။​

“အရင်တစ်ခါကတော့ ဒလန်တွေက သတင်းအမှန် ပေးနိုင်သွားလို့ အထိအခိုက်များသွားခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အပါအဝင် တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေ ရှိနေတဲ့အချိန်ဖြစ်တယ်၊ အခုကတော့ အဲ့ဒီရွာမှာ ဘာတပ်ဖွဲ့မှ မရှိဘူး။ စခန်းလည်း မရှိ၊ စုဝေးမှုလည်း မရှိချိန် ဖြစ်တယ်” ဟု သူက ပြောသည်။

ရေဦးမြို့တွင် အထိုင်ချ တပ်စွဲထားသည့် စစ်တပ်က ပတ်ဝန်းကျင်ကျေးရွာများကို မေလအထိ အမြဲမပြတ် စီးနင်း စစ်ကြောင်းထိုးခဲ့သည်။

မေလအတွင်း လေတပ်ကလည်း မူးမြစ်အနောက်ဘက်ကမ်း ရေဦးမြို့နယ်၊ ထန်းတောကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အထက်တန်းစာသင်ကျောင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုစဉ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဆရာဆရာမများ သင်ကြားပို့ချနေသည့် အဆိုပါကျောင်း၌ ကျောင်းသား ၃၀၀ ခန့် တက်ရောက်နေရာ လေကြောင်းမှ မတိုက်ခိုက်မီ နာရီဝက်ခန့်တွင် ကျောင်းဆင်းသွားသဖြင့် ကလေးများ ထိခိုက်မှုမရှိခဲ့ပေ။

လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသော ရေမျက်ကျေးရွာစာသင်ကျောင်း။ (ဓာတ်ပုံ-ပေးပို့)

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button