ရွေးကောက်ပွဲ

နိုင်ငံရေးကြော်ငြာများဆိုင်ရာနည်းပညာ အသုံးပြုမည်ဟု Facebook ကြေညာ

မြန်မာနိုင်ငံအတွက် နိုင်ငံရေးကြော်ငြာများ ပွင့်လင်းမြင်သာမှုဆိုင်ရာ နည်းပညာကို ဩဂုတ်လတွင် စတင်မိတ်ဆက်သွားမည်ဖြစ်ကြောင်း Facebook ၏ ပြည်သူ့ရေးရာမူဝါဒ အရှေ့တောင်အာရှရေးရာဒါရိုက်တာဖြစ်သူ မစ္စတာရက်ဖေးလ်ဖရန်ကယ် (Rafael Frankel) က ယမန်နေ့တွင် မြန်မာမီဒီယာများနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများအနေဖြင့် Facebook အသုံးပြု၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာ၌ သီးသန့်လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် Electoral သို့မဟုတ် Political Ads ကို အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုလိုသူများသည် မည်သူမည်ဝါဖြစ်ကြောင်းကို Facebook တွင် ဦးစွာအတည်ပြုရမည်ဟု ၎င်းက ပြောသည်။

“ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေဟာ ဘယ်လိုလုပ်မယ်၊ သူတို့ရဲ့သဘောထားစတဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဆိုင်ရာ ကြော်ငြာတွေနဲ့ပတ်သက်ပြီး ဒီအချက်အလက်တွေကို ဘယ်သူက တင်ထားတယ်၊ ကြော်ငြာခ ငွေကြေးဘယ်လောက်သုံးတယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ တွေ့မြင်နိုင်ပါတယ်” ဟု မစ္စတာရက်ဖေးလ်က ပြောသည်။

လက်ရှိတွင် Facebook ပေါ်၌ အခကြေးငွေပေးပြီး ကြော်ငြာမည်ဆိုပါက သာမန်စီးပွားရေးကြော်ငြာများနည်းတူ All Ads ဖြင့်သာဆောင်ရွက်နိုင်ပြီး ရွေးကောက်ပွဲနှင့် အခြားနိုင်ငံရေးဆိုင်ရာများအတွက် Electoral or Political Ads ကို အသုံးပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ Electoral or Political Ads ဖြင့် ကြော်ငြာနိုင်မည်ဆိုပါက သုံးစွဲထားသည့် ငွေကြေးပမာဏ၊ လူဦးရေနှင့် မည်သည့်ဒေသမှ လူများကို ဦးတည်ကြော်ငြာထားသည်ကို Facebook အသုံးပြုသူတိုင်း တွေ့မြင်နိုင်မည်ဖြစ်ပြီး အချိန် ၇ နှစ်ကြာသည်အထိ အဆိုပါနိုင်ငံရေးကြော်ငြာများနှင့် ပတ်သက်သည့် အချက်အလက်များကို ကြော်ငြာပြခန်း (Ads Library) တွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျမသိရသေးသော်လည်း Facebook ပေါ်တွင် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးလှုပ်ရှားမှုများ တွေ့လာရပြီဖြစ်သည်။ သို့သော် နိုင်ငံရေးပါတီများ၏ Facebook စာမျက်နှာဆိုင်ရာ ပွင့်လင်းမြင်သာမှု (Page Transparency) ၌ အဆိုပါ Electoral or Political Ads အသုံးပြုနိုင်ခြင်း မရှိသေးသည့်အတွက် ငွေကြေးသုံးစွဲမှုနှင့်ဆိုင်သည့် အချက်အလက်များ မသိရှိရသေးပေ။

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်အသုံးပြုသူ ၂၂ သန်းကျော်အထိ များလာသည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးမှုများ ပိုမိုများပြားလာနိုင်ရာ နိုင်ငံရေးနှင့်ဆိုင်သည့် ကြော်ငြာများ ပွင့်လင်းမြင်သာမှုသည် အရေးပါကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောသည်။

“မဲဆွယ်အသုံးစရိတ် လုပ်ထုံးလုပ်နည်းထဲမှာ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စပဲ။ နိုင်ငံရေးကြော်ငြာဖြစ်တယ် ဆိုတာပြောပြရင် ပိုပြီးတော့ ကောင်းတာပေါ့။ ရွေးကောက်ပွဲကို ဒီကာလမှာ ပါတီအများစုက ဒစ်ဂျစ်တယ် ပလက်ဖောင်းဘက်ကို ရွှေ့ကြမယ်ဆို‌တော့ ပါတီကြီးပါတီငယ် ငွေ‌ရေးကြေးရေးအရမညီမျှမှုတွေ အများကြီးဖြစ်နိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးရေးလှုပ်ရှားများအတွက် ငွေကြေးသုံးစွဲမှုကို ရွေးကောက်ပွဲ အသုံးစရိတ်တွင် ထည့်သွင်းရမည်ဖြစ်ကြောင်း ဇွန် ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားခဲ့သည်။

“မဲဆွယ်စည်းရုံးမယ်ဆိုရင် ပုံစံ-၂၀ ထဲမှာ အခြားနည်းအသုံးပြုတဲ့ စရိတ်ဆိုပြီးတော့ ပါတာပေါ့။ အခြားနည်းနဲ့ မဲဆွယ်တယ်ဆိုရင် သူက အသုံးစရိတ်ထဲပါရမှာပေါ့” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button